backup og meta

အတွေ့ရများတဲ့ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ မေးခွန်းလေးတွေ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အတွေ့ရများတဲ့ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ မေးခွန်းလေးတွေ

    အတွေ့ရများတဲ့ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ မေးခွန်းလေးတွေ

    ဟိုတလောက ကာလသားတွေရဲ့ လွဲလွဲလေးတွေကို ဖော်ပြပေးခဲ့ပါတယ်။ ဒီတခါလည်း အွန်လိုင်းပေါ်မှာ အတွေ့ရများတဲ့ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ စိတ်ဝင်စားဖွယ်(အယူအဆ မှားယွင်းဖွယ်) မေးခွန်းလေးတွေကို စုစည်းတင်ပြပေးလိုက်ပါတယ်။ တချို့မေးခွန်းလေးတွေဟာ ရုတ်တရက် စဉ်းစားရင် သိသလို မသိသလို ဖြစ်နေပြီး ဆေးပညာနဲ့ ရင်းနှီးမှုမရှိတဲ့သူတွေအဖို့ အမှတ်မှားနိုင်စရာတွေ ရှိနေပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးဟာ အတိုင်းအတာတခုအထိ အယူအဆမှားတွေကို ဖယ်ရှားရှင်းလင်းပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။

    ၁။ အမျိုးသားတွေရော သွေးဆုံးတတ်လား။

    ဒီမေးခွန်းလေးက ပြုံးချင်စရာ ကောင်းသလို မေးသင့်တဲ့ ပေါက်ပေါက်ရှာရှာ မေးခွန်းလေးလည်း ဖြစ်ပါတယ်။ အမျိုးသမီးတွေ သွေးဆုံးသလို အမျိုးသားတွေရော သွေးဆုံးတတ်ပါသလား။ အဖြေကတော့ မှန်ပါတယ်၊အမျိုးသားတွေလည်း သွေးဆုံးတတ်ပါတယ်။ သို့သော် … အမျိုးသမီးတွေလို သိသိသာသာ ထင်ထင်ရှားရှားကြီးတော့ မဟုတ်ဘူးပေါ့လေ။ အမျိုးသမီးတွေမှာဆိုရင် အသက် ၁၁-၁၂-၁၃ အပျိုဖော်ဝင်စအရွယ်ကနေ စတင်ပြီး ရာသီသွေးစတင်လာကာ အသက် ၄၀ကျော် ၅၀ အရွယ်မှာတော့ ဓမ္မတာဆက်လာခြင်းလုံးဝမရှိတော့ဘဲ ရပ်သွားပါတယ်။ ဒါကို သွေးဆုံးပြီလို့ ခေါ်ပါတယ်။ အမျိုးသမီးတွေရဲ့ သားဥအိမ်က ဟော်မုန်းထုတ်လုပ်ခြင်းတွေလည်း ရပ်ဆိုင်းသွားပါတော့တယ်။ အမျိုးသားတွေမှာတော့ ဒီလို မဟုတ်ဘဲ ဝှေးစေ့ဟာ တသက်လုံး(သေတဲ့အထိ) ကျားဟော်မုန်းတွေကို ပျော်ပျော်ကြီး ဆက်ထုတ်ပေးနိုင်ပါတယ်။ ဒါကြောင့် သုတ်ရည်ထုတ်မှုဟာလည်း ရပ်တန့်မသွားပါဘူး။ ဒါကြောင့် ‘ဖွဲတဆုပ်နိုင်တဲ့အထိ စွမ်းနိုင်သေးတယ်’လို့ မြန်မာစကားမှာ ဆိုစမှတ်ရှိတာပါ။ ဒါပေမယ့် သင်ဝယ်လိုက်တဲ့ ဖုန်းအသစ်တလုံးဟာ အချိန်ကြာလာတာနဲ့အမျှ ဘက်ထရီမခံတော့တာ၊ဟန်းလာတာမျိုး ဖြစ်တတ်သလို အသက် ၄၅-၅၀ လောက်ရောက်တဲ့အခါ အမျိုးသားတွေရဲ့ ဟော်မုန်းထုတ်လုပ်မှုဟာလည်း လုံးဝရပ်ဆိုင်းမသွားသည့်တိုင် ထုတ်လုပ်နိုင်စွမ်း တဖြည်းဖြည်း ကျဆင်းလာပြီး အသက် ၇၀ ကျော်ရင်တော့ အတော်လေးကို ကျဆင်းသွားပါပြီ။ ဆက်တော့ထုတ်နေဆဲပါ။ ဒါဟာ တနည်းတဖုံအားဖြင့် အမျိုးသား သွေးဆုံးခြင်းပဲဖြစ်ပါတယ်။ အမျိုးသမီးတွေလို သိသိသာသာကြီးတော့ မဟုတ်ဘူးပေါ့။

    ၂။ ကွန်ဒုံးပေါက်မှာစိုးလို့ နှစ်ထပ်ဝတ်ရင် ပိုစိတ်ချရလား။

    ဒါဟာ လွန်ခဲ့တဲ့ ဆယ်နှစ်လောက် ကျွန်တော်တို့ ဆေးကျောင်းသားဘဝကတည်းက မြင်နေကြားနေရတဲ့ ဖန်တရာတေ မေးခွန်းပါ။ ဒါပေမယ့်လည်း (အံ့ဩဖို့ကောင်းစွာ)အခုထိ မတိမ်ကောသေးဘဲ မေးနေကြတုန်း၊အယူလွဲနေကြတုန်းဖြစ်နေတာ ကြောက်စရာ၊အံ့ဩစရာပါ။ လိင်ပညာပေးအားနည်းခြင်းရဲ့ အကျိုးဆက်ပေါ့။ တနေ့တလုံးသောက်ရမယ့်ဆေးကို ရောဂါမြန်မြန်ပျောက်အောင်လို့ တဗူးလုံးတထိုင်တည်း သောက်လိုက်မယ်ဆိုတဲ့ တွေးလုံးမျိုးပေါ့။Expire ဒိတ်မလွန်ဘူး၊ဗူးထဲက ဖောက်တုန်းကလည်း စနစ်တကျဖောက်မယ်၊မှန်မှန်ကန်ကန် အသုံးပြုမယ်ဆိုရင် ယေဘုယျအားဖြင့် ကွန်ဒုံးပေါက်တယ်ဆိုတာ ဖြစ်လေ့ဖြစ်ထ မရှိပါဘူး။ ဒါကို စိုးရိမ်တတ်တဲ့ ကိုကိုတို့က ပိုစိတ်ချရအောင် နှစ်ထပ်စွပ်မယ်ဆိုတော့မှ ပြဿနာတက်မှာပါ။ ဒီလို နှစ်ထပ်စွပ်လိုက်ရင် ကွန်ဒုံးအလွှာနှစ်ခု အချင်းချင်းပွတ်တိုက်နိုင်တာကြောင့် ပေါက်ပြဲဖို့ ရာခိုင်နှုန်းအများကြီး ပိုလာပါလိမ့်မယ်။ ဒါကြောင့် အတွေ့ကြုံနု/ရင့် ကိုကိုကာလသားတွေကို ပြောချင်တာကတော့ မိုးကာတထပ်တည်းကိုပဲ စနစ်တကျဝတ်ရင် လုံလောက်ပါပြီ၊အိုကေပါပြီ။ နှစ်ထပ် ဝတ်စရာ လုံးဝ(လုံးဝ) မလိုပါဘူး။ မဝတ်သင့်ပါဘူး ဆိုတာပါပဲ။

    ၃။ လိင်တံထိပ်အရေပြားဖြတ်သင့်သလား။ အကျိုးအပြစ်တွေကဘာလဲ။

    ပြောရရင် လိင်တံထိပ်အရေပြား ဖြတ်ခြင်းဟာ မဖြစ်မနေ လုပ်ဆောင်သင့်တဲ့ ကိစ္စတခုမဟုတ်သလို လုပ်လိုက်မိရင်လည်း အကျိုးမရှိတဲ့ ကိစ္စမျိုး မဟုတ်ပြန်ပါဘူး။ ပြောရတာတော့ နည်းနည်း ခွကျပါတယ်။ ကိုယ့်ကလေး ငယ်ရွယ်စဉ်မှာ လိင်တံထိပ်အရေပြား ဖြတ်ခြင်း၊မဖြတ်ခြင်းဟာ ကလေးငယ်ရဲ့ လက်ရှိကျန်းမာရေးနဲ့ တိုက်ရိုက်သက်ဆိုင်နေခြင်း မရှိတဲ့အတွက် တတ်ကျွမ်းနားလည်တဲ့ ကလေးဆရာဝန်နဲ့ တိုင်ပင်ကာ ဆေးပညာ၊ဘာသာရေး၊ယဉ်ကျေးမှုဓလေ့ထုံးတမ်း၊လူမျိုးစုရိုးရာ အစရှိတဲ့ အချက်အလက်တွေကိုပါ ထည့်သွင်းစဉ်းစားပြီးမှ ဆုံးဖြတ်ချက်ချသင့်ပါတယ်။ ဒီဆောင်းပါးမှာတော့ အရေပြားဖြတ်သင့်၊မဖြတ်သင့်ဆိုတာထက် ဖြတ်လိုက်ရင် ဘယ်လိုကောင်းကျိုးဆိုးပြစ်တွေ ရှိလာမလဲဆိုတာကိုပဲ တင်ပြမျှဝေပေးသွားပါမယ်။

    ကောင်းကျိုး ။ ။ ဆီးလမ်းကြောင်းပိုးဝင်ရောဂါကူးစက်မှုကို လျော့နည်းစေပါမယ်။ လိင်မှတဆင့် ကူးစက်တဲ့ ရောဂါတွေကို လျှော့ချပေးနိုင်ပါမယ်။ အမျိုးသားတွေမှာ လိင်တံကင်ဆာ၊ဆက်ဆံဖော်အမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါမယ်။ လိင်တံထိပ်အရေပြားရောင်ရမ်းခြင်း၊လိင်တံထိပ်ဖျားရောင်ရမ်းခြင်းတို့ကို ကာကွယ်ပေးပါမယ်။phimosis လို့ခေါ်တဲ့ ထိပ်အရေပြား ဆွဲတင်လို့မရခြင်း အနေအထားနဲ့ paraphimosis လို့ခေါ်တဲ့ ဆွဲတင်ပြီးသား ထိပ်အရေပြားကို အောက်ပြန်ဆွဲချလို့မရခြင်း အခြေအနေတွေကို ကာကွယ်ပေးပါမယ်။ တကိုယ်ရည်သန့်ရှင်းရေးအတွက် အကျိုးများပါမယ်။

    ဆိုးပြစ် ။ ။ အခြားသော ခွဲစိတ်မှုတွေနည်းတူ လိင်တံထိပ်အရေပြားဖြတ်ခြင်းဟာလည်း ဘေးထွက်ဆိုးကျိုးလေးတွေ ရှိလာနိုင်ပါတယ်။ဥပမာ နာကျင်ခြင်း၊ဖြတ်တဲ့နေရာမှာ သွေးထွက်လွန်ခြင်း၊ပိုးဝင်ခြင်း၊လိင်တံထိပ်ရှိအပေါက်၌ ပိုးဝင်ရောင်ရမ်းခြင်း(meatitis)၊လိင်တံထိခိုက်ဒါဏ်ရာရခြင်း စတာတွေပဲ ဖြစ်ပါတယ်။

    ၄။ သားအိမ်ထုတ်လိုက်လို့ ယောက်ျားမချစ်တော့မှာ၊အိမ်ထောင်ရေးဖောက်ပြန်မှာ ကြောက်တယ်။

    အသိအကျွမ်းတွေကပဲဖြစ်ဖြစ်၊ဆေးရုံမှာ သားအိမ်ထုတ်တော့မယ့် အိမ်ထောင်သည်အမျိုးသမီးတွေကပဲဖြစ်ဖြစ် ဒီမေးခွန်းကို စိတ်ပျက်လက်ပျက်နဲ့ မေးတတ်ကြပါတယ်။ ပထမဦးဆုံး ပြောချင်တာကတော့ လိင်မှုကိစ္စဟာ အိမ်ထောင်ရေးတခုမှာ အတိုင်းအတာတခုထိ အရေးပါတယ်ဆိုတာကို မငြင်းလိုပေမယ့် ချစ်ခြင်းမေတ္တာ၊နှစ်ကိုယ်တူဖေးမ ကြင်နာစိတ်နဲ့ တဦးကိုတဦး နားလည်ပေးမှုတွေဟာလည်း သိပ်ကိုအရေးပါတဲ့ အရာတွေပါ။ သေချာတာကတော့ အိမ်ထောင်တခု သာယာပျော်ရွှင်တည်မြဲရေး သော့ချက်ဟာ သားအိမ်ထဲမှာ ရှိတာမဟုတ်ပါဘူး။ ဒီထက်ရှင်းအောင်လည်း မပြောတတ်တော့ပါဘူး။ ဆေးပညာအလိုအရကြည့်မယ်ဆိုရင် သားအိမ်ထုတ်လိုက်ခြင်းကြောင့် အမျိုးသမီးအနေနဲ့ လိင်စိတ်လျော့နည်းသွားမယ်၊လိင်ဆက်ဆံရာမှာ ချောဆီသဖွယ် ပြုမူပေးတဲ့ မိန်းမကိုယ်ကထွက်တဲ့အရည် လျော့နည်းသွားမယ်၊အထိအတွေ့အာရုံခံစားမှု နည်းပါးသွားပါမယ်။ ဒါဟာ အမျိုးသမီးအတွက်ပါ။ အမျိုးသားအတွက်တော့ ဘာမှထူးထူးခြားခြား ထိခိုက်သွားစရာအကြောင်း မရှိပါဘူး။ ဒါကြောင့် သားအိမ်ထုတ်လိုက်လို့ လိင်မှုကိစ္စတွေမှာ အခက်အခဲတွေရှိမယ်၊အိမ်ထောင်ဖက်က စိတ်ဝင်စားမှုလျော့နည်းပြီး ဖောက်ပြန်မယ်ဆိုတာဟာ ဖောက်ပြန်လိုသူကိုကိုတို့ရဲ့ ဆင်ခြေဆင်လက်တခုထက် မပိုပါဘူး။ အမျိုးသမီးတဦးအတွက် သူ့ခန္ဓါကိုယ်၊သူ့ကျန်းမာရေးဟာ ထိပ်ဆုံးဦးစားပေးဖြစ်တာမို့ ကျန်းမာရေးအတွက် သားအိမ်ထုတ်မှ ဖြစ်မယ်လို့ ဆရာဝန်က အကြံပေးရင် ရဲရဲကြီးသာထုတ်ပါ။ တကယ်ဆို အချစ်ပဲလိုပါတယ်။

    ၅။ အပြင်ထုတ်ရင် ကိုယ်ဝန်မရတော့ဘူးဆိုတာ ဟုတ်လား။

    Coitus interruptus လို့ ဆေးပညာစာလုံးနဲ့ ခေါ်တဲ့ ဒီနည်းလမ်းဟာ အတော်များများနဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ မသိသေးသူတွေအတွက် ထပ်ရှင်းပြရရင် ဒီနည်းလမ်းဟာ လိင်ဆက်ဆံနေစဉ်အချိန် အထွတ်အထိပ်မရောက်မီ (သုတ်မထွက်မီ)စက္ကန့်ပိုင်းအချိန်လေးမှာ လိင်တံကို မိန်းမကိုယ်(ယောနိ)ထဲက ဆွဲထုတ်တဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ ဒါဆိုရင် သုတ်ရည်တွေဟာ မိန်းမကိုယ်ထဲကို ရောက်ရှိမသွားတဲ့အတွက် ယေဘုယျအားဖြင့် ကိုယ်ဝန်မရနိုင်တော့ပါဘူး။ ဒါဟာ မမှားပေမယ့် သတိပြုဆင်ခြင်စရာလေးတွေ ရှိနေပါတယ်။

    အထွတ်အထိပ် ရောက်တဲ့ အချိန်မှမဟုတ်ဘဲ တောက်လျှောက် လိင်ဆက်ဆံနေစဉ်အချိန်မှာလည်း လိင်တံထဲကနေ သုတ်ရည်ကြည်လေးတွေ ထွက်ရှိနေတတ်တဲ့အတွက် သူတို့လေးတွေရဲ့ ကောင်းမှုနဲ့ ကိုယ်ဝန်ရသွားတတ်ပါတယ်။ ဒါကြောင့် ဒီနည်းလမ်းဟာ စိတ်ချရမှုရာခိုင်နှုန်း အတော်နည်းပါတယ်။ တချို့ သူကောင်းသားတွေကျပြန်တော့လည်း အပြင်တော့ထုတ်ပါရဲ့၊သုတ်ရည်ပန်းထုတ်တဲ့အခါ ဆက်ဆံဖော်အမျိုးသမီးရဲ့ ယောနိတဝိုက်ကို ပန်းထုတ်တတ်ကြပြန်တဲ့အတွက် အထဲထည့်တာနဲ့ ဘာမှ မထူးပါဘူး။ သုတ်ရည်ပေနေတဲ့ လက်ကို ယောနိနားထိတွေ့ရင်တောင် ကိုယ်ဝန်ရတတ်တယ်လို့ အဆိုရှိပါတယ်။ ဒါဟာ သတိထားရမယ့် အချက်ပါ။

    နောက်တခုက တချို့သော အမျိုးသားတွေဟာ သုတ်မထွက်ခင် အချိန်ကိုက်ဆွဲထုတ်ဖို့ စိတ်မမာနိုင်ကြပါဘူး။ ဒါကြောင့် ချိန်သားမကိုက်ဖြစ်ပြီး ယောနိထဲ သုတ်တချို့ ဝင်သွားတာ၊လုံးဝမထုတ်လိုက်နိုင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

    နောက်ဆုံးနဲ့ အရေးအကြီးဆုံးအချက်က ဒီနည်းလမ်းဟာ ကိုယ်ဝန်မရအောင်ဘဲ အတိုင်းအတာတခုထိ ကာကွယ်ပေးနိုင်တာဖြစ်ပြီး အေအိုင်ဒီအက်စ်အပါအဝင် လိင်မှတဆင့်ကူးစက်တတ်သော ရောဂါတွေကို လုံးဝ(လုံးဝ) ကာကွယ်ပေးနိုင်ခြင်း မရှိပါဘူး။ ဒါကြောင့် မိမိဇနီး၊ခင်ပွန်းနဲ့ကလွဲပြီး တခြားသူတွေနဲ့ လိင်ဆက်ဆံမယ်ဆိုရင် အကာအကွယ်ပစ္စည်း ကွန်ဒုံးသုံးကြဖို့ အထူးကို အရေးကြီးပါတယ်။

    အထက်မှာ ဖော်ပြခဲ့တဲ့ မေးခွန်းလေးတွေကတော့ လူအများ သိချင်ကြမယ့်၊မှားယွင်းယူဆကြလေ့ရှိတဲ့ မေးခွန်းလေးတွေနဲ့ အဖြေတွေပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးကနေ အသိတစုံတရာ ရရှိသွားမယ်လို့လည်း မျှော်လင့်မိပါကြောင်း။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement