backup og meta

အမျိုးသားတစ်ယောက် သုက်ပိုးပြည့်ဝနေဖို့ ဘယ်လောက်ကြာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 25/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားတစ်ယောက် သုက်ပိုးပြည့်ဝနေဖို့ ဘယ်လောက်ကြာလဲ

    အမျိုးသားတစ်ယောက်ရဲ့ ဝှေးစေ့ကနေ နေ့စဉ် သုက်ပိုးတွေကို ထုတ်လုပ်ပေးပါတယ်။ သုက်ပိုးတွေဟာ ကျန်းမာပြီး လျင်မြန်စွာသွားလာနိုင်မှ ကိုယ်ဝန်ရနိုင်ခြေနဲ့ မွေးလာတဲ့ ကလေးက ကျန်းမာဖွံ့ဖြိုးမှာပါ။ ဒီအတွက် အမျိုးသားတစ်ယောက်ရဲ့ သုက်ရည်တွေဟာ ကျန်းမာတဲ့ သုက်ပိုးတွေနဲ့ ပြည့်နေဖို့ အရေးကြီးပါတယ်။ ဒီတော့ အမျိုးသားတစ်ယောက် သုက်ပိုးပြည့်ဝနေဖို့ ဘယ်လောက်ကြာလဲ ဆိုတာကို လေ့လာလိုက်ရအောင်နော်။

    အမျိုးသားတစ်ယောက် သုက်ပိုးပြည့်ဝနေဖို့ ဘယ်လောက်ကြာလဲ

    အမျိုးသားတစ်ယောက် သုက်ပိုးပြည့်ဝနေဖို့ ဘယ်လောက်ကြာလဲ ဆိုတာကို အချက်အလက်လေးတွေနဲ့ ပြောပြပေးထားပါတယ်။

    သုက်ပိုးကောင်ရေ ပြည့်ဝခြင်း ဖြစ်စဉ် (Spermatogenesis)

    သုက်ရည်အတွင်းမှာ သုက်ပိုးကောင်တွေ ပြည့်သွားပြီး မျိုးပွားဖို့အတွက် အဆင်သင့်ဖြစ်နေတဲ့ အခြေအနေဖြစ်ပါတယ်။ နေ့စဉ် သုက်ပိုးတွေ ထုတ်လုပ်ပေးပြီး လုံးဝပြည့်သွားဖို့ ၆၄ ရက်ထိ ကြာနိုင်ပါတယ်။ ဒီလို သုက်ပိုးတွေ ပြည့်ဝနေတဲ့အခါ ထိုးသွင်းဆက်ဆံမှုအပြီး မိန်းမကိုယ်ကနေ မျိုးဥအတွင်းသို့ လျင်မြန်စွာ သွားလာနိုင်ပြီး မျိုးအောင်နိုင်ခြေ မြင့်မားစေပါတယ်။

    ကိုယ်ခန္ဓာက နေ့စဉ် သုက်ပိုးအကောင်ရေ ဘယ်လောက်ထုတ်ပေးနိုင်လဲ။

    တစ်စက္ကန့်မှာ သုက်ပိုးအကောင်ရေ ၁၅၀၀ ခန့် ထုတ်ပြီး တစ်နေ့မှာ အကောင် သန်းပေါင်းများစွာ ဝှေးစေ့ကနေ ထုတ်လွှတ်ပေးနိုင်ပါတယ်။ သုက်ပိုးကောင်ရေ ပြည့်ဝခြင်း ဖြစ်စဉ် ၆၄ရက်မြောက်ကို ရောက်တဲ့အခါ ဝှေးစေ့အတွင်းမှာ သုက်ပိုးကောင်ရေ သန်းပေါင်း ၈၀၀၀ ခန့် ရှိနေပါပြီ။ တစ်ကိုယ်ရေ အာသာဖြေတာဖြစ်စေ၊ ထိုးသွင်းဆက်ဆံအပြီးမှာ သုက်ပိုးကောင်ရေ သန်း ၂၀ မှ ၃၀၀ အထိ ထုတ်လွှတ်လိုက်ပါတယ်။ ဒီအတွက် ကိုယ်ခန္ဓာတွင်း အားအင်ပြည့်ဝနေစေဖို့နဲ့ ကျန်းမာပြီး မျိုးအောင်တဲ့ သုက်ပိုးတွေကို ထုတ်လွှတ်ပေးနိုင်ဖို့ သုက်ပိုးတွေ ပြည့်ဝနေဖို့ အရေးကြီးပါတယ်။

    သုက်ပိုးထုတ်လုပ်ခြင်း အဆင့် ၃ ဆင့်

    ၁။ သုက်ပိုးမှ မျိုးရိုးဗီဇတွေကို သယ်ယူပေးနိုင်တဲ့ Haploid Spermatids ကို ခွဲထုတ်ပေးခြင်း

    ၂။ ဝှေးစေ့အတွင်းမှာ သုက်ပိုးတွေကို သိုလှောင်ထားပြီး၊ မျိုးအောင်စွမ်းနဲ့ သုက်ပိုးတွေကို ရင့်ကျက်လာစေဖို့ ကူညီပေးခြင်း – ရင့်ကျက်သွားတဲ့ သုက်ပိုးတွေဟာ မျိုးရိုးဗီဇတွေကို သယ်ယူပေးနိုင်ခြင်းနဲ့ ကိုယ်ဝန်ရဖို့ ပိုမိုလွယ်ကူစေနိုင်ပါတယ်။

    ၃။ ရင့်ကျက်သွားတဲ့ သုက်ပိုးတွေကို သုက်ပို့ပြွန်ထဲမှာ သိုလှောင်ထားပြီး ကောင်းစွာရွေ့လျားနိုင်ဖို့ ထောက်ပံ့ပေးခြင်း ဆိုပြီး အဆင့် ၃ ဆင့် ရှိပါတယ်။

    သုက်ပို့ပြွန်အတွင်းမှာ ကျန်းမာပြီး ရွေ့လျားနိုင်စွမ်းကောင်းတဲ့ သုက်ပိုးတွေဟာ အမြဲစုနေတဲ့အတွက် သုက်မလွှတ်တာ အချိန်ကြာတာနဲ့အမျှ မျိုးအောင်နိုင်စွမ်း ပိုပြီးမြင့်တက်လာနိုင်ပါတယ်။ ကိုယ်ဝန်ယူဖို့အတွက် ပြင်ဆင်နေတဲ့ အိမ်ထောင်တွေဆိုရင် လိင်မှုဆက်ဆံအပြီး ရက်အနည်းငယ်ကြာ စောင့်ဆိုင်းပြီးမှ နောက်တစ်ကြိမ် ထပ်ပြီး ကြိုးစားသင့်ပါတယ်။

    မကြာခဏ သုက်လွှတ်တဲ့အခါ ကိုယ့်အိမ်ထောင်ဖက်နဲ့ ဆက်ဆံအပြီး သုက်ကောင်ရည်ထွက်နှုန်းဟာ သိသိသာသာ ကျသွားပါတယ်။ ကိုယ်ခန္ဓာက သုက်ပိုးကောင်ရည်ကို လျင်မြန်စွာ ထုတ်လွှတ်ပေးနိုင်ပေမဲ့ မျိုးအောင်နိုင်စွမ်းနဲ့ ကိုယ်ဝန်ရနိုင်ခြေ ပိုပြီးမြင့်တက်စေလိုတယ်ဆိုရင်တော့ ရက်အနည်းငယ် စောင့်ဆိုင်းပြီး လိင်ဆက်ဆံခြင်း၊ တစ်ကိုယ်ရေ အာသာဖြေခြင်း အစရှိတဲ့ သုက်ထွက်စေမယ့် အပြုအမူတွေကို ရှောင်ကြဉ်သင့်ပါတယ်။

    သုက်ပိုးတွေ ကျန်းမာစေဖို့ စားသောက်နေထိုင်မှုပုံစံကတော့

    ၁။ နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။

    ၂။ အထိုင်များပြီး လှုပ်ရှားမှုနည်းတဲ့ အပြုအမူတွေကို ရှောင်ပါ။

    ၃။ နေ့စဉ်အစာအာဟာရမှာ ဗီတာမင် စီ နဲ့ ဗီတာမင် ဒီ ကို မဖြစ်မနေ ပါဝင်အောင်စားပေးပါ။

    ၄။ ဆေးလိပ်ဖြတ်ပါ။

    ၅။ အရက်ကို နည်းနိုင်သမျှနည်းအောင် လျှော့သောက်ပါ။

    ၆။ ချောင်ချိတဲ့ အဝတ်အစားနဲ့ အတွင်းခံဘောင်းဘီကို ဝတ်ဆင်ပါ။

    ၇။ စက်ဘီးကို အချိန်အကြာကြီးစီးခြင်း၊ မကြာခဏ ရေပူစိမ်တဲ့အခါမှာ သုက်ပိုးတွေဟာ သေသွားနိုင်တဲ့အတွက် တတ်နိုင်သလောက် လျှော့ပေးပါ။

    ကိုယ်ဝန်ရနိုင်ခြေကို မြင့်တက်စေဖို့အတွက်

    ၁။ တစ်ပတ်လျှင် ၂ကြိမ်မှ ၃ကြိမ် လိင်ဆက်ဆံပေးပါ။

    ၂။ လိင်ဆက်ဆံအပြီး ကြားထဲမှာ ၂ရက် ၃ရက်ခန့် စောင့်ပြီး သုက်ပိုးတွေကို အားပြန်မွေးပါ။

    ၃။ ဆီအခြေပြု ချောဆီတွေကို တတ်နိုင်သလောက် ရှောင်ပါ။

    ၄။ ကိုယ့်ရဲ့ သုက်ပိုးကျန်းမာရေးကို ဆရာဝန်ထံမှာ ပုံမှန် စစ်ဆေးလေ့လာမှု ပြုလုပ်ပေးပါ။

    အချုပ်အားဖြင့် ဆိုရမယ်ဆိုရင် ကိုယ်ခန္ဓာဟာ သုက်ပိုးတွေကို နေ့စဉ်ထုတ်လုပ်ပေးပြီး ကျန်းမာတဲ့ သုက်ပိုးတွေဖြစ်စေဖို့ ၆၄ ရက်ထိ ကြာမြင့်နိုင်ပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ နေ့စဉ် နေထိုင်စားသောက်ပုံတွေ၊ သုက်လွှတ်တဲ့အကြိမ်ရေဟာလည်း မျိုးအောင်နိုင်စွမ်းအပေါ် အများကြီး သက်ရောက်မှုရှိစေပါတယ်။ ဒါကြောင့် ကျန်းမာစေဖို့နဲ့ သာယာလှပတဲ့ မိသားစုဘဝလေး ဖန်တီးနိုင်ဖို့ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးဖို့၊ အာဟာရဖြစ်စေတဲ့ အစားအစာတွေကို အဓိကစားပေးဖို့နဲ့ ကိုယ်ချစ်ရတဲ့သူနဲ့ မှန်မှန်လေး လိင်ဆက်ဆံပေးဖို့ အရေးကြီးပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 25/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement