backup og meta

ကိုယ့်မှာ HIV ရောဂါပိုးရှိကြောင်း ဖွင့်ပြောတော့မယ်ဆိုရင်


Ye Myo Myat မှ ရေးသားသည်။ · 28/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ့်မှာ HIV ရောဂါပိုးရှိကြောင်း ဖွင့်ပြောတော့မယ်ဆိုရင်

    HIV ရောဂါပိုး ရှိကြောင်း ဖွင့်ပြောဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ကိုယ့်မှာ ရောဂါပိုးရှိမှန်း သိလိုက်ရတဲ့အခါ စိတ်ပိုင်းဆိုင်ရာမှာ ကြီးမားတဲ့ ပြောင်းလဲမှု၊ တုန်လှုပ်ခြောက်ခြားမှု များစွာ ဖြစ်နိုင်တာ သဘာဝပါပဲ။ ရှေ့ဆက် ဘာတွေ လုပ်မလဲဆိုတာ အစီအစဉ်ပြန်ချရမယ်။ မိသားစုတွေနဲ့ သူငယ်ချင်း၊ ချစ်သူတွေကို ဖွင့်ပြောပြရမယ်။ သူတို့တွေဆီကလည်း ဘယ်လိုတုံ့ပြန်မှုမျိုးတွေ ပြန်လာမလဲ၊ ကိုယ့်ရဲ့ အခြေအနေကို လက်သင့်ခံနိုင်ပါ့မလားဆိုပြီး စိတ်ပူရင်း ဖုံးကွယ်ထားမိတာ ဖြစ်တတ်ပါတယ်။

    HIV ရှိကြောင်း ဖွင့်ပြောသင့်လား။

    ရောဂါပိုးရှိသူတွေအတွက် စိုးရိမ်ထိတ်လန့်မှု၊ ကြောက်လန့်မှု၊ စိတ်အားငယ်မှု၊ သိမ်ငယ်စိတ် ဖြစ်နိုင်တာ သဘာဝပါပဲ။ ကိုယ် သိထားရမှာက ကိုယ့်ရဲ့ အခြေအနေကို နားလည် လက်ခံပေးမယ့်သူရှိသလို ကဲ့ရဲ့အပြစ်တင်မှုတွေလည်း ရှိလာနိုင်တယ်ဆိုတာပါပဲ။ ဒါပေမယ့်လည်း တစ်ယောက်တည်း ကြိတ်မှိတ် ခံစားနေရတာထက်စာရင် ဖွင့်ပြောပြလိုက်တာ ကိုယ့်ရဲ့ စိတ်ကို ထွက်ပေါက်တစ်ခု ဖြစ်စေနိုင်ပါတယ်။

    ဘာကြောင့် ဖွင့်ပြောဖို့ လိုအပ်တာလဲ။

    ဒါပေမယ့် ကိုယ်နဲ့ အတူနေနေတဲ့ မိသားစုဝင်တွေ၊ ကိုယ်ချစ်ခင်တဲ့ သူငယ်ချင်းတွေ၊ ကိုယ့်ရဲ့ ချစ်သူ၊ ဇနီး၊ ခင်ပွန်းတို့မှာ ရောဂါပိုးကူးစက်နိုင်ခြေ ရှိတဲ့အတွက် သိဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ကိုယ်နဲ့ ပုံမှန် လိင်ဆက်ဆံနေတဲ့ ပါတနာတွေ၊ ဆေးထိုးအပ် အတူမျှသုံးနေတဲ့သူတွေကိုလည်း ကိုယ့်ရဲ့ အခြေအနေကို ဖွင့်ပြောပြဖို့ လိုအပ်ပါတယ်။

    ဒါဟာ ကိုယ့်အတွက်လည်း စိတ်ထွက်ပေါက်တစ်ခု ဖြစ်စေတယ်။ ကိုယ့်အနီးပတ်ဝန်းကျင်က သူတွေအတွက်လည်း ကိုယ့်ကို အားပေးဖို့၊ ရောဂါ အခြေအနေအကြောင်း နားလည်စေဖို့၊ သူတို့ကိုပါ မကူးစက်စေအောင် ဘယ်လိုကာကွယ်ရမလဲဆိုတာ ကြိုတင်ပြင်ဆင်ဖို့ ကိုယ့်မှာ HIV ရောဂါပိုး ရှိတဲ့အကြောင်း ဖွင့်ပြောပြသင့်ပါတယ်။

    ဘယ်လိုအချိန်မှာ ဖွင့်ပြောပြသင့်လဲ။

    အကောင်းဆုံးကတော့ ကိုယ့်မှာ ပိုးရှိမှန်း သိတဲ့အချိန်မှာ ဖွင့်ပြောပြဖို့ လိုအပ်ပါတယ်။ ကိုယ်နဲ့ လတ်တလော လိင်ဆက်ဆံမှု ပြုခဲ့သူ၊ ဆေးထိုးအပ်ကို မျှဝေသုံးစွဲဖူးတဲ့သူတွေကိုလည်း ကိုယ့်ရဲ့ အခြေအနေကို ဖွင့်ပြောပြီး သူတို့ကိုလည်း သွေးစစ်ကြည့်ဖို့ တိုက်တွန်းပေးပါ။

    မိမိကို သဘောကျလို့ အပြင်မှာ ချိန်းတွေ့တဲ့ အခါမှာလည်း ကိုယ့်မှာ ဒီလိုရောဂါပိုးရှိတဲ့ အကြောင်းကို ပြောပြထားပါ။ လက်ခံနိုင်၊ မခံနိုင်ဆိုတာ သူတို့အပေါ်မှာ မူတည်ပါတယ်။ လိမ်ညာဖုံးကွယ်ထားပြီး ဆက်တွေ့တာထက် ပွင့်ပွင့်လင်းလင်း ဝန်ခံပြောပြထားခြင်းဟာ သူတို့အတွက်လည်း သေချာရွေးချယ်စဉ်းစားလို့ ရသလို ကိုယ့်အတွက်လည်း ဘာမှ ဖုံးကွယ်ထားစရာမရှိပဲ စိတ်ရှင်းရှင်းနဲ့ တွေ့လို့ရပါတယ်။

    ဖွင့်မပြောပြခင် ကိုယ့်ဘက်က ဘာတွေ ပြင်ဆင်ထားဖို့ လိုမလဲ။

    ၁။ အဓိကအနေနဲ့ စိတ်ပိုင်းဆိုင်ရာကို အရင်ကထက်ပိုပြီး ကြံ့ခိုင်အောင် ပြင်ထားရမယ်။

    ၂။ HIV ပိုးရဲ့ ကူးစက်နိုင်ပုံ၊ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို နားလည်ထားရမယ်။

    ၃။ ART ဆေးကို သေချာသောက်ပြီး ကိုယ့်ရဲ့ ကျန်းမာရေးကို ဂရုစိုက်မယ်ဆိုရင် သွေးထဲမှာ ရှိတဲ့ ရောဂါပိုးတွေကို ထိရောက်စွာ ထိန်းချုပ်ထားနိုင်ပြီး အသက်ရှည်ရှည် ကျန်းမာစွာ နေထိုင်နိုင်တယ်ဆိုတာကို သိထားရပါမယ်။

    ၄။ ကိုယ့်ရဲ့ အခြေအနေကို အလုံးစုံ နားလည်လက်ခံထားနိုင်ရမယ်။

    ၅။ ကိုယ် ဖွင့်ပြောပြမယ့်သူဟာ ကိုယ့်ဘဝအတွက် အရေးကြီးတဲ့ သူ ဟုတ်၊ မဟုတ်ကို အကဲဖြတ်လေ့လာရမယ်။

    ၆။ ကိုယ့်ရောဂါအခြေအနေကို ဖွင့်ပြောဖို့ သူဟာ ယုံကြည်အားကိုးရတဲ့ သူ ဖြစ်နိုင်လားဆိုတာ ဆန်းစစ်ကြည့်ရမယ်။

    ၇။ ကိုယ့်ရဲ့ အခြေအနေကို နားလည်လက်မခံပေးနိုင်တဲ့သူတွေ၊ ကဲ့ရဲ့တဲ့သူတွေ ရှိနေနိုင်တယ်ဆိုတာ အမြဲ စိတ်ထဲမှာ လက်ခံထားပါ။

    ၈။ ကိုယ့်ရဲ့ ဘဝ၊ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ အားနာနေဖို့၊ တောင်းပန်နေဖို့ မလိုအပ်ဘူးဆိုတာကို အမြဲတွေးထားပါ။

    ၉။ ဖွင့်ပြောသည် ဖြစ်စေ၊ မပြောသည်ဖြစ်စေ၊ စိတ်ကို အမြဲ ပေါ့ပေါ့ပါးပါး ထားပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 28/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement