backup og meta

သဘာဝနည်းအတိုင်း သားဆက်ခြားမယ်


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သဘာဝနည်းအတိုင်း သားဆက်ခြားမယ်

    ဒီနည်းလမ်းတွေဟာ သင့်ခန္ဓာကိုယ်ရဲ့ သဘာဝ လုပ်ငန်းဆောင်တာတွေအပေါ်မူတည်ပြီး လတစ်လရဲ့ ဘယ်ရက်တွေဟာ ကိုယ်ဝန်ရနိုင်ချေ အများဆုံးလဲဆိုတာကို ဆုံးဖြတ်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ ဒါကို သဘာဝနည်းအတိုင်း သားဆက်ခြားခြင်းလို့လည်း ခေါ်ပါသေးတယ်။

    ရက်ရှောင်နည်း၊ ခန္ဓာကိုယ်ရဲ့ အနည်းဆုံးအပူချိန်၊ သားအိမ်ခေါင်းအကျိအချွဲပေါ်မူတည်တဲ့ နည်း အစရှိတာတွေကို ပေါင်းစပ်အသုံးပြုပြီး သင့်ခန္ဓာကိုယ်ဟာ ဘယ်အချိန်တွေမှာ မျိုးအောင်နိုင်ချေ အများဆုံးလဲဆိုတာကို သိရှိစေပါတယ်။

    ရက်ရှောင်နည်း (ပြက္ခဒိန်တွက်နည်း)

    သင့်ခန္ဓာကိုယ်ရဲ့ သားဥကြွေချိန်နဲ့ မျိုးအောင်နိုင်တဲ့အချိန်တွေကို သိရှိမယ်ဆိုရင် အဆိုပါ အချိန်တွေမှာ လိင်ဆက်ဆံမှုကို ရှောင်ရှားခြင်း ဒါမှမဟုတ် အကာအကွယ်သုံးပြီး လိင်ဆက်ဆံခြင်းတို့ကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

    ပထမဆုံးလုပ်ရမယ့်အချက်က သင့်ရာသီစက်ဝန်းအကြောင်း တိတိပပသိရှိရမှာဖြစ်ပြီး မျိုးအောင်နိုင်မယ့်ရက်တွေ၊ ကိုယ်ဝန်မရနိုင်မယ့် ရက်တွေကို သိထားဖို့ပဲ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ရာသီစက်ဝန်းဟာ ၂၂ရက်ကနေ ၃၅ရက် အတွင်း ကြာမြင့်တတ်ပါတယ်။

    သင့်ရာသီစက်ဝန်းကို ခန့်မှန်းတွက်ချက်နိုင်ဖို့အတွက် ပုံမှန်ဓမ္မတာစက်ဝန်းမှာ ဖြစ်ပေါ်လေ့ရှိတဲ့ အချက်တွေကို ရက်အပိုင်းအခြားနဲ့ ဖော်ပြပေးထားပါတယ်။

    ပထမဆုံးရက် (Day 1)

    ရာသီသွေးစဆင်းတဲ့နေ့ဟာ သင့်ဓမ္မတာစက်ဝန်းရဲ့ ပထမဆုံးနေ့ပဲ ဖြစ်ပါတယ်။

    သတ္တမမြောက်ရက် (Day 7)

    ခုနှစ်ရက်မြောက်နေ့မှာ သင့်မမျိုးဥဟာ အဖိုသုတ်ပိုးနဲ့ ထိတွေ့ပြီး မျိုးအောင်ခြင်းဖြစ်ပေါ်ဖို့ အသင့်ဖြစ်နေပါပြီ။

    ၁၁ရက်မှ ၂၁ရက်အကြား (ရာသီစက်ဝန်းတစ်ခုကို ၂၈ရက်နဲ့ တွက်ထားပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။)

    သင့်ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဟော်မုန်းတွေကြောင့် သားဥအိမ်ထဲက မမျိုးဥလေးထွက်လာမှာဖြစ်ပြီး ဒါကို သားဥကြွေခြင်းလို့ ခေါ်ပါတယ်။ မမျိုးဥလေးဟာ သားဥပြွန်မှာ မျိုးအောင်ခြင်းဖြစ်ပေါ်ဖို့ ၁၂နာရီကနေ ၂၄နာရီအထိ စောင့်ဆိုင်းမှာ ဖြစ်ပါတယ်။

    တကယ်လို့ အဖိုသုက်ပိုးက မမျိုးဥထဲကို ထိုးဖောက်ဝင်ရောက်လိုက်ပြီဆိုရင်တော့ အသစ်ဖြစ်ပေါ်လာတဲ့ မျိုးအောင်ပြီးသား ဥကလေးဟာ သားအိမ်နံရံမှာ ကပ်တွယ်လိုက်ပြီးတော့ စတင်ကြီးထွားလာမှာပဲ ဖြစ်ပါတယ်။ တကယ်လို့ မျိုးအောင်ခြင်း မဖြစ်ပေါ်ဖူးဆိုရင် မမျိုးဥလေးဟာ ပျက်စီးသွားမှာဖြစ်ပါတယ်။

    ၂၈ရက်မြောက်နေ့ (Day 28)

    မမျိုးဥဟာ မျိုးအောင်ခြင်းလုပ်ငန်းစဉ်ဖြစ်ပေါ်ခြင်းမရှိဖူးဆိုရင် (မျိုးမအောင်ဖူးဆိုရင်) ရက်ပိုင်းအတွင်းမှာပဲ ဟော်မုန်းပမာဏကျသွားမှာဖြစ်တဲ့အတွက် သားအိမ်နံရံတွေ၊အကာအရံတွေကို ကြွေကျပျက်စီးစေမှာဖြစ်ပြီး ဒီလိုဖြစ်စဉ်ကို ဓမ္မတာလာခြင်းလို့ ခေါ်ပါတယ်။

    ဒီနေရာမှာ သိထားသင့်တဲ့ အရေးကြီးအချက်တစ်ချက်က ရာသီစက်ဝန်းရဲ့ ပထမပိုင်း (သားဥမကြွေခင်အချိန်)ဟာ အမျိုးသမီးတစ်ယောက်နဲ့ တစ်ယောက်မတူကွဲပြားတယ်ဆိုတာ ဖြစ်ပြီး တစ်ယောက်တည်းမှာတောင် လအလိုက်ပြောင်းလဲနိုင်ပါသေးတယ် ဆိုတာပါပဲ။

    သားဥမကြွေခင် ကြာမြင့်တဲ့ရက်ပေါင်းဟာ ၁၃ရက်ကနေ ရက်၂၀လောက်အထိ ဖြစ်နိုင်ပါတယ်။ ရာသီစက်ဝန်းရဲ့ ဒုတိယတစ်ဝက်ကတော့ အမျိုးသမီးအများစုမှာ အတော်လေးတူညီကြပါတယ်။

    ဘာလို့လဲဆိုတော့ သားဥကြွေတဲ့နေ့ကနေ နောက်တစ်ကြိမ် ရာသီလာချိန်အထိ ကြာမြင့်ချိန်က ၁၂ရက် ကနေ ၁၆ရက်လောက်အထိ ရှိတတ်လို့ပဲ ဖြစ်ပါတယ်။

    ပြက္ခဒိန်ရက်တွက်နည်း : သင့်ရာသီစက်ဝန်းကို ပြက္ခဒိန်မှာ အသေအချာမှတ်သားထားခြင်းအားဖြင့် လတစ်လမှာ ကလေးရနိုင်တဲ့ ရက်တွေကို ယေဘုယျတွက်ချက်နိုင်ပါတယ်။

    ခန္ဓာကိုယ်အပူချိန်တိုင်းတာခြင်းနည်းလမ်း

    ခန္ဓာကိုယ်အပူချိန်တိုင်းတာခြင်းနည်းလမ်းဟာ သားဥကြွေပြီးကာစမှာ အပူချိန်ပြောင်းလဲခြင်းဖြစ်ပေါ်ပြီး နောက်ရာသီစက်ဝန်းစတင်ချိန်အထိ ကိုယ်အပူချိန်ဆက်လက်မြင့်တက်နေတာကို သိရှိနိုင်အောင် ကူညီပေးပါတယ်။

    ပြီးခဲ့တဲ့ ရာသီစက်ဝန်းအနည်းငယ်မှာ ဖြစ်ပေါ်ပြောင်းလဲခဲ့တဲ့ ကိုယ်အပူချိန်တွေကို လေ့လာစောင့်ကြည့်မယ်ဆိုရင် သားဥကြွေတဲ့ အချိန်ကာလကို ခန့်မှန်းနိုင်ပါတယ်။

    ဘာလို့လဲဆိုတော့ သားဥအိမ်ကနေ မမျိုးဥမထုတ်ပေးခင်လေးမှာ သင့်ခန္ဓာကိုယ်အပူချိန်က အနည်းငယ် ကျဆင်းသွားကာ သားဥကြွေပြီး ၂၄နာရီအကြာမှာတော့ ကိုယ်အပူချိန်ပြန်လည်တက်လာပြီး နောက်ထပ်ရက်အနည်းငယ်အထိ အဆိုပါ အပူချိန်အတိုင်း ဆက်ရှိနေမှာပဲ ဖြစ်ပါတယ်။

    သားဥမကြွေခင်မှာ အမျိုးသမီးတစ်ဦးရဲ့ ခန္ဓာကိုယ်အပူချိန်ဟာ ၃၆.၁ – ၃၆.၄ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပြီး သားဥကြွေအပြီးမှာတော့ ၃၆.၄ – ၃၇ ဒီဂရီစင်တီဂရိတ်လောက်အထိ ရှိနေနိုင်ပါတယ်။

    ဒါကြောင့် သင့်ခန္ဓာကိုယ်အပူချိန်ကို မနက်တိုင်းပုံမှန်တိုင်းတာပေးခြင်းအားဖြင့် ရာသီစက်ဝန်းကို စောင့်ကြည့်ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။ မနက်တိုင်း အိပ်ရာမထခင် အချိန်မှန်မှန် တိုင်းတာရပါမယ်။

    ပြီးရင် ဇယားလေးပြုလုပ်ပြီး မှတ်သားထားရမှာဖြစ်ကာ သင့်ရာသီစက်ဝန်းပုံမှန်တယ်ဆိုရင်တော့ နောက်တစ်ကြိမ်သားဥကြွေမယ့်အချိန်ကို အနီးစပ်ဆုံး ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။

    သားအိမ်ခေါင်းအကျိအချွဲကို အသုံးပြုခြင်းနည်းလမ်း

    သားအိမ်ခေါင်းအကျိအချွဲရဲ့ စေးပျစ်မှုအတိုင်းအတာဟာ ရာသီစက်ဝန်းအတွင်းမှာ ပြောင်းလဲလေ့ရှိပါတယ်။ ပုံမှန် ရာသီစက်ဝန်းမှာဆိုရင် ဓမ္မတာငါးရက်လာပြီးနောက်မှာ ၃-၄ရက်လောက် ခြောက်နေလေ့ရှိပါတယ်။

    ဒီနောက်မှာတော့ အကျိအချွဲတွေစိုစွတ်မှုဟာ နေ့စဉ်အနည်းငယ်စီ ပိုများလာမှာဖြစ်ကာ အစိုစွတ်ဆုံးရက်ကို ရောက်ရှိဖို့ ပျမ်းမျှအားဖြင့် ကိုးရက်လောက် ကြာမြင့်မှာပဲ ဖြစ်ပါတယ်။ အဆိုပါ အနေအထားရောက်ပြီဆိုရင် သင့်သားအိမ်ခေါင်းအကျိအချွဲကို အလွယ်တကူ သတိထားမိနိုင်မှာပါ။

    သူတို့ဟာ ချွဲကျိကျိနဲ့ ကြည်လင်နေမှာဖြစ်ပြီး လက်နဲ့ကိုင်လိုက်ရင်လည်း အမျှင်တန်းနေမှာဖြစ်ကာ ကြက်ဥအကာရည်နဲ့ ဆင်ဆင်တူပါတယ်။ ဒီလိုမျိုး ကြက်ဥအကာရည်နဲ့တူတဲ့ သားအိမ်ခေါင်းအကျိအချွဲမရှိရင် မျိုးအောင်ဖို့ ခက်ပါတယ်။

    ဒါပေမယ့် ပြဿနာတစ်စုံတစ်ရာ (ဥပမာ မိန်းမကိုယ်ပိုးဝင်တာ) ပေါ်ပေါက်လာမယ်ဆိုရင်လည်း ခန္ဓာကိုယ်ကနေ သဘာဝတုံ့ပြန်မှုအဖြစ် အကျိအချွဲတွေကို ပိုမိုထုတ်လုပ်ပေးပါတယ်။ ပုံမှန်လူတွေမှာ အကျိအချွဲတွေအများဆုံးထွက်ပြီး တစ်ရက်နှစ်ရက်အတွင်းမှာ သားဥကြွေခြင်းဖြစ်ပေါ်လေ့ရှိပါတယ်။

    ဒီနည်းလမ်းကို အသုံးပြုမယ်ဆိုရင်တော့ မိန်းမကိုယ်တွင်းဆေးတဲ့ အရည်တွေ နဲ့ သုက်ပိုးသတ်တဲ့လိမ်းဆေးခရင်မ်တွေကို မသုံးစွဲရပါဘူး။ ဘာလို့လဲဆိုတော့  ဒီအရည်တွေ၊ခရင်မ်တွေဟာ ကူးစက်ပိုးဝင်နိုင်ချေများစေတဲ့အပြင် အကျိအချွဲတွေကို ဆေးကြောပစ်လိုက်နိုင်သလို သူတို့ရဲ့ ပုံစံကိုလည်း ပြောင်းလဲစေနိုင်လို့ပါပဲ။

    အထက်ဖော်ပြပါနည်းလမ်းတွေက ဘယ်လောက်ထိရောက်မှုရှိသလဲ။

    မှန်မှန်ကန်ကန်အသုံးပြုမယ်ဆိုရင် အထက်ပါနည်းလမ်းတွေရဲ့ ထိရောက်မှုက ၉၀% လောက်အထိ ရှိပြီး သင့်ရာသီစက်ဝန်းကို ဘယ်လောက်အထိ အတိအကျ မျက်ခြေမပြတ်စောင့်ကြည့်သလဲ၊မျိုးအောင်နိုင်တဲ့ ကာလမှာ လိင်မဆက်ဆံဘဲ ဘယ်လောက်အထိ ရှောင်ရှားသလဲ ဒါမှမဟုတ် ဆက်ဆံရင်လည်း အကာအကွယ်(ကွန်ဒုံး)သုံးသလား အစရှိတဲ့ အချက်တွေပေါ်မူတည်မှာပါ။

    သာမန်အသုံးပြုမယ်ဆိုရင်တော့ ကလေးရသွားနိုင်ချေက အကြမ်းဖျင်းအားဖြင့် ၂၅% လောက်ရှိမှာဖြစ်ပါတယ်။ ဒါကြောင့် သင့်ရာသီစက်ဝန်းကို အတိအကျ မျက်ခြေမပြတ်စောင့်ကြည့်ပြီး မှတ်သားထားမယ်၊လိုက်နာဆောင်ရွက်မယ်ဆိုရင်တော့ သားဆက်ခြားတာ ပိုမိုအောင်မြင်မှာပဲ ဖြစ်ပါကြောင်း။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement