backup og meta

တစ်ကိုယ်ရေအာသာဖြေခြင်းနှင့် ပုရိသတို့ရဲ့ အလွဲများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 25/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တစ်ကိုယ်ရေအာသာဖြေခြင်းနှင့် ပုရိသတို့ရဲ့ အလွဲများ

    အမျိုးသားတွေရဲ့ နေ့စဉ်ဘဝမှာ လိင်မှုကိစ္စနဲ့ တစ်ကိုယ်ရေအာသာဖြေခြင်းဆိုတာ အမြဲတမ်း ပါနေပါတယ်။ ဒါဟာ မှားယွင်းမှုမဟုတ်တဲ့ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုပါ။ ဒါပေမယ့် ကိုယ့်လူတို့ကလည်း စိတ်ပူတတ်ကြတာ အများသား။ အာသာဖြေတာ များလွန်းရင် ဆံပင်ကျွတ်နိုင်လား၊ ဝက်ခြံတွေ အရမ်းပေါက်လာတာ အာသာဖြေမိလို့လား၊ ပန်းသေပန်းညှိုးဖြစ်နိုင်လား အစရှိသဖြင့်ပေါ့။ အဲ့လိုမေးခွန်းတွေအပေါ်မှာ လူတွေသိထားကြတဲ့ အလွဲတွေကလည်း တဖြည်းဖြည်း များလာပါတယ်။ ဒီနေ့မှာတော့ တစ်ကိုယ်ရေအာသာဖြေခြင်းနှင့် ပုရိသတို့ရဲ့ အလွဲများ အကြောင်း ဖြေရှင်းပေးမှာပါ။

    တစ်ကိုယ်ရေအာသာဖြေခြင်းနှင့် ပုရိသတို့ရဲ့ အလွဲများ

    တစ်ကိုယ်ရေအာသာဖြေခြင်းနှင့် ပုရိသတို့ရဲ့ အလွဲများ ကတော့

    ၁။ အာသာဖြေရင် ဆံပင်ကျွတ်နိုင်တယ်။ (အမှား)

    ကျား၊ မ မရွေး တစ်နေ့ကို ဆံပင် အပင် ၅၀ မှ ၁၀၀ ထိ ကျွတ်တယ်ဆိုတာ ပုံမှန်ပါပဲ။ ဆံသားအသစ်တွေ ပြန်ထွက်လာဖို့ ဆံသားအဟောင်းတွေ ကျွတ်သွားမှဖြစ်မှာပါ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ကျွတ်လာတာ မျိုးရိုးဗီဇကြောင့်လည်း ဖြစ်နိုင်သလို ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံ၊ စိတ်ဖိစီးမှုတွေ၊ ဟော်မုန်းအပြောင်းအလဲ၊ ဦးရေပြားနဲ့ ဆံသားပြဿနာတွေ၊ ဆံပင်ကို မကြာခဏပုံသွင်းတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ တစ်ကိုယ်ရေ အာသာဖြေခြင်းနဲ့တော့ လုံးဝမသက်ဆိုင်ပါဘူး။

    ၂။ တစ်ကိုယ်ရေ အာသာဖြေတာများရင် မျက်စိကွယ်သွားနိုင်တယ်။ (အမှား)

    ဒါကတော့ တကယ့် ချင်း (ဂျင်း) သက်သက်ပါပဲ။ မျက်စိအမြင်မှုန်လာတာ၊ မျက်စိကွယ်ရခြင်းဆိုတာ မျိုးရိုးဗီဇ၊ ဆီးချိုရောဂါ၊ အတွင်းတိမ်၊ ရေတိမ်တွေကြောင့် ဖြစ်ရတာပါ။

    ၃။ ပန်းသေပန်းညှိုးဖြစ်စေနိုင်တယ်။ (အမှား)

    လက်ရှိအချိန်ထိ လေ့လာစစ်ဆေးချက်အရ ပန်းသေပန်းညှိုးဖြစ်ရခြင်းရဲ့ တရားခံဟာ တစ်ကိုယ်ရေ အာသာဖြေခြင်းကြောင့်ဆိုတာ သက်သေပြနိုင်တဲ့ အဖြေတွေ မရရှိသေးပါဘူး။ ပန်းသေပန်းညှိုးဆိုတာ လူလတ်ပိုင်းအရွယ် အသက်ကြီးလာတဲ့အမျိုးသားတွေမှာ ဖြစ်တတ်ပြီး စိတ်ဖိစီးမှုများလွန်းတာ၊ စိတ်ကျရောဂါ၊ လိင်ဆက်ဆံမှုမှာ အခက်အခဲဖြစ်တာ၊ ဆေးလိပ်နဲ့ အရက် အလွန်အကျွံသောက်တာ၊ သွေးတိုးရှိတာ၊ သွေးပေါင်ကျတာ၊ ကိုလက်စထရောများလွန်းတာ၊ အဝလွန်တာ၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါတွေကြောင့် ဖြစ်နိုင်ပါတယ်။

    ၄။ လိင်တံကို ထိခိုက်စေနိုင်တယ်။ (အမှား)

    လိင်တံကျိုးတာ၊ ပွန်းပဲ့တာ၊ ထိခိုက်တယ်ဆိုတာ တစ်ကိုယ်ရေ အာသာဖြေတဲ့ အကြိမ်ရေများတာကြောင့် မဟုတ်ပါဘူး။ အာသာဖြေတဲ့ ပုံစံအနေအထား မမှန်တာ၊ လက်နဲ့ လိင်တံကို အတင်းညှစ်ပြီး အာသာဖြေတာ၊ ချောဆီမသုံးတာ၊ အရာဝတ္ထုတစ်ခုခုကြောင့် ထိခိုက်မိနိုင်ခြေ ရှိပါတယ်။

    ၅။ စိတ်ကျန်းမာရေးကို ထိခိုက်လာစေနိုင်တယ်။ (အမှား)

    တစ်နေ့ကို တစ်ကြိမ် အာသာဖြေတာလောက်နဲ့တော့ စိတ်နဲ့ ခန္ဓာကျန်းမာရေးကို မထိခိုက်စေနိုင်ပါဘူး။ ဒီအာသာဖြေတဲ့ အကြောင်းကိုပဲ တစ်နေကုန် ထိုင်စဉ်းစားနေတာ၊ အာသာမဖြေရ မနေနိုင်တာ၊ ဒီကိစ္စကြောင့် ကိုယ့်ရဲ့ အလုပ်၊ ကျောင်းစာတွေ ထိခိုက်လာပြီဆိုမှ ပြဿနာတစ်ခုခု ရှိ၊ မရှိ စစ်ဆေးကြည့်သင့်ပါတယ်။ ပုံမှန်အားဖြင့်တော့ တစ်ကိုယ်ရေ အာသာဖြေခြင်းဟာ အမျိုးသားတွေအတွက် စိတ်ကို ပေါ့ပါးစေသလို လန်းဆန်းသွားစေတယ်။ သုက်ရည်လျင်မြန်စွာ မထွက်စေဖို့၊ လိင်စိတ်ဆန္ဒကို ထိန်းချုပ်နိုင်ဖို့ ကူညီပေးတယ်။ စိတ်ဖိစီးမှုကို လျော့နည်းစေတယ်။ ညဘက်မှာ ကောင်းစွာ အိပ်ပျော်နိုင်စေပါတယ်။

    ၆။ လိင်စိတ်ဆန္ဒ လျော့နည်းလာတာ တစ်ကိုယ်ရေ အာသာဖြေလို့ပါ။ (အမှား)

    လိင်စိတ်ဆန္ဒ များသည်၊ နည်းသည်ဆိုတာ တစ်ဦးနဲ့ တစ်ဦးတော့ မတူညီနိုင်ပါဘူး။ ဒါပေမယ့် တစ်ကိုယ်ရေ အာသာဖြေခြင်းကြောင့် လိင်စိတ်ဆန္ဒ နည်းသွားတယ်ဆိုတာတော့ လုံးဝမဟုတ်ပါ။ ကျားဟော်မုန်း (Testosterone) တွေ နည်းလာတာ၊ စိတ်ကျရောဂါ၊ စိတ်ဖိစီးမှုတွေ၊ ညဘက်တွေ အိပ်ရေးပျက်များလာတာ၊ ကောင်းစွာ အိပ်မပျော်တာ၊ သောက်ဆေးတချို့ရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်သာ လိင်စိတ်ဆန္ဒ နည်းသွားတာဖြစ်နိုင်ပါတယ်။

    ၇။ အာသာဖြေပြီးရင် ဝက်ခြံတွေ ပိုပေါက်လာတယ်။ (အမှား)

    ဝက်ခြံပေါက်ရခြင်းဟာ ဟော်မုန်းမျှခြေ ပျက်ယွင်းတာ၊ တစ်ကိုယ်ရေ သန့်ရှင်းမှုအားနည်းတာ၊ နေပူမရှောင်၊ မိုးရွာ မရှောင် အပြင်သွားတာ၊ မျက်နှာမသစ်ဘဲ အိပ်တာတွေကြောင့် ဖြစ်ပါတယ်။ အပြင်က ဖုန်မှုန့်တွေက ချွေးပေါက်တွေထဲကို ဝင်ပြီး အဆီ၊ ချွေးတွေနဲ့ ပိတ်မိနေတဲ့အခါ ဝက်ခြံပေါက်နိုင်ပါတယ်။ တစ်ကိုယ်ရေအာသာဖြေခြင်းနဲ့ ဝက်ခြံပေါက်ခြင်းကတော့ ဆက်စပ်မှုမရှိဘူးလို့ ဆိုနိုင်ပါတယ်။

    ၈။ တစ်ကိုယ်ရေအာသာဖြေခြင်းကြောင့် လိင်ဆက်ဆံရာမှာ အနှောင့်အယှက်ဖြစ်နိုင်တယ်။ (အမှား)

    လိင်မဆက်ဆံခင် ၂နာရီလောက် ကြိုတင်ပြီး အာသာဖြေတဲ့အခါမှာ သုက်မထွက်အောင် ပိုပြီးထိန်းထားနိုင်တယ်။ ပုံမှန်အာသာဖြေတဲ့သူတွေမှာ ပိုပြီး လိင်စိတ်ဆန္ဒ အထွတ်အထိပ်ကို ရောက်ရှိနိုင်ပါတယ်။

    တစ်ကိုယ်ရေအာသာဖြေခြင်းဆိုတာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အမျိုးသားတိုင်း ပုံမှန်လုပ်သင့်တဲ့ နေ့စဉ်အလုပ်ဖြစ်ပါတယ်။ အာသာဖြေခြင်းကြောင့် ကိုယ့်ရဲ့ အလုပ်ခွင်နဲ့ ပညာရေးမှာ အနှောင့်အယှက်တွေ မဖြစ်သ၍တော့ ပြဿနာမရှိပါဘူး။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 25/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement