backup og meta

လိင်စွဲလမ်းမှုအကြောင်း သိကောင်းစရာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Ye Mhan Linn မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်စွဲလမ်းမှုအကြောင်း သိကောင်းစရာများ

    လိင်စွဲလမ်းမှုပြဿနာ ရှိသူတွေဟာ သူတို့မထိန်းချုပ်နိုင်တဲ့ ကာမဆန္ဒနှိုးဆွမှုတွေကို ခံစားကြရတာ ဖြစ်ပါတယ်။

    လိင်စွဲလမ်းမှုပြဿနာ ရှိသူတွေဟာ လိင်ကိစ္စကို ပြင်းပြင်းထန်ထန် စိတ်ဝင်စားသူတွေသာဖြစ်တယ်ဆိုတဲ့ အပေါ်ယံယူဆချက်ဟာ တကယ်တော့ တိကျမှုမရှိပါဘူး။ ဒီပြဿနာရဲ့ အဖြစ်အများဆုံး လက္ခဏာတွေကတော့

    • မိမိကိုယ်ကိုယ် မထိန်းချုပ်နိုင်ခြင်း
    • မလိုလားအပ်သည့် လိင်ဆိုင်ရာအပြုအမူများကို မပြုလုပ်မိအောင် ကြိုတင်ကာကွယ်သော်လည်း မအောင်မြင်ခြင်း
    • အနုတ်သဘောဆောင်သည့် နောက်ဆက်တွဲဆိုးကျိုးများ ခံစားရခြင်း၊ စိုးရိမ်ပူပင်ခြင်း၊ စိတ်ကျခြင်း၊ ဥပဒေရေးရာ ပြဿနာများနှင့် ရင်ဆိုင်ရခြင်း

    လိင်စွဲလမ်းမှုနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ အကြောင်းအရာအချက်အလက် များစွာရှိပါတယ်။ စိတ်ကြွစိတ်ကျရောဂါရှိသူအများစုဟာ စိတ်ကြွနေတဲ့အခြေအနေမှာ အန္တရာယ်ရှိတဲ့ လိင်ဆက်ဆံမှုတွေ ပြုလုပ်မိတတ်ပါတယ်။ Borderline Personality Disorder အမည်ရှိ ပင်ကိုယ်ဗီဇဆိုင်ရာ စိတ်ရောဂါရှိသူတွေဟာ ယေဘုယျအားဖြင့် မိမိကိုယ်ကိုယ်ထိခိုက်အောင် ပြုမူတတ်ကြပြီး အန္တရာယ်ရှိတဲ့ လိင်ဆက်ဆံမှုတွေကိုလည်း ပြုလုပ်တတ်ကြပါတယ်။ မိမိတို့ရဲ့ ကျား၊မ လိင်စိတ်နဲ့ပတ်သက်ပြီး ရှုပ်ထွေးမှုရှိနေသူတွေမှာ ထိန်းချုပ်ဖို့ ခက်ခဲတဲ့ လိင်ဆိုင်ရာအပြုအမူတွေ တွေ့ရတတ်ပါတယ်။

    ကလေးငယ်များအပေါ် လိင်စိတ်သာယာခြင်း၊ မိမိလိင်အင်္ဂါကို သူတစ်ပါးမြင်အောင် ထုတ်ပြလိုခြင်း၊ အရာဝတ္ထု၊ ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုခုအပေါ် လိင်စိတ်သာယာခြင်း စတဲ့ လိင်ဆိုင်ရာ စိတ်ဝေဒနာအမျိုးမျိုး ခံစားနေရသူတွေကို လိင်စွဲလမ်းမှုကုထုံး တစ်မျိုးထဲနဲ့ ကုသလို့ မလုံလောက်ပါဘူး။ သူတို့ရဲ့ အပြုအမူကြောင့် သူတစ်ပါးကို ထိခိုက်နိုင်ချေများတဲ့အတွက် လိင်စွဲလမ်းမှုကုထုံးအပြင် အခြားကုသမှုတွေကိုပါ ခံယူဖို့ လိုအပ်မှာဖြစ်ပါတယ်။ အချို့သော လိင်စွဲလမ်းမှုဝေဒနာရှင်တွေဟာ လူမှုဆက်ဆံရေးဆိုင်ရာ ပင်ကိုယ်ဗီဇပြဿနာတွေ ပူးတွဲရှိနေတတ်ပါတယ်။

    ကလေးဘဝမှာ လိင်အလွဲသုံးစားပြုမှုရဲ့သားကောင် ဖြစ်ခဲ့ရသူတွေဟာ အရွယ်ရောက်လာတဲ့အခါ သူတို့ရဲ့အတိတ်ဒဏ်ရာကို ဖုံးကွယ်ဖို့ မသိစိတ်ရဲ့စေ့ဆော်မှုအရ အလွဲသုံးစားပြုတဲ့ အပြုအမူတွေကို ထပ်တလဲလဲ ပြုလုပ်မိတတ်ပါတယ်။ သူတို့ဟာ ဒဏ်ရာရဲ့နောက်ဆက်တွဲ စိတ်ဖိစီးမှုဝေဒနာကို ခံစားနေရသူတွေလည်း ဖြစ်ပါတယ်။

    အသိဉာဏ်ဖွံ့ဖြိုးမှုနှေးကွေးတဲ့ ဆယ်ကျော်သက်နဲ့ လူငယ်တွေမှာလည်း လိင်ဆန္ဒအာသီသပြင်းထန်တဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။ ဒါဟာ ဖိုမသဘာဝနဲ့ ပတ်သက်ပြီး လုံလောက်တဲ့ သိမြင်နားလည်မှုမရှိခြင်းရဲ့ အကျိုးရလဒ်ဖြစ်ပါတယ်။ အသိဉာဏ်ဖွံ့ဖြိုးမှုနှေးကွေးသူတွေမှာ သူတို့ရဲ့ခံစားချက်တွေကို ချင့်ချိန်ဖော်ပြနိုင်စွမ်း၊ စိတ်ဆန္ဒအာသီသတွေကို ထိန်းချုပ်နိုင်စွမ်း မရှိတဲ့အပြင် အခြားသူတွေနဲ့ လေးနက်တဲ့ ပေါင်းသင်းဆက်ဆံရေး တည်ဆောက်နိုင်ခြင်း မရှိပါဘူး။ သူတို့ဟာ ဘဝရဲ့စိန်ခေါ်မှုတွေနဲ့ အသားကျဖို့ ခက်ခဲပြီး တစ်ခဏတာ ပျော်ရွှင်မှုတွေမှာ သာယာလေ့ရှိတဲ့အတွက် လိင်ဆိုင်ရာအပြုအမူတွေကို မထိန်းချုပ်နိုင်ကြတာ ဖြစ်ပါတယ်။

    Asperger’s Syndrome လို့ လူသိများတဲ့ ဖွံ့ဖြိုးမှု၊ အပြုအမူနဲ့ လူမှုဆက်ဆံရေးဆိုင်ရာ ပြဿနာရှိသူတွေဟာလည်း မထိန်းချုပ်နိုင်တဲ့ လိင်ဆိုင်ရာအပြုအမူများ ပြုလုပ်နိုင်ချေ အလွန်များပါတယ်။

    လိင်စွဲလမ်းမှုပြဿနာဟာ အရက်နဲ့ဆေးဝါး အလွဲသုံးစားပြုသူတွေမှာ နည်းလမ်းနှစ်မျိုးနဲ့ ဖြစ်ပေါ်တတ်ပါတယ်။ စိတ်ကြွဆေး အသုံးပြုနေချိန်မှာ ဖြစ်ပေါ်တတ်သလို ဆေးရပ်လိုက်ချိန်မှာ အစားထိုးစွဲလမ်းမှုအဖြစ် ဖြစ်ပေါ်တတ်ပါတယ်။

    သူတစ်ပါးအပေါ်မှီခိုတတ်တဲ့ ပင်ကိုယ်ဗီဇဆိုင်ရာ စိတ်ဝေဒနာရှိသူတွေဟာလည်း ချစ်ခြင်းမေတ္တာရရှိဖို့ ကြိုးစားအားထုတ်ရာကနေ တစ်ဖက်လူအပေါ် လုံးလုံးလျားလျား မှီခိုရင်း လိင်စွဲလမ်းမှုပြဿနာနဲ့ ရင်ဆိုင်ရတတ်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Ye Mhan Linn မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement