backup og meta

လိင်ဆက်ဆံပြီးနောက် ဆောင်ရန်၊ရှောင်ရန် အချက် (၁၁) ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Arkar Hein မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်ဆက်ဆံပြီးနောက် ဆောင်ရန်၊ရှောင်ရန် အချက် (၁၁) ချက်

    လိင်မှုကိစ္စဆိုတာ တခြားကိုယ်လက်လှုပ်ရှားမှု ကိစ္စတွေထက် ရောဂါ ကူးစက်နိုင်ခြေ မြင့်မားပါတယ်။ ဒါ့ကြောင့် လိင်မဆက်ဆံခင်ကတည်းက သင့်အနေနဲ့ လိင်မှတစ်ဆင့်ကူးစက်ရောဂါ (STD) တွေနဲ့ သန္ဓေတားဖို့အတွက် ကြိုတင်ပြင်ဆင်ထားသင့်သလို လိင်ဆက်ဆံအပြီးမှာလည်း ဆောင်ရန်၊ ရှောင်ရန် အချက်လေးတွေ ရှိပါတယ်။ အခုဒီမှာတော့ Hello ဆရာဝန် ပရိတ်သတ်ကြီးအတွက် လိင်ဆက်ဆံပြီးနောက် လုပ်သင့်တဲ့ အရာတွေနဲ့ ရှောင်သင့်တဲ့ အရာ (၁၁) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

    ၁။ ဆေးကြောပါ။

    လိင်ဆက်ဆံပြီးတာနဲ့ ချက်ခြင်း ရေချိုးခန်းကို သွားပြီး ဆေးကြောစရာတော့ မလိုအပ်ပါဘူး။ ဒါပေမဲ့ လိင်ဆက်ဆံပြီးနောက် လိင်အင်္ဂါတွေကို ဆေးကြောပေးခြင်းဟာ ဆီးလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ (UTIs) တွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒီလိုဆေးကြောတဲ့ အခါမှာလည်း လိင်အင်္ဂါနားတစ်ဝိုက် (အတွင်းကို မဟုတ်ပါ) နေရာတွေကို ရေနဲ့ ဆေးကြောပေးလို့ရပါတယ်။

    ဆပ်ပြာ အပျော့စားလေးတွေကိုလည်း သုံးလို့ရပေမဲ့ သင်မှာ ဓာတ်မတည့်တဲ့ အရေပြား (သို့) ကူးစက်ရောဂါရှိမယ်ဆိုရင် ဒီလို ဆပ်ကြာနဲ့ ဆေးကြောခြင်းဟာ အရေပြားကို ခြောက်သွေ့ယားယံစေနိုင်ပါတယ်။ အမျိုးသားတွေဆိုရင် လိင်တံထိပ်ငုံအရေပြားကို နောက်သို့ ဆွဲလှန်ပြီး ရေနဲ့ ဖြည်းညှင်းစွာ ဆေးကြောပေးနိုင်ပါတယ်။

    ၂။ လိင်အင်္ဂါ အတွင်းသို့ ဆေးကြောတာမျိုး မလုပ်ပါနဲ့။

    အမျိုးသမီး တချို့ကတော့ လိင်ဆက်ဆံပြီးတဲ့ အခါမှာ လိင်အင်္ဂါ အတွင်းပိုင်းကို ရေအခြေခံပြီး ထုတ်လုပ်ထားတဲ့ သန့်စင်ဆေးရည်တွေနဲ့ ဆေးကြောပေးသင့်တယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ ဒီလို လုပ်ခြင်းက ကူးစက်ရောဂါတွေကို ပိုဖြစ်စေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလို ဆေးကြောလိုက်တဲ့အခါမှာ မွေးလမ်းကြောင်းကို ကာကွယ်ပေးနေတဲ့ ဘက်တီးရီးယားပမာဏကို နည်းပါးသွားစေနိုင်လို့ပါပဲ။ ဒါကြောင့် မွေးလမ်းကြောင်းကို အကောင်းဆုံး ဂရုစိုက်ချင်တယ်ဆိုရင်တော့ လိင်ဆက်ဆံပြီး မွေးလမ်းကြောင်းကို ဒီအတိုင်းထားလိုက်ဖို့ပါပဲ။ မွေးလမ်းကြောင်းဟာ သူ့ဘာသာ သန့်ရှင်းရေး လုပ်တဲ့အင်္ဂါဖြစ်ပြီး နူးနူးညံ့ညံ့ကိုင်တွယ်ဖို့လိုပါတယ်။ ဒါ့အပြင် မွေးလမ်းကြောင်းမှ သိပ်မပြင်းတဲ့ အနံ့တစ်မျိုးထွက်နေတာဟာ သာမန်သာဖြစ်ပြီး ရောဂါဖြစ်နေတာ မဟုတ်ကြောင်းလည်း မှတ်ထားဖို့လိုပါတယ်။

    ၃။ ရိုးရိုးရေ ဖြင့်သာ သန့်ရှင်းရေး လုပ်ပါ။

    အမျိုးသမီးမွေးလမ်းကြောင်း သန့်ရှင်းဆေးရည်တွေအပြင် ဆေးဆိုင်တွေမှာ သင့်ရဲ့ အင်္ဂါကို သန့်ရှင်းသွားစေနိုင်တယ်ဆိုတဲ့ ဆေးတွေ၊ လိမ်းဆေးတွေ ဖျန်းဆေးတွေ ရောင်းချကြပါတယ်။ ဒီလို ပစ္စည်းတွေဟာ ဆပ်ပြာအပြင်းစားတွေ၊ ကြေးချွတ်ဆေးတွေ၊ ဆေးကြောဆေးရည်တွေ၊ ရေမွှေးတွေ၊ လိမ်းဆေးဆီတွေနဲ့ ပြုလုပ်ထားပြီး ဒီလိုပြင်းထန်တဲ့ အရာတွေက သင့်ရဲ့ အရေပြားကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် လိင်ဆက်ဆံအပြီး ဆေးကြောချင်တယ်ဆိုရင်လည်း

    သာမန်ရေနွေးနွေးလေးနဲ့သာ ဆေးကြောပေးသင့်ပါတယ်။ ဒါ့အပြင် အထူးသဖြင့် သင်မှာ ကူးစက်ရောဂါရှိနေမယ်ဆိုရင် အနံ့ဆွတ်ထားတဲ့ မီးယပ်လာချိန်တွင် ရာသီသွေးထိန်းရန် ထည့်ရ သော အတောင့်တွေ၊ မီးယပ်လာချိန်ကပ်ထားရတဲ့ အမျိုးသမီးသုံးအချပ်တွေ၊ ပေါင်ဒါတွေနဲ့ ဖျန်းဆေးတွေကိုလည်း လုံးဝအသုံးမပြုဖို့လိုပါတယ်။

    ၄။ ဆီးအိမ်ကို ရှင်းပါ။

    လိင်ဆက်ဆံချိန်မှာ ခန္ဓာကိုယ်မှ ဆီးများကို စွန့်ထုတ်ပေးတဲ့ ဆီးလမ်းကြောင်းမှာ ဘက်တီးရီးယားတွေ ရောက်လာနိုင်ပါတယ်။ ဆီးလမ်းကြောင်းထဲ ဘတ်တီးရီးယားတွေ ရှိနေမယ်ဆိုရင် သင့်အနေနဲ့ ကူးစက်ရောဂါ ခံစားရနိုင်ခြေ များပါတယ်။ သင်ဆီးသွားလိုက်တဲ့ အခါမှာ ဒီဘက်တီးရီးယားပိုးတွေကို ရှင်းလင်းပစ်လိုက်နိုင်ပါတယ်။ ဒါ့ကြောင့် လိင်ဆက်ဆံအပြီး ခဏအကြာမှာ ဆီးသွားပေးဖို့လိုပြီး အမျိုးသမီးတွေဆိုရင်လည်း ဆီးသွားပြီးတဲ့နောက် ဘက်တီးရီးယားတွေ

    ပျံ့ပွားခြင်းမှ ကာကွယ်ဖို့အတွက် ရေဆေးရင် ရှေ့မှ နောက်သို့ဆေးကြောပေးသင့်ပါတယ်။

    ၅။ ရေများများသောက်ပါ။

    ရေများများသောက်တာက ခန္ဓာကိုယ်ကျန်းမာရေးအတွက်လည်း ကောင်းတဲ့ အပြင် လိင်ဆက်ဆံတော့မယ့်အချိန်မှာလည်း ရေများများသောက်ဖို့မမေ့ပါနဲ့။ ဘာကြောင့်လဲဆိုတော့ သင့်မှာ ရေဓာတ်ပြည့်ဝနေရင် ပိုပြီးဆီးသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီအခါ ကူးစက်ရောဂါ ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို ပိုပြီး ရှင်းထုတ်နိုင်မှာ ဖြစ်ပါတယ်။

    ၆။ အဝတ်အစားချောင်ချောင်ချိချိ ဝတ်ဆင်ပါ။

    ပူလောင်ပြီး ချွေးထွက်များတဲ့ နေရာတွေမှာ ဘက်တီးရီးယားတွေနဲ့ မှိုတွေ ပိုရှင်သန်နိုင်ပါတယ်။ ဒါကြောင့် လေဝင်လေထွက်ကောင်းမယ့် အတွင်းခံဘောင်းဘီမျိုးကို ဝတ်ဆင်ဖို့လိုပါတယ်။ အမျိုးသမီးတွေ အနေနဲ့လည်း အရမ်းကျပ်တဲ့ အသားကပ်ဘောင်းဘီတွေ၊ အမျိုးသမီးအတွင်းခံဘောင်းဘီတွေ ဝတ်ဆင်တာကို ရှောင်ကြဉ်သင့်ပါတယ်။ ချည်သား အတွင်းခံတွေက လေဝင်လေထွက်ကောင်းပြီး အေးမြစေနိုင်တဲ့ အတွက် ဒီလို ချည်ထည်အတွင်းခံမျိုးကိုသာ ဝတ်ဆင်နိုင်ပါတယ်။

    ၇။ လက်ကို သေချာဆေးကြောပါ။

    ကိုယ်အဖော်ရဲ့ လိင်အင်္ဂါတွေကို ထိတွေ့လိုက်မယ်ဆိုရင် သင့်အနေနဲ့ ဘက်တီးရီးယားပိုးတွေ ကူးစက်ခံရနိုင်ခြေ မြင့်မားနိုင်ပါတယ်။ ဒါ့ကြောင့် ဒီလို ထိတွေ့ပြီးရင် လက်ကို သေချာဆေးကြောခြင်းက ကူးစက်ရောဂါတွေ ပြန့်ပွားခြင်းကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။ ဒါ့ကြောင့် လိင်ဆက်ဆံအပြီးမှာ လက်ကို သေချာဆေးကြောခြင်းကိုလည်း သေချာပြုလုပ်သင့်ပါတယ်။

    ၈။ လိင်မှုဆိုင်ရာ အရုပ်တွေကို သေချာဆေးကြောပေးပါ။

    ဒီလို လိင်မှုဆိုင်ရာ အရုပ်တွေကို သင်အသုံးပြုတဲ့အခါမှာ ဘတ်တီးရီးယားတွေ၊ ဗိုင်းရပ်စ်ပိုးတွေ နဲ့ မှိုတွေ ကပ်တွယ်နေနိုင်ပါတယ်။ ဆိုလိုတဲ့ သဘောက သင့်ရဲ့ လိင်အရုပ်တွေက လိင်မှ တစ်ဆင့်ကူးစက်တဲ့ ရောဂါ (STD) တွေနဲ့ တစ်ခြားသောကူးစက်ရောဂါတွေကို ပျံ့ပွားစေနိုင်တယ်ဆိုတာပါပဲ။ ဒါ့ကြောင့် ဒီအရုပ်တွေကို အသုံးပြုပြီးတဲ့ အခါတိုင်း ဘယ်လိုဆေးကြောရမလဲဆိုတဲ့ ညွှန်ကြားချက်တွေကို ဖတ်ပြီး ဆေးကြောပေးပါ။ ရောဂါပိုးတွေ ကူးစက်စေနိုင်တဲ့အတွက် လိင်မှု အရုပ်တွေကို တစ်ယောက်တည်းသုံးတာက အကောင်းဆုံးပါပဲ။ တကယ်လို့ မဖြစ်မနေ ဝေမျှပြီး သုံးရတော့မယ်ဆိုရင်လည်း သုံးတဲ့အခါ ကွန်ဒုံး အသုံးပြုသင့်ပါတယ်။

    ၉။ မှိုကူးစက်ရောဂါတွေကို သေချာစောင့်ကြည့်ပါ။

    လိင်ဆက်ဆံချိန်မှာ မှိုရောဂါတွေဟာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်ကူးစက်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ ယားယံခြင်း၊ ပူစပ်ခြင်းနဲ့ အဖြူရောင် ပြည်တွေ မွေးလမ်းကြောင်း (သို့) လိင်တံမှ ထွက်လာတာကိုတွေ့ရမယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ် ။

    ၁၀။ သွေးစစ်ဖို့ အမြဲတမ်း သတိရှိပါ။

    သင်က လိင်မှုကိစ္စတွေကို ပုံမှန်လုပ်တတ်သူတစ်ယောက် (သို့) လိင်ဆက်ဆံဖော်သစ်တစ်ယောက်နဲ့ လိင်ဆက်ဆံပြီးမယ်ဆိုရင် လိင်မှတစ်ဆင့်ကူးစက်ခံရတဲ့ ရောဂါ (STD) တွေကို သွားရောက်စစ်ဆေးသင့်ပါတယ်။ အစပိုင်းမှာ ဒီရောဂါတွေက လုံးဝ ရောဂါ လက္ခဏာမပြတဲ့ အတွက် သွေးစစ်ခြင်းကပဲ သင့်မှာ ရောဂါ ကူးစက်ခံထားရလားဆိုတာ သိစေနိုင်မှာပါ။ သင့်အနေနဲ့ ပြည်ထွက်ခြင်း၊ နာကျင်ခြင်း၊ မီးလောင်ရည်ကြည်ဖုတွေ၊ အနာများ၊ အနီဖုများနဲ့ အဖုများ သင့်လိင်အင်္ဂါနား ပေါက်လာသလားဆိုတာကိုလည်း ကြည့်ရှုလို့ရပါတယ်။

    ၁၁။ ကိုယ်ဝန်ရှိနေတဲ့ အချိန် ပိုပြီး ဂရုစိုက်ပါ။

    ကိုယ်ဝန်ဆောင်နေတဲ့ အချိန် လိင်မှုကိစ္စဟာ ပုံမှန်အားဖြင့် စိတ်ချရပေမဲ့ ဆီးလမ်းကြောင်း ကူးစက်ရောဂါတွေ ရနိုင်ခြေမြင့်မားတဲ့ အတွက် ကိုယ်ဝန်ရှိတဲ့အချိန် ပိုပြီး ဂရုစိုက်ဖို့လိုပါတယ်။ ဒီလိုကာကွယ်ဖို့အတွက် အထက်မှာ ဖော်ပြထားခဲ့တဲ့ လိင်ဆက်ဆံပြီး ဆီးသွားတာမျိုး၊ မွေးလမ်းကြောင်း တဝိုက်ညင်သာစွာ ဆေးကြောပေးခြင်းမျိုးကို ပြုလုပ်ပေးသင့်ပြီးသင့်ရဲ့ အဖော်ဖြစ်သူကိုလည်း ဒီလို ထပ်တူ လုပ်ခိုင်းသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Arkar Hein မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement