ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းနှင့် ပိုးကူးစက်ခြင်းများ

    ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းနှင့် ပိုးကူးစက်ခြင်းများ

    လတ်တလော လေ့လာတွေ့ရှိချက်များ အရလိင်ပိုင်းဆိုင်ရာ တက်ကြွမှု ရှိတဲ့ လူအများဟာ သူတို့ရဲ့ လိင်မှု ဆိုင်ရာ ဘဝမှာ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကို အကြိမ်ပေါင်းများစွာ ပြုလုပ်တယ်လို့ ဆိုကြပါတယ်။ ဒီလိုလိင်ဆက်ဆံခြင်း အမျိုးအစားဟာဆိုရင် စုံတွဲတွေရဲ့ ကြားကရင်းနှီးဆက်သွယ်မှုကို ပိုပြီး ကောင်းမွန်လာစေနိုင်ပါတယ်။ သို့သော် အကာအကွယ်မဲ့ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဟာဆိုရင် ရောဂါပိုးကူးစက်ခြင်း အမျိုးအစား အချို့ကို ရရှိနိုင်တယ်ဆိုတာကို သိရပါမယ်။ ယခုဖော်ပြပါ စာစောင်မှာဆိုရင် ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းအားဖြင့် ဖြစ်လာနိုင်တဲ့ ရောဂါပိုးကူးစက်ခြင်း အန္တရာယ်တွေအကြောင်းကို ပြောပြမှာ ဖြစ်ပါတယ်။

    ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းနှင့် ၎င်း၏ အမျိုးအစားများ

    ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဆိုတာ ပါးစပ်၊ နှုတ်ခမ်းနှင့် လျှာ စတာတွေကို သုံးပြီး လိင်ဆက်ဆံဘက်ရဲ့ မျိုးပွားအဂါၤနဲ့ ၎င်းအဂါၤတစ်ဝိုက်ကို လှုံ့ဆော်ပေးခြင်း ဖြစ်ပါတယ်။ ၎င်းနည်းအားဖြင့် လိင်ဆက်ဆံခြင်းကို လိင်တူ ဆက်ဆံခြင်းတွင်သာမက လိင်ကွဲဆက်ဆံခြင်း၌ပါ တွေ့ရလေ့ရှိပါတယ်။ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းနှင့် ပတ်သက်ပြီး အဓိကအမျိုးအစား အချို့ရှိပါတယ်။ ၎င်းတို့ကတော့

    Cunnilingus – အမျိုးသမီးရဲ့ မိန်းမကိုယ် အဂါၤစပ် အထူးသဖြင့် မိန်းမကိုယ်ရှိအစေ့ငယ် စတာတွေပါဝင်တဲ့ အမျိုးသမီးရဲ့ လိင်အဂါၤတွေကို သူမရဲ့ လိင်ဆက်ဆံဖော်က ပါးစပ်ဖြင့် လှုံ့ဆော်ပေးခြင်း အမျိုးအစားဖြစ်ပါတယ်။

    • Fellatio – ပါးစပ်ဖြင့် အမျိုးသား၏ လိင်တံကို အထူးသဖြင့် စုပ်ခြင်း၊ လျှာဖြင့် ယက် ခြင်း စတဲ့နည်းလမ်းကို ခေါ်ပါတယ်။
    • Nippling – လိင်ဆက်ဆံဖော်ရဲ့ နို့သီးခေါင်းတွေကို လျှာဖြင့် လှုံဆော်ပေးခြင်းဖြစ်ပါတယ်။
    • Anilingus – လျှာနှင့် နှုတ်ခမ်းကို အသုံးပြုပြီး လိင်ဆက်ဆံဖော်ရဲ့ စအိုကို လှုံဆော်ပေးခြင်းဖြစ်ပါတယ်။

    ဆီးပူညောင်းကျ ရောဂါ

    ဆီးပူညောင်းကျ ရောဂါဟာ Neisseria gonorrhoeae လို့ခေါ်တဲ့ ဘက်တီးရီးယား ပိုးကြောင့် ဖြစ်ပါတယ်။ ဒီပိုးဟာ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းမှ တစ်ဆင့် ကူးစက်လာပါတယ်။ လည်ချောင်း ၊ လိင်အဂါၤ၊ ဆီးလမ်းကြောင်းနှင့် စအို စတဲ့ နေရာတွေဟာ ဘက်တီးရီးယားပိုး ကူးစက်ခံရဖို့ အများဆုံးဖြစ်နိုင်တဲ့ နေရာတွေပဲ ဖြစ်ပါတယ်။ ဆီးပူညောင်းကျ ရောဂါ ဖြစ်တဲ့အခါ ခံစားရလေ့ရှိတဲ့ လက္ခဏာအချို့ကတော့ အမျိုးသမီးများတွင် မိန်းမကိုယ်၌ဖြစ်စေ၊ အမျိုးသားများတွင် လိင်တံ၌ဖြစ်စေ များသောအားဖြင့် အစိမ်းရောင် သို့မဟုတ် အဝါရောင် အရည်များ ဆင်းခြင်း၊ ဆီးသွားသည့်အခါ နာကျင်ခြင်း၊ အမျိုးသမီးများတွင် ရာသီစက်ဝန်း နှစ်ခုကြား သွေးဆင်းခြင်း စတာတွေပဲ ဖြစ်ပါတယ်။ ပိုးသတ်ဆေး တစ်ကြိမ်ထိုးပြီး ဆေးသောက်ခြင်း အားဖြင့် လက္ခဏာအများစု ဟာ သက်သာသွားပါလိမ့်မယ်။ တကယ်လို့သာ မကုသပဲ နေမယ်ဆိုရင် ဆီးပူညောင်းကျရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်တဲ့ အရေပြား ရောင်ရမ်းခြင်းနှင့် အဆစ်များနာကျင်ခြင်း စတာ တွေ ခံစားရနိုင်ပါတယ်။

    ကာလသားရောဂါ

    လိင်အဂါၤတွင် ကာလသားရောဂါပိုးဝင်နေသော အနာများ သို့မဟုတ် အရေပြားအကွက်များ စတာတွေရှိတဲ့ သူနဲ့ ပါးစပ်အားဖြင့် လိင်ဆက်ဆံမိမယ်ဆိုရင် ကာလသားရောဂါပိုး ကူးစက်နိုင်ပါတယ်။ ကာလသားရောဂါပိုး ရှိတဲ့ သူတွေဟာ ရောဂါပိုးဝင်နေတဲ့ နေရာမှာ နာကျင်မှု မရှိတဲ့ အနာတွေဖြစ်ခြင်း၊ လက်ဖဝါး ခြေဖဝါး သို့မဟုတ် ခန္ဓါကိုယ်ထည်ပေါ်မှာ အနီရောင် အကွက်ပြင်လိုက်ဖြစ်ခြင်း၊ မိန်းမကိုယ်အဂါၤစပ် သို့မဟုတ် စအိုပတ်လည်မှာ သေးငယ်သော အသားပိုများ ဖြစ်ခြင်း စတာတွေကို ခံစားရလေ့ရှိပါတယ်။ ဒါ့အပြင် ပင်ပန်းခြင်း ၊ ခေါင်းကိုက်ခြင်း၊ ဖျားခြင်းကဲ့သို့သော တုပ်ကွေးရောဂါ လက္ခဏာတွေလည်း ခံစားရလေ့ရှိပါတယ်။ ကာလသားရောဂါကို ကုသရန် သင့်ရဲ့ တင်ပါးကို ပိုးသတ်ဆေး ထိုးပေးနိုင်ပါတယ်။ သို့မဟုတ် ပိုးသတ် ဆေးတွေကိုလည်း သောက်ပေးနိုင်ပါတယ်။ မကုသပဲ နေမယ်ဆိုရင်တော့ အထူးသဖြင့် ဦးနှောက်ကဲ့သို့ ခန္ဓါကိုယ်ရဲ့ အစိတ်အပိုင်းတွေကို ရောဂါပိုးပြန့်သွား နိုင်ပါတယ်။

    chlamydia ရောဂါပိုးကူးစက်ခံရခြင်း

    chlamydia (ကလက်မိုင်ဒီယား)ရောဂါပိုးရှိသော လိင်ဆက်ဆံဖော်နှင့် ပါးစပ်အားဖြင့် လိင်ဆက်ဆံမိတဲ့ အခါ ကူးစက်ခံရခြင်း ဖြစ်ပါတယ်။ Chlamydia ရောဂါပိုး ကူးစက်ခံရနိုင်တဲ့ နေရာတွေကတော့ လည်ချောင်း၊ လိင်အဂါၤများ၊ ဆီးလမ်းကြောင်းနှင့် စအိုတို့ပဲ ဖြစ်ပါတယ်။ များသောအားဖြင့် Chlamydia ရောဂါပိုး ကူးစက်တဲ့ အခါမှာ လက္ခဏာ ပြလေ့မရှိပါဘူး။ သို့သော် ရောဂါပိုး ရှိလာမယ်ဆိုရင်တော့ လည်ချောင်းနာခြင်း၊ မိန်းမကိုယ် သို့မဟုတ် အမျိုးသားလိင်တံမှ အရည်များဆင်းခြင်း၊ ဆီးသွားသောအခါ ပူလောင်မှုကို ခံစားရခြင်း၊ အမျိုးသားတွင် ဝှေးစေ့များ နာကျင်ခြင်း နှင့် ရောင်ရမ်းခြင်း စတာတွေဖြစ်နိုင်ပါတယ်။ Chlamydia ရောဂါပိုးကို ကုသဖို့ရာ ဆေးသောက်ပြီး ကုသနိုင်ပါတယ်။ တကယ်လို့ မကုသပဲ ထားမယ်ဆိုရင်တော့ သင့်ကျန်းမာရေးကို ထိခိုက်လာနိုင်ပြီး သင့်ရဲ့ ဆက်ဆံဖော်ကိုလည်း ကူးစက်သွားစေနိုင်ပါတယ်။

    လိင်အဂါၤတွင် ရေယုန်များ

    ဒီရောဂါပိုး ဖြစ်ပေါ်စေတဲ့ အဓိက ဗိုင်းရပ်ပိုးကတော့ HSV လို့ခေါ်တဲ့ ရေယုန်ရောဂါ ဗိုင်းရပ်ပိုး အမျိုးအစား ၁နှင့် ၂ ပဲ ဖြစ်ပါတယ်။ လိင်အဂါၤ ရေယုန် ဟာဆိုရင် ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းမှတစ်ဆင့် အခြားသူကို ကူးစက်သွားစေနိုင်ပြီး နှုတ်ခမ်း၊ ပါးစပ်၊ လည်ချောင်း၊ လိင်အဂါၤ ၊ စအို၊ တင်ပါး စတဲ့ ရောဂါပိုး ကူးစက်ခံရတဲ့ နေရာအနီးတစ်ဝိုက်မှာ ယားယံပြီး နာကျင်စေတဲ့ အရေကြည်ဖုများ ဖြစ်ပေါ်စေတာပဲ ဖြစ်ပါတယ်။ လိင်အဂါၤ ရေယုန် ဖြစ်တဲ့ သူတွေမှာဆိုရင် ပိုးဝင်တဲ့အခါ အစပိုင်းမှာ ခေါင်းကိုက်ခြင်း သို့မဟုတ် ဖျားခြင်း ကို ခံစားရလေ့ရှိပါတယ်။ လိင်အဂါၤ ရေယုန် ကို ကုသဖို့ရာအတွက် လတ်တလောမှာ မဖြစ်နိုင်ပါဘူး။ သို့သော် ၎င်းရဲ့ ရောဂါလက္ခဏာတွေကို သက်သာစေဖို့အတွက်တော့ ဗိုင်းရပ်သတ်ဆေးတွေကို သောက်ပေးခြင်းအားဖြင့် ရနိုင်ပါတယ်။

    ဒါ့အပြင် ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းက တစ်ဆင့် ကူးစက်မှုနည်းသော အခြားရောဂါပိုးတွေကတော့ HIV ရောဂါပိုး၊ အသည်းရောင်အသားဝါ အေ ပိုး ဘီ ပိုး၊ လိင်အဂါၤ ကြွက်နို့ ပေါက်ခြင်းနှင့် ဆီးခုံမွေးတွင် သန်းတွယ်ခြင်း စတာတွေလည်း ဖြစ်နိုင်ပါတယ်။

    အထက်ဖော်ပြပါ ပါးစပ်နဲ့ လိင်ဆက်ဆံခြင်း အားဖြင့် ရောဂါပိုး ကူးစက်ခြင်းကို ကာကွယ်ရန် တစ်ခုတည်းသော နည်းလမ်းကတော့ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ဖို့ပဲ ဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ လိင်ဆက်ဆံတဲ့ အခါပိုပြီးသာယာချင်တယ်၊ သာယာမှုကို စမ်းသပ်ခံစားချင်တယ်ဆိုရင်တော့ ကွန်ဒုံးနဲ့ dental dam (ပါးစပ်အကာ) လို့ခေါ်တဲ့ အကာအကွယ် ပစ္စည်းတွေကို သုံးပြီးတော့ ပြုလုပ်နိုင်ပါတယ်။ အထက်ဖော်ပြပါ ရောဂါပိုး ကူးစက် ခံရတဲ့ သူတွေဟာဆိုရင် ဆေးကုသလို့ မပြီးမချင်းမှာ လုံးဝ လိင်ဆက်ဆံမှု မရှိသင့်ပါဘူး။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    Infection risks associated with oral sex.

    http://www.netdoctor.co.uk/conditions/sexual-

    health/a12020/infection-risks- associated-with- oral-sex/.

    Accessed April 19, 2017.

    What infections can I catch through oral sex?

    http://www.nhs.uk/chq/Pages/970.aspx?CategoryID=118.

    Accessed April 19, 2017.

    STD Risk and Oral Sex – CDC Fact Sheet.

    https://www.cdc.gov/std/healthcomm/stdfact-
    stdriskandoralsex.htm.

    Accessed April 19, 2017.

     

    စာရေးသူ ဓာတ်ပုံbadge
    Dr. Khin Yin Kyay မှ ရေးသားသည်။ 10/02/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။