backup og meta

အမျိုးသားတို့ရဲ့ ဖေဖေဖြစ်ဖို့ အခွင့်အရေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Arkar Hein မှ ရေးသားသည်။ · 17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားတို့ရဲ့ ဖေဖေဖြစ်ဖို့ အခွင့်အရေး

    အမျိုးသားတွေရဲ့ သန္ဓေအောင်နိုင်စွမ်းကိုမြှင့်တင်ပေးနိုင်တဲ့ သဘာဝနည်းလမ်းများ

    ဘဝမှာ တစ်ချို့သော အရာတွေက အရမ်းများနေရင်လည်း ကျွန်တော်တို့အတွက် မကောင်းသလို အရမ်းနည်းနေရင်လည်း ကျွန်တော်တို့အတွက် မကောင်းပါဘူး။ ဒီအရာထဲက တစ်ခုကတော့ အမျိုးသားတွေရဲ့ သန္ဓေအောင်နိုင်စွမ်းပါ။ မိမိရဲ့ အဖော်ဖြစ်သူနဲ့ ကလေးမလိုချင်တော့လို့ သန္ဓေတားနည်းတွေကို အမြဲတမ်း သုံးနေရတဲ့ အမျိုးသားတွေက ဒီဒုက္ခကိုသိမှာ ဖြစ်သလို မိမိရဲ့ အဖော်ဖြစ်သူနဲ့ ကလေးလိုချင်ပေမဲ့ သန္ဓေမအောင်လို့ လက်မှိုင်ချနေရတဲ့ သူတွေကလည်း ဒီအရာရဲ့ အရေးကြီးပုံကို ကောင်းကောင်းသိကြမှာပါ။ ဒါ့အပြင် ဒီနေ့ခေတ်ကြီးဟာ အရင်ခေတ်ကလို ကလေး ၇ ယောက် ၈ ယောက် ယူကြတော့တဲ့ ခေတ်မဟုတ်တာကြောင့် သန္ဓေအောင်နိုင်စွမ်း ကလည်းများလေ၊ ကောင်းလေ လို့ ယူဆလို့မရတော့ပါဘူး။ ကလေးလိုချင်ပေမဲ့ သန္ဓေမအောင်လို့ ကလေးမရနိုင်သူတွေအတွက်ကျတော့လည်း ဒီအရာကအရမ်းအရေးကြီးပါတယ်။ ဒါဖြင့်ရင် လူလောက မျိုးပွားဖို့အတွက် အရမ်း အဓိကကျတဲ့ အမျိုးသားတွေရဲ့ သန္ဓေအောင်ခြင်း အကြောင်းကို တစ်ချက်လောက် လေ့လာကြည့်ကြရအောင်။

    ပရိုတင်းနဲ့ ဟော်မုန်းများ အနုစိတ် ဖွဲစည်းထားတဲ့ သုတ်ကောင်တွေ ကျန်းမာမှ ကလေးရနိုင်မှ ဖြစ်ပါတယ်။ ဒီလို အမျိုးသားတွေရဲ့ သန္ဓေအောင်နိုင်ခြေကို မြင်မားစေတဲ့ သဘာဝနည်းလမ်းတွေလည်းရှိပါတယ်။

    သန္ဓေအောင်နိုင်ခြေ မြင့်မားဖို့အတွက် ပထမဆုံးလုပ်ဆောင်သင့်တဲ့ အရာတွေကတော့ လိင်အင်္ဂါတွေကို အပူဓါတ်နဲ့ မထိတွေ့ပါစေနဲ့။ ဒါကြောင့် ရေနွေးရေချိုးကန်တွေ၊ ရေနွေးနဲ့ ရေချိုးတာမျိုးတွေ၊ ပေါင်းခံတာမျိုးတွေ သိပ်မလုပ်ဖို့လိုပါတယ်။ ဒါ့အပြင် Laptop ကို ပေါင်ပေါ် တင်သုံးတာမျိုး၊ မိုဘိုင်းလ်ဖုန်းတွေ ဘောင်းဘီရှေ့ အိတ်ကပ်ထဲထည့်ထားတာမျိုးတွေ မလုပ်ပါနဲ့။ တက်စတိုစတီရုန်း ဟော်မုန်းအစားထိုးကုသမှုတွေဟာ သုတ်ကောင်ပမာဏကို လျော့နည်းစေတဲ့ အတွက် ဒါကိုလည်း ရှောင်ကြဉ်ဖို့လိုပါတယ်။ သင်က ဆေးဝါးတစ်မျိုးမျိုးကို ပုံမှန်မှီဝဲနေရတယ်ဆိုရင်လည်း ဆေးဝါးတွေက သုတ်ကောင်တွေကို ထိခိုက်စေနိုင်တဲ့အတွက် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ သုံးစွဲသင့်ပါတယ်။

    နောက်တစ်ချက်က ကိုယ့်ရဲ့ နေထိုင်စားသောက်မှု ပုံစံကို ဂရုစိုက်ပါ။ ယေဘုယျပြောရမယ်ဆိုရင်တော့ သင့်ရဲ့ နှလုံး၊ ဦးနှောက်ကျန်းမာရေးကို ဂရုစိုက်မယ်ဆိုရင် သင့်ရဲ့ ဝှေးစေ့ အတွက်လည်းကောင်းမွန်ပါတယ်။ ဒါကြောင့် သုတ်ကောင်တွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်မယ့် ဘဝနေထိုင်စားသောက်မှု ပုံစံ အကျင့်တွေ ကို ရှောင်ကြဉ်ဖို့လိုပြီး ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ နေထိုင်စားသောက်မှု ပုံစံကိုပြောင်းလဲဖို့လိုပါတယ်။

    ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ ထိုင်ရာကမထ TV အမြဲကြည့်နေတတ်တာ၊ အဝလွန်တာတွေက ကိုယ်ရဲ့ ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာ ကျွန်တော်တို့ တွေ ကောင်းကောင်းသိကြပါတယ်။ ဒါ့အပြင် ဒီအချက်တွေ ဟာ မျိုးအောင်နိုင်စွမ်းကို လျော့ကျစေတဲ့ အရာတွေ ဖြစ်ပါတယ်။ ဝမ်းသာစရာ အချက်တစ်ချက်ကတော့ ဒီလိုအကျင့်ဆိုးတွေကို စောစော ဖြတ်ပစ်လေ မျိုးအောင်နိုင်ခြေက မြန်မြန် ပိုမြင့်မားလေပါပဲ။ ဒါ့ကြောင့် သန္ဓေအောင်နှုန်း မြင့်ချင်တယ်ဆိုရင် ဒီလို အကျင့်ဆိုးတွေကို ဖြတ်ပစ်ပြီး အစားအသောက်ဆင်ခြင်ကာ ကိုယ်လက်လှုပ်ရှားမှု များများ ပြုလုပ်သင့်ပါတယ်။ ကျန်းမာရေးနဲ့ မညီတဲ့ အကျင့်ဆိုးတွေကို ဖြတ်ပစ်ပါ။ ရောဂါတစ်ခု ပေါ်လာတဲ့ အထိ စောင့်မနေပါနဲ့။

    ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အစားအစာတွေနဲ့ အရေးကြီးတဲ့ အာဟာရဓါတ်တွေဟာ သုတ်ကောင် အရည်အတွက်နဲ့ ကျန်းမာရေးကို ကောင်းမွန်စေနိုင်ပါတယ်။ ဆေးပညာ ကျွမ်းကျင်သူတွေကတော့ သုတ်ကောင်ကျန်းမာရေးအတွက် အန်တီအောက်စီဒန့် (anti-oxidant) ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ ဘယ်ရီသီး အမျိုးမျိုး၊ အသီး၊ အရွက်တွေနဲ့ ခန္ဓါကိုယ်အတွက်အဓိကလိုအပ်တဲ့ အာဟာရဓါတ်တွေကို မှီဝဲသင့်တယ် လို့ အကြံပြုထားကြပါတယ်။ အောက်မှာတော့ အမျိုးသားတစ်ယောက်ရဲ့ မျိုးအောင်နိုင်စွမ်းကို မြင့်မားစေတဲ့ အာဟာရဓါတ်တွေကို HelloSayarwon ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးထားပါတယ်။ ဒီလို အာဟာရဓါတ်တွေ မှီဝဲတဲ့အခါမှာလည်း သဘာဝအစားအစာတွေဟာ စတိုးဆိုင်က ဖြည့်စွက်ဆေးတောင့် တွေထက် အာနိသင်ပိုကောင်းပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ဖြည့်စွက်ဆေးတောင့် မှီဝဲဖို့လိုနေပြီဆိုရင် ဘယ်လို ဖြည့်စွက်ဆေးတောင့်တွေက အကောင်းဆုံးလည်းဆိုတာကိုဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ချို့သော ဖြည့်စွက်ဆေးတောင့်တွေက ဆေးဝါးတစ်ချို့နဲ့ ဓါတ်မတည့်ကြလို့ပါ။

    ဒီလိုအာဟာရတွေ အရမ်းများနေရင်လည်း မျိုးအောင်နိုင်စွမ်းအတွက် မကောင်းသလို ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။ ဒါကြောင့် ဖြည့်စွက်ဆေးတောင့် တွေကို အလွန်အကျွံမစားကြပါနဲ့။ လုံလောက်တဲ့ ပမာဏကို စားသုံးတာနဲ့ အလွန်အကျွံစားသုံးတာကို ခွဲခြားသိဖို့လိုပါတယ်။

    ဗီတာမင် C

    ဗီတာမင် C ဟာ ရေထဲမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင်တစ်မျိုးဖြစ်ပြီး သုတ်ကောင်တွေကို ပိုသန်စွမ်းစေကာ ခန္ဓါကိုယ်က ဆဲလ်တွေအားလုံးကို ပျက်ဆီးခြင်းမှ ကာကွယ်ပေးပါတယ်။

    ဗီတာမင် E

    ဗီတာမင် E မရှိရင် ခန္ဓါကိုယ်က မျိုးမပွားနိုင်ပါဘူး။ ၁၉၂၂ ခုနှစ် က လေ့လာချက်တစ်ခုအရ ဗီတာမင် E မပါဝင်တဲ့ အစားအစာတွေကိုသာ စားသုံးရတဲ့ ကြွက်တွေဟာ မြုံသွားကြောင်းတွေ့ရှိခဲ့ကြပါတယ်။ ဒီကြွက်တွေကို ဗီတာမင် E ကြွယ်ဝတဲ့ အစားအစာ wheat germ oil ပြန်လည် ကျွေးလိုက်တဲ့ အခါမှာတော့ ကြွက်တွေ သန္ဓေပြန်လည် အောင်လာကြောင်းတွေ့ရှိခဲ့ရပါတယ်။ ဒီနေ့ ခေတ်မှာလည်း ဗီတာမင် E ဟာ ဆဲလ်တွေရဲ့ ကျန်းမာရေးကို ပိုမိုကောင်းမွန်စေပြီး ဆဲလ်ပျက်ဆီးခြင်းမှ ကာကွယ်ပေးနိုင်ကြောင်းတွေ့ရှိခဲ့ကြပါတယ်။ ကျွန်တော်တို့ရဲ့ ခန္ဓါကိုယ်ဟာ မျိုးပွားအင်္ဂါတွေနဲ့ သုတ်ကောင်၊ မျိုးဥတို့အပါအဝင် ဆဲလ်ပေါင်း တြီလီယံပေါင်းများစွာနဲ့ ဖွဲ့စည်းထားတာ ဖြစ်တာကြောင့် ဗီတာမင် E မပြတ်တောက်သွားဖို့လိုပါတယ်။

    Co Enzyme Q 10

    Co Enzyme Q 10 ကတော့ ဆဲလ်တွေ အားလုံး ကောင်းကောင်းမွန်မွန် အလုပ်လုပ်ဖို့အတွက် လိုအပ်တဲ့ အရာတစ်ခုဖြစ်ပြီး သုတ်ကောင် အရည်အတွက်နဲ့ လှုပ်ရှားနိုင်စွမ်းကို မြှင့်တင်ပေးနိုင်တဲ့ အာဟာရဓါတ်တစ်မျိုးဖြစ်ပါတယ်။

    Zinc

    Zinc ဓါတ်ကတော့ သုတ်ကောင်တွေရဲ့ အရည်အသွေးကို မြင့်တက်စေပြီး သန္ဓေရနိုင်ခြေကိုလည်း မြင့်မားစေနိုင်ပါတယ်။

    Selenium

    Selenium ဟာ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ ဓါတု ပစ္စည်းတစ်မျိုးဖြစ်ပြီး အောင်စီဂျင်နဲ့ ဓါတ်ပြုခြင်းကြောင့် ဖြစ်ပေါ်တဲ့ ပျက်ဆီးမှုတွေကို ကာကွယ်ပေးကာ သန္ဓေအောင်နိုင်ခြေနဲ့ ကျန်းမာရေးကို တိုးတက်စေပါတယ်။ Selenium သတ္တုဓါတ် အစားအစာတွေမှာ ပါဝင်နှုန်းဟာ နေရာဒေသနဲ့ မြေဩဇာ အခြေအနေတွေအပေါ် အများကြီး မူတည်ပါတယ်။ ဥပမာ တရုတ်နိုင်ငံက ဒေသ တစ်ချို့ရဲ့ မြေကြီးမှာ Selenium ပမာဏ နည်းပါးပါတယ်။ Selenium ဟာ ခန္ဓါကိုယ်အတွက် အစွမ်းထက်တဲ့ anti-oxidant ဓါတ်အဖြစ်လည်း လုပ်ဆောင်ပေးပါတယ်။ Selenium ပါဝင်တဲ့ အစားအစာတွေကတော့ အဝါရောင်ရေယက်ပါ တူနာငါး၊ ဟဲလိဗတ် ပင်လယ်ငါး၊ ငါးသေတ္တာငါး၊ အမဲသား၊ ဥအမျိုးမျိုးတို့မှာ ပါဝင်ပါတယ်။

    လက်ဖက်စိမ်း

    လက်ဖက်စိမ်းမှာ သန္ဓေအောင်နိုင်ခြေကို မြင့်မားစေနိုင်တဲ့ catechins လို့ခေါ်တဲ့ antioxidants ဓါတ်တွေ အများအပြားပါဝင်ပါတယ်။ ဒါကြောက့် လက်ဖက်ရည်ကို သောက်သုံးဖို့လိုပါတယ်။ ဒါပေမဲ့ လက်ဖက်ရည် အတိုင်းသောက်လို့ရအောင် ထုတ်ထားတဲ့ဆေးတောင့်တွေက အသည်းကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အတွက် ရှောင်ကြဉ်ဖို့လိုပါတယ်။

    အနီရောင် စပျစ်သီး၊ ဖျော်ရည် ၊ ဝိုင်နီ

    အနီရောင်စပျစ်သီးနဲ့ ဒီစပျစ်သီးထွက် စားသုံးကုန်တွေဟာ Resveratrol လိုခေါ်တဲ့ antioxidant အဖြစ်လုပ်ဆောင်ပေးနိုင်တဲ့ ဓါတု ဓါတ်ပေါင်းတွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒီဓါတ်ပေါင်းတွေဟာ ကင်ဆာနဲ့ နှလုံးရောဂါ ဖြစ်စေနိုင်တဲ့ ခန္ဓါကိုယ်ပျက်ဆီးခြင်းတွေကို ကာကွယ်ပေးနိုင်တဲ့ အပြင် သုတ်ကောင်တွေရဲ့ အရည်အသွေးကိုလည်း တိုးတက်စေနိုင်ပါတယ်။ ဒီဓါတ်ပေါင်းတွေဟာ အနီရောင်စပျစ်သီးရဲ့ အခွံမှာ အဓိကပါဝင်ပြီး မြေပဲနဲ့ တစ်ခြား ဘယ်ရီသီးတွေမှာလည်း ဒီဓါတ်ပေါင်းကို တွေ့ရနိုင်ပါတယ်။

    Lycopene ဓါတ်

    ဆေးပညာရှင်များရဲ့ လေ့လာချက်အရ လိုင်ကိုပင်း (Lycopene) လို့ခေါ်တဲ့ ခရမ်းချဉ်သီးနဲ့ တစ်ခြားသော အနီရောင် သစ်သီးတွေမှာတွေ့ရတဲ့ အနီရောင်ခြယ် ဓါတ်တစ်မျိုးဟာ မြုံနေတဲ့ အမျိုးသားတွေမှာ နည်းပါးနေကြောင်းကို တွေ့ရှိခဲ့ကြပါတယ်။ အဲ့ဒါကြောင့် ဆန့်ကျင်ဘက်အနေနဲ့ သန္ဓေအောင်နိုင်စွမ်းကို မြှင့်တင်လိုတဲ့ အမျိုးသားတွေဟာ လိုင်ကိုပင်း (Lycopene) ဓါတ်ပါဝင်တဲ့ အစားအစာတွေကို စားသုံးပေးသင့်ပါတယ်။

    ဗီတာမင် D

    ဗီတာမင် D ပမာဏ နည်းပါးတဲ့ အမျိုးသားတွေဟာ သုတ်ကောင်အရည်အတွက်နည်းပါးလွန်းတဲ့အပြင် သုတ်ကောင်တွေရဲ့ ရွေ့လျားမှုက နှေးကွေးတဲ့အတွက် သန္ဓေအောင်နိုင်ခြင်းကို လျော့ကျစေပါတယ်။ ဒါ့ကြောင့် သန္ဓေအောင်နှုန်း မြင့်ချင်တဲ့ အမျိုးသားတွေ အနေနဲ့ ဗီတာမင် D ကို စားသုံးပေးဖို့လိုပါတယ်။ ဒါပေမဲ့ ဗီတာမင် D များရင်လည်း ခန္ဓါကိုယ်အတွက် အန္တရာယ်ရှိတာကြောင့် ဆင်ခြင်ပြီး မှီဝဲသင့်ပါတယ်။

    ငါးကြီးဆီ

    ငါးကြီးဆီတွေဟာ သုတ်ကောင်များရဲ့ အာဟာရဓါတ်ကို ဖြည့်တင်းပေးတဲ့ နေရာမှာ အဓိက ပါဝင်နေပါတယ်။ သဘာဝ ငါးကြီးဆီတွေက ပိုကောင်းတာမို့ ဖြည့်စွက်ငါးကြီးဆီတောင့်တွေအစား ဆယ်လ်မွန်လို ငါးမျိုးမှ ရတဲ့ အဆီကိုသာ မှီဝဲပေးသင့်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Arkar Hein မှ ရေးသားသည်။ · 17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement