backup og meta

အမျိုးသား နို့သီးခေါင်းထိပ်မှ အရည်စိမ့်ထွက်လာတာ ဘာကြောင့်လဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသား နို့သီးခေါင်းထိပ်မှ အရည်စိမ့်ထွက်လာတာ ဘာကြောင့်လဲ

    နို့သီးခေါင်းကို မညှစ်ဘဲ သူ့အလိုလို အရည်စိမ့်ထွက်လာတာမျိုးလည်း ရှိသလို လက်နဲ့ အားထည့်ပြီး ညှစ်မှ ထွက်လာတာမျိုးလည်း ရှိပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲထွက်ထွက် အမျိုးသားတွေ နို့သီးခေါင်းမှ အရည်ကြည်တွေ စိမ့်ထွက်လာပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ လိုအပ်ပါတယ်။ ထွက်လာတဲ့အရည်ကြည်ရဲ့ အရောင်၊ စေးပျစ်မှု၊ နို့သီးခေါင်းထိပ်ရဲ့ ပုံစံအနေအထားအပြင် တခြားသော အခြေအနေတွေပေါ် မူတည်ပြီး ဘာရောဂါဖြစ်လဲဆိုတာ သေချာစစ်ဆေးလို့ ရမှာပါ။

    အမျိုးသားတွေ ရင်သားမှာ နို့ထွက်ပြွန်တွေ ပါလား။

    အမျိုးသမီးတွေလိုပါပဲ။ မွေးလာတာနဲ့ အမျိုးသားတွေရဲ့ နို့သီးခေါင်းမှာ နို့ထွက်နိုင်တဲ့ ပြွန်လေးတွေ၊ တစ်ရှူးတွေ ပါဝင်ပါတယ်။ လူပျိုဖြစ်ပြီးနောက်ပိုင်း ကျားဟော်မုန်း အဆမတန် များလာတဲ့အခါ မိန်းကလေးတွေလို ရင်သား ကြီးမလာဘဲ အဆီ၊ ကြွက်သားတွေပဲ စုလာပါတယ်။ တချို့သော တစ်ရှူးတွေ၊ နို့ထွက်ပြွန်တွေ ကျန်ခဲ့ရင်တောင်မှ ဒီအခြေအနေကို ပုံမှန်မဟုတ်ဘူးလို့ ယူဆလို့ ရပါတယ်။

    အမျိုးသားတွေမှာ နို့သီးခေါင်းအရည်ကြည် ထွက်စေတဲ့ အကြောင်းရင်းတွေ

    ၁။ လူပျိုဖော်ဝင်ခြင်း

    အမျိုးသားတွေ လူပျိုစဖြစ်တဲ့အချိန်မှာ ကိုယ်ခန္ဓာက ဟော်မုန်းအပြောင်းအလဲ ဖြစ်ပါတယ်။ ကျားဟော်မုန်းတွေ ပိုတိုးလာပြီး မဟော်မုန်းတွေ နည်းသွားမယ်။ ဒီလိုအချိန်မှာ ကိုယ့်ရဲ့ နို့သီးခေါင်းကို ညှစ်တာ၊ ပွတ်သပ်ရင် အရည်ကြည်လေးတွေ ထွက်လာနိုင်ပါတယ်။

    ၂။ ရင်သားကင်ဆာ

    ရင်သားကင်ဆာဆိုတာ မိန်းကလေးတွေမှာ အဖြစ်များတဲ့ ကင်ဆာရောဂါဖြစ်ပေမယ့် အမျိုးသားတွေမှာလည်း ဖြစ်နိုင်ခြေရှိပါတယ်။ သူ့ရဲ့ လက္ခဏာတွေကတော့

    • သွေးအရောင် သို့မဟုတ် အကြည်ရောင် အရည်လေးတွေ စိမ့်ထွက်လာတာ
    • နို့သီးခေါင်း တစ်ဖက်တည်းကနေပဲ အရည်စိမ့်ထွက်တာ
    • နို့သီးခေါင်းကို စမ်းလိုက်တဲ့အခါ သေးငယ်ပြီး မာနေသလို အဖုလေးစမ်းမိတာ
    • အပြင်ကို ထွက်နေတဲ့ နို့သီးခေါင်းက အထဲကို ဝင်သွားတာ
    • ချိုင်းအောက်မှာ ရှိနေတဲ့ ပြန်ရည်ကြောအကျိတ်တွေက မာပြီး ရောင်နေတယ်လို့ ခံစားရတာဖြစ်ပါတယ်။

    ၃။ နို့ထွက်ပြွန် ခဲပြီးပိတ်သွားခြင်း (Duct Ectasia)

    နို့သီးခေါင်းအထဲမှာ ရှိနေတဲ့ နို့ထွက်ပြွန်တွေဟာ ကျဉ်းပြီး ရောင်လာရာမှ လုံးဝပိတ်သွားတဲ့ ရောဂါဖြစ်ပါတယ်။ ဒီပြဿနာ သင့်မှာရှိနေပြီဆိုရင်

    • အစိမ်းရောင် သို့မဟုတ် အရောင်စုံ ပါဝင်တဲ့ အရည်တွေ ထွက်တာ
    • ထွက်လာတဲ့ အရည်တွေက ပျစ်ချွဲပြီး စေးကပ်ကပ်ဖြစ်နေတာ
    • နို့သီးခေါင်း တစ်ဘက်တည်းကနေ အရည်စိမ့်ထွက်ခြင်း
    • နို့သီးခေါင်းထိပ်က ရောင်နေတာ၊ နာနေတာ၊ ယားနေသလို ခံစားရတာ
    • အတွင်းသားတစ်ရှူးထိခိုက်မိတာ သို့မဟုတ် ရောဂါပိုး ကူးစက်ဝင်ရောက်ခြင်းကြောင့် အဖုလေးဖြစ်နေတာ အစရှိတဲ့ လက္ခဏာတွေကို တွေ့နိုင်ပါတယ်။

    ဒီပြဿနာဟာ ကင်ဆာရောဂါမဟုတ်တဲ့အတွက် ကုသပျောက်ကင်းနိုင်လို့ သိပ်ပြီး စိုးရိမ်စရာတော့ မလိုအပ်ပါဘူး။

    ၄။ ရင်သားကြီးလာခြင်း (Gynecomastia)

    ရင်အုပ်လို ကားထွက်လာတာမျိုးမဟုတ်ဘဲ အမျိုးသမီးများလို ရင်သားကြီးပြီး အရှေ့ဘက်ကို ထွက်လာတဲ့ ပြဿနာပါ။ ကလေးဘဝ၊ လူပျိုဖော်ဝင်ကာစ သို့မဟုတ် အသက် ၆၀ နောက်ပိုင်း အမျိုးသားတွေမှာ ရင်သားကြီးလာတတ်ပါတယ်။ ဟော်မုန်းအပြောင်းအလဲကြောင့်လည်း ဖြစ်နိုင်သလို သောက်ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်လည်း ရင်သား တစ်ဘက် သို့မဟုတ် နှစ်ဘက်လုံးမှာ ပုံမှန်ထက်ပိုပြီး ကြီးလာနိုင်ပါတယ်။ ရင်သားကြီးတာအပြင် ထိမိချိန်မှာ ပျော့အိအိဖြစ်နေတာ၊ နို့သီးခေါင်းထိပ်မှ အရည်ကြည်စိမ့်ထွက်လာတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။

    ၅။ ရင်သားပိုးဝင်ခြင်း

    ကလေးကို နို့တိုက်နေရတဲ့ မိခင်တွေမှာ အဖြစ်များပြီး အမျိုးသားတွေမှာလည်း ဖြစ်တတ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့

    • စိမ်းဖန့်ဖန့် အရောင်ရှိပြီး ပျစ်ချွဲချွဲ အရည်တွေ စိမ့်ထွက်ခြင်း
    • ရင်သားတစ်ဘက်တည်းကိုသာ ကူးစက်ခြင်း
    • ထိကိုင်လိုက်ချိန်မှာ နွေးပြီး ရောင်နေသလို ခံစားရခြင်း
    • နို့သီးခေါင်း တစ်ဝိုက်က နီရဲနေခြင်း တို့ပဲဖြစ်ပါတယ်။

    ၆။ ကင်ဆာမဟုတ်တဲ့ နို့ထွက်ပြွန်ကြား အလုံးပေါ်ခြင်း (Intraductal Papilloma)

    နို့ထွက်စေတဲ့ ပြွန်တွေကြားထဲမှာ ကင်ဆာမဟုတ်တဲ့ အလုံးအကျိတ်လို အဖုလေး ကြီးထွားလာတာကို ခေါ်တာပါ။ တခြားလက္ခဏာတွေအနေနဲ့

    • ရင်သားကြီးလာတာ
    • နို့သီးခေါင်းနားမှာ အလုံး အကြီးကြီးဖြစ်နေတာ သို့မဟုတ် နို့သီးခေါင်းနဲ့ ဝေးရာနေရာမှာ သေးငယ်တဲ့ အလုံးလေးတွေ စုနေတာ
    • သွေးရောင်ရှိပြီး စေးကပ်နေတဲ့ အရည်တွေ စိမ့်ထွက်လာတာကို တွေ့ရပါတယ်။

    ၇။ ကျားဟော်မုန်း ချို့တဲ့ခြင်း (Testosterone Deficiency)

    အမျိုးသားတွေအတွက် မရှိမဖြစ် အရေးပါတဲ့ တက်စတိုစတီရုန်းလို့ခေါ်တဲ့ ကျားဟော်မုန်းတွေ နည်းလာတဲ့အခါမှာလည်း နို့သီးခေါင်းထိပ်ကနေ အရည်ကြည်တွေ ထွက်လာတတ်ပါတယ်။ များသောအားဖြင့် နှစ်ဘက်လုံးကနေ အရည်စိမ့်ထွက်ပါတယ်။ ဒီပြဿနာဟာ သိပ်ပြီး စိုးရိမ်ဖို့ မလိုပေမဲ့ ဆရာဝန်နဲ့သေချာပြကြည့်တာတော့ ပိုကောင်းပါတယ်။

    ဘယ်လိုကုသမလဲ။

    ဖြစ်ရတဲ့ အကြောင်းရင်းကို သေချာသိပြီဆိုမှ ဆရာဝန်အနေနဲ့ ကိုယ့်ရောဂါနဲ့ ကိုက်ညီမယ့် ကုထုံးကို စတင်မှာ ဖြစ်ပါတယ်။ ပိုးဝင်တာအတွက် Antibiotics ဆေး ပေးတာ၊ အကျိတ်တွေ၊ အလုံးတွေ၊ ပိတ်ဆို့နေတဲ့ အရာတွေကို ခွဲစိတ်ဖယ်ရှားတာ၊ ဓာတ်ရောင်ခြည်ကုထုံးနဲ့ ကုသတာ အစရှိသဖြင့် နည်းလမ်းအမျိုးမျိုးရှိပါတယ်။

    အမျိုးသားတွေရဲ့ ရင်သားကနေ အရည်တွေစိမ့်ထွက်တယ်ဆိုတာ ပုံမှန်မဟုတ်တဲ့ ကျန်းမာရေးအခြေအနေဖြစ်တဲ့အတွက်ကြောင့် လက္ခဏာတွေ တွေ့ပြီဆိုတာနဲ့ ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး ကုသမှုခံယူဖို့ အရေးကြီးပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement