backup og meta

မုဒိမ်းမှုနဲ့ မှုခင်းဆရာဝန်


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မုဒိမ်းမှုနဲ့ မှုခင်းဆရာဝန်

    သိပ်မကြာသေးခင်က နာမည်ကြီးခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတခုမှာ မုဒိမ်းမှုဖြစ်ကြောင်း (ကာမစပ်ယှက်မှုရှိခဲ့ကြောင်း) အတော်လေး သိသာထင်ရှားတဲ့ အချက်တွေ ရှိနေလျက်နဲ့ မှုခင်းဆရာဝန်က တရားခွင်မှာ ထွက်ဆိုတဲ့အခါ အမျိုးသမီးရဲ့ မိန်းမကိုယ်အတွင်းမှာ သုတ်ရည်မတွေ့ရှိကြောင်း အစစ်ခံခဲ့တာနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပြစ်တင်ဝေဖန်ကြ၊(ထုံးစံအတိုင်း)ဆဲကြဆိုကြနဲ့ အတော်လေး သောသောညံခဲ့ပါတယ်။ ဒါဟာ သာမန်ပြည်သူတွေအနေနဲ့ ဥပဒေကို တိတိပပ မသိနားမလည်ခြင်းနဲ့ မှုခင်းဆရာဝန်ရဲ့ လုပ်ပိုင်ခွင့်နဲ့ တာဝန်ကို မသိရှိတာကြောင့် ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဥပဒေပိုင်းနဲ့ ပတ်သက်ပြီး သုံးသပ်မှာ မဟုတ်ဘဲ မှုခင်းဆရာဝန်နဲ့ ပတ်သက်တဲ့ အပိုင်းတွေကိုပဲ ဆေးပညာရှုထောင့်က မျှဝေဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

    မှုခင်းဆရာဝန်ဆိုတာ ဘာလဲ။ သူ့ရဲ့ တာဝန်ကရော ဘာတွေလဲ

    မှုခင်းဆရာဝန်အကြောင်း မပြောခင် ဆေးတက္ကသိုလ် နောက်ဆုံးနှစ်အပိုင်း က မှာ သင်ရတဲ့ မှုခင်းရေးရာဆေးပညာ (Forensic medicine) အကြောင်းကို အရင်မိတ်ဆက်ပေးချင်ပါတယ်။ အမှုအခင်းတခု ဖြစ်ပွားတဲ့အခါ တရားလို၊တရားခံ၊ရှေ့နေနဲ့ တရားသူကြီးတို့အပြင် သက်သေဆိုတာပါ ရှိရပါတယ်။ သက်သေအမျိုးအစား အဖုံဖုံရှိတဲ့အနက် Expert witness လို့ခေါ်တဲ့ ပညာရှင်သက်သေအမျိုးအစားဟာ မှုခင်းဆရာဝန်တွေနဲ့ ပတ်သက်ပါတယ်။ အမှုအခင်းဟာ အထူးတလည် ပညာရပ်တခုခု (ဥပမာ လက်ရေးတူမတူ စစ်ဆေးပေးရခြင်း၊လက်ဗွေတူမတူ စစ်ဆေးပေးရခြင်း၊သေနတ်နဲ့ ကျည်ဆန်တိုက်ဆိုင်စစ်ဆေးပေးရခြင်း စသည်)နဲ့ ပတ်သက်နေတဲ့အခါ အဆိုပါ ပညာရပ်မှာ ကျွမ်းကျင်လိမ္မာတဲ့ ပညာရှင်သက်သေကို လိုအပ်လာပါတယ်။ ဓါးဒါဏ်ရာ၊သေနတ်ဒါဏ်ရာကို စစ်ဆေးဖို့၊ဓမ္မတာအလျောက် သေဆုံးခြင်း ဟုတ်မဟုတ် ရင်ခွဲစစ်ဆေးဖို့၊ဆွဲကြိုးချသေသူကို စစ်ဆေးဖို့၊မုဒိမ်းမှုကျူးလွန်ခံရသူကို စစ်ဆေးဖို့ အစရှိတဲ့ ဆေးပညာဆိုင်ရာ ကိစ္စရပ်တွေမှာ မှုခင်းဆရာဝန်ရဲ့ အခန်းကဏ္ဍဟာ အရေးကြီးလာပါတယ်။ ဒီလို စစ်ဆေးပေးဖို့အတွက် ဆေးကျောင်းသားဘဝ ကတည်းက မှုခင်းရေးရာ ဆေးပညာကို ထည့်သွင်းသင်ယူခဲ့ရခြင်း ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ဆရာဝန်ဘွဲ့ရသူတိုင်း၊ဆေးကုသခွင့်လိုင်စင် ဆမ ရှိသူတိုင်း ပညာရှင်သက်သေဖြစ်နိုင်တယ်ဆိုပေမယ့် မှုခင်းရေးရာဆေးပညာကို ဘွဲ့လွန်တက်ရောက်အောင်မြင်ပြီးသူတွေသာလျှင် အရည်အချင်းပြည့်ဝတဲ့ မှုခင်းဆရာဝန်တွေ ဖြစ်လာပါတယ်။ မှုခင်းဆရာဝန် မရှိတဲ့နေရာတွေမှာတော့ ရိုးရိုးဆရာဝန်က တာဝန်ယူပြီး ရင်ခွဲစစ်ဆေးခြင်း၊မုဒိမ်းကျင့်ခံရသူကို စစ်ဆေးခြင်း၊တုတ်/ဓါး/သေနတ် ဒါဏ်ရာများကို စစ်ဆေးခြင်း၊ ဒီလိုစစ်ဆေးပြီး တွေ့ရှိချက်တွေကို တရားခွင်မှာ လာရောက် အစစ်ခံခြင်း စတဲ့ ကိစ္စတွေကို တာဝန်ယူဆောင်ရွက်ရပါတယ်။ ဒီနေရာမှာ သိထားရမှာက ဒီအမှုဟာ လူသတ်မှုဖြစ်တယ်၊ဘယ်သူဘယ်ဝါသတ်တယ် ဒါမှမဟုတ် မုဒိမ်းမှုမြောက်တယ်၊တရားခံကတော့ ဘယ်သူပါ စသဖြင့် အမိန့်ချပိုင်ခွင့်၊စွပ်စွဲပိုင်ခွင့် မရှိဘူးဆိုတဲ့ အချက်ပါပဲ။ မှုခင်းဆရာဝန်ရဲ့ တာဝန်ဟာ သူစစ်ဆေးတွေ့ရှိခဲ့သမျှကို တရားသူကြီး ဆင်ခြင်သုံးသပ်နိုင်ဖို့ တင်ပြပေးရုံပဲ ဖြစ်ပါတယ်။

    မုဒိမ်းမှုနဲ့ မှုခင်းဆရာဝန်

    အမှန်အတိုင်း ပြောရရင် မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီးကို စစ်ဆေးရတာဟာ ဓါးဒါဏ်ရာ/တုတ်ဒါဏ်ရာ/သေနတ်ဒါဏ်ရာတွေကို စစ်ဆေးပေးရတာထက်တောင် ပိုသိမ်မွေ့ပါသေးတယ်။ ရာဇသတ်ကြီး ပုဒ်မ ၃၇၅ ရဲ့ ရှင်းလင်းချက်မှာ ‘ယောက်ျား၏ အင်္ဂါဇာတ်သည် မိန်းမ၏ အင်္ဂါဇာတ်တွင် သွင်းဝင်မိလျှင် မုဒိမ်းမှုကျူးလွန်ခြင်းအတွက် လိုအပ်သော ကာမစပ်ယှက်မှုမြောက်ရန် လုံလောက်သည်’လို့ ရေးသားဖော်ပြထားပါတယ်။ ဆိုလိုတာကတော့ အများသူငှာ ထင်နေကြသလို မိန်းမကိုယ်ထဲမှာ သုတ်ရည်တွေ့မှ မုဒိမ်းမှုမြောက်တာ မဟုတ်ပါဘူး။ ဒါကြောင့် ဆရာဝန်အနေနဲ့ မုဒိမ်းမှုကျူးလွန်ခံရတယ်လို့ ယူဆရသူကို စစ်ဆေးတဲ့အခါ ‘လတ်တလော ထိုးသွင်းထားသော လက္ခဏာ ရှိသည်/မရှိပါ’ ဆိုတဲ့ အချက်ကို အဓိက တင်ပြရပါတယ်။ မုဒိမ်းမှုမြောက်မမြောက်ကိုတော့ တရားသူကြီးက ဆုံးဖြတ်မှာပါ။ အလားတူပါပဲ၊ထိုးသွင်းထားတဲ့ လက္ခဏာရှိမရှိအပြင် ရုန့်ရင်းဆန်ခတ်ဖြစ်ထားတဲ့ ဒါဏ်ရာတွေ၊ကုတ်ရာခြစ်ရာတွေ၊သုတ်ရည်ပေကျံမှုရှိမရှိ စတဲ့ တွေ့ရှိချက်တွေကိုလည်း မြင်တဲ့အတိုင်း မှတ်တမ်းတင် ရပါတယ်။

    ဘယ်လိုအခြေအနေတွေမှာ သုတ်ရည်မတွေ့နိုင်ဘူးလဲ

    လတ်တလော ထိုးသွင်းထားတဲ့ လက္ခဏာရှိလျက်နဲ့ သုတ်ရည်မတွေ့ဘူးဆိုတာ ဖြစ်နိုင်သလားလို့ မေးရင် ဖြစ်နိုင်ပါတယ်လို့ ဖြေရပါမယ်။

  • မုဒိမ်းမှုကျူးလွန်သူဟာ အကာအကွယ်ပစ္စည်း (ကွန်ဒုံး) အသုံးပြုခြင်း။
  • ကာမအထွတ်အထိပ်ရောက်သည်အထိ (သုတ်ရည်ထွက်သည်အထိ) လိင်ဆက်ဆံမှု မပြုခြင်း။
  • သုတ်ရည်ကို အပြင်ထုတ်ခြင်း။
  • ကာမအထွတ်အထိပ်ရောက်သော်လည်း သုတ်ရည်မထွက်တဲ့ ရောဂါရှိခြင်း စတဲ့ အခြေအနေတွေမှာ သုတ်ရည်မတွေ့ရှိနိုင်ပါဘူး။
  • ဒါပေမယ့် လတ်တလော ထိုးသွင်းထားတဲ့ လက္ခဏာရှိပြီဆိုရင်ကို မုဒိမ်းမှုမြောက်နေပြီဆိုတာ သဘောပေါက်ရပါမယ်။ အခင်းဖြစ်ပွားပြီး ရက်အတန်ကြာမှ လာရောက်တိုင်ကြားလို့ စစ်ဆေးရမယ်ဆိုရင်လည်း သုတ်ကောင်တွေရဲ့ သက်တမ်းကို ကျော်လွန်သွားခဲ့ရင် မိန်းမကိုယ်ထဲမှာ သုတ်ပိုးတွေ့ရှိမှာ မဟုတ်ပါဘူး။

    ဥပဒေရေးရာ ဆေးပညာဟာ ရှုပ်ထွေးပြီး စကားအသုံးအနှုန်းကအစ အင်မတန် သတိပြုရွေးချယ်ရတဲ့ ပညာရပ်နှစ်ခုကို ပေါင်းစပ်ထားတဲ့အပြင် မှုခင်းဆရာဝန်ရဲ့ စစ်ဆေးတွေ့ရှိချက်တခုဟာ တယောက် ဒါမှမဟုတ် တယောက်ထက် ပိုတဲ့ လူတွေရဲ့ ဘဝတွေကို ပြောင်းလဲသွားစေနိုင်တဲ့အတွက် သမာသမတ်ကျဖို့လိုပြီး အထူးတိကျရပါတယ်။ တချို့သော ဥပဒေရေးရာ စကားရပ်တွေ၊ပုဒ်မတွေဟာ သာမန်ပြည်သူတွေမဆိုထားနဲ့ ဥပဒေနဲ့ အသက်မွေးဝမ်းကျောင်းပြုနေသူတွေ အချင်းချင်းကြားမှာတောင် ငြင်းခုန်ရတဲ့ အနေအထားလေးတွေ ရှိနေတတ်ပါတယ်။ ဒါကြောင့် ယနေ့ခေတ်မှာ အသံပိုမိုကျယ်လောင်လာတဲ့ မုဒိမ်းမှုနဲ့ ပတ်သက်ပြီး မှုခင်းဆရာဝန်တွေရဲ့ အခန်းကဏ္ဍဘယ်လို ရှိတယ်ဆိုတာကို ဗဟုသုတအလို့ငှာ သိရှိစေနိုင်ဖို့ မျှဝေပေးလိုက်ရပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement