backup og meta

အန္တရာယ်ကင်းပြီး စိတ်ချရတဲ့ လိင်ဆက်ဆံခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Seinn Moe Satt မှ ရေးသားသည်။ · 20/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အန္တရာယ်ကင်းပြီး စိတ်ချရတဲ့ လိင်ဆက်ဆံခြင်း

    အန္တရာယ်ကင်းပြီး စိတ်ချရတဲ့ လိင်ဆက်ဆံခြင်း အကြောင်း လေ့လာလိုက်ရအောင်နော်။

    အန္တရာယ်ကင်းပြီးစိတ်ချရတဲ့ လိင်ဆက်ဆံခြင်းဆိုတာ …. လိင်ဆက်ဆံမှုပြုလုပ်ပေမယ့် သင်နဲ့သင့်အဖော်ကိုလဲကာကွယ်နေသလို၊ တစ်ပြိုင်နက်တည်းမှာပဲ ….လိင်ကတဆင့်ကူးစက်နိုင်တဲ့ရောဂါတွေနဲ့ မလိုချင်ဘဲကိုယ်ဝန်ရတာတွေကို ကာကွယ်တာလဲ ဟုတ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် တစ်ယောက်နဲ့တစ်ယောက် သုက်ရည်၊ မိန်းမကိုယ်ကထွက်တဲ့အရည်နဲ့ သွေးတွေကိုရောယှက်ခြင်း မရှိတဲ့ လိင်ဆက်ဆံခြင်းပါပဲ။ စိတ်မချရတဲ့လိင်ဆက်ဆံခြင်းကတော့…. သင်နဲ့သင့်ရဲ့ အဖော်ကို ကာလသားရောဂါလို HIV လို အသည်းရောင်အသားဝါ ဘီပိုး စီပိုးလို ဆီးပူညောင်းကျလို ရောဂါတွေ ကူးစက်စေနိုင်ရုံသာမက မလိုချင်တဲ့ ကိုယ်ဝန်ပါ ရနိုင်ပါတယ်။

    အန္တရာယ်ကင်းပြီး စိတ်ချရတဲ့ လိင်ဆက်ဆံခြင်း

    အန္တရာယ်ကင်းပြီး စိတ်ချရတဲ့ လိင်ဆက်ဆံခြင်း ဆိုတာ ဘာလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

    စိတ်ချရတဲ့ လိင်ဆက်ဆံခြင်းနဲ့ ကွန်ဒုံး

    ကွန်ဒုံးတွေဟာ မှန်မှန်ကန်ကန်သာ အသုံးပြုမယ်ဆိုရင် လိင်ဆက်ဆံဖော်ကြား သုက်ရည်၊ သွေးနဲ့ မိန်းမကိုယ်ကထွက်တဲ့ အရည်တွေကို မရောသွားအောင် နဲ့ ရောဂါပိုးတွေ ကူးစက်တာကို တားပေးနိုင်တဲ့ အကောင်းဆုံးအကာအကွယ် ပစ္စည်းပါပဲ။ ကွန်ဒုံးတွေကို အသုံးပြုမယ်ဆိုရင် သင့်အနေနဲ့ ဒါတွေကို သိထားဖို့လိုပါတယ်။

    • အမျိုးသားသုံးကွန်ဒုံးဟာ ရာဘာနဲ့လုပ်ထားတာဖြစ်ပြီး ပုံစံအမျိုးမျိုးအရွယ်အစားအမျိုးမျိုးရနိုင်ပါတယ်။ နှစ်ထပ်စွပ်ခြင်းဟာ လုံးဝမလုပ်သင့်တဲ့အရာတစ်ခုဖြစ်ပြီး တကယ်လို့ သင့်အနေနဲ့ လိင်ဆက်ဆံချိန် အရမ်းကြာလာရင်တော့ နောက်တစ်ခုကို လဲသင့်ပါတယ်။
    • အမျိုးသမီးသုံး ကွန်ဒုံးတွေကိုတော့ အရွယ်အစားတစ်မျိုးတည်း ပြုလုပ်လေ့ရှိပြီး လူတိုင်းနဲ့တော်ပါတယ်။
    • တကယ်လို့ သင့်အနေနဲ့ ထိုးသွင်းတဲ့လိင်ဆက်ဆံခြင်းမျိုးကို ဆောင်ရွက်မယ်ဆိုရင် ကွန်ဒုံးကို သုံးသင့်ပြီး လက်နဲ့လိင် ဆက်ဆံမယ် မိန်းမကိုယ် ဒါမှမဟုတ် စအိုထဲကို လက်နဲ့ထိုးသွင်းမယ်ဆိုရင်တော့ ရာဘာလက်အိတ်တွေကို သုံးသင့်ပါတယ်။ ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းအတွက်လဲ dental gum လို့ခေါ်တဲ့ အကာအကွယ်ကို သုံးသင့်ပါတယ်။ Dental gum က အလွယ်တကူမရနိုင်ရင် ပါးစပ်နဲ့လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်တာက သင့်အတွက် အန္တရာယ်အကင်းဆုံးဖြစ်မှာပါ။
    • စိတ်ချရတဲ့ လိင်ဆက်ဆံမှုအတွက် ကွန်ဒုံးကို လိင်ဆက်ဆံမှု အစကနေ အဆုံးအထိ သုံးရမှာပါ။
    • ချောဆီသုတ်လိမ်းထားတဲ့ ကွန်ဒုံးအသစ်ကို သုံးရပါမယ်။ ဘူးခွံပေါ်က သက်တမ်းကုန်ဆုံးရက်ကို ကြည့်ရမှာဖြစ်သလို လက်သည်းတွေ လက်ဝတ်ရတနာတွေ သွားတွေကြောင့် အပေါက်အပြဲရှိနေမနေလည်း သေချာစစ်ဆေးရမှာပါ။
    • တကယ်လို့ ကွန်ဒုံးမှာပါတဲ့ ချောဆီတင်မက အပိုချောဆီထပ်လိုတယ်ဆိုရင် K Y Jelly လို ရေဓာတ်ကို အခြေခံတဲ့ ချောဆီကိုသာ သုံးပါ။ ရေဓာတ်အခြေမခံတဲ့ ချောဆီဆိုရင် ကွန်ဒုံးပေါက်နိုင်လို့ပါ။

    အန္တရာယ်ကင်းပြီး စိတ်ချရတဲ့ လိင်ဆက်ဆံခြင်းအတွက် တခြားလိုက်နာရမယ့် အချက်များ

    (၁) လိင်ဆက်ဆံဖော် တစ်ယောက်ပဲထားပါ။ သင်တို့နှစ်ယောက်လုံးမှာ လိင်ကတဆင့်ကူးစက်နိုင်တဲ့ရောဂါကင်းတယ်ဆိုရင် သင့်လိင်ဆက်ဆံခြင်းက အန္တရာယ်ကင်းနေမှာပါ။ သင့်မှာ လိင်ဆက်ဆံဖော်အသစ်ရှိတော့မယ်ဆိုရင် ဘီပိုး၊ စီပိုး၊ HIV ပိုးနဲ့ ကာလသားရောဂါ ကင်းမကင်းစစ်ဆေးပြီး ရှိရင်ကုသပါ။ ကုသသူ ဆရာဝန်က ကုသမှုပြီးဆုံးပြီး လိင်ဆက်ဆံမှုလုပ်လို့ပြီဆိုမှသာ လိင်ဆက်ဆံခြင်းကို စတင်ပါ။

    (၂) သင့်ရဲ့လိင်ဆက်ဆံဖက်နဲ့ ရင်းနှီးပွင့်လင်းစွာ ဆက်နွယ်ပြီး သင်က ဘယ်လိုအရာကိုပိုကြိုက်တယ်၊ သူကဘယ်လိုဆက်ဆံမှုမျိုးကို ပိုနှစ်သက်တယ်ဆိုတာကို ဆွေးနွေးတိုင်ပင်ပြီး နေထိုင်ပါ။ တစ်ယောက်နဲ့တစ်ယောက် လေးစားမှုရှိပါစေ။

    (၃) အရက်နဲ့ မူးယစ်ဆေးဝါးတွေဟာ သင့်ရဲ့မှန်ကန်စွာ ဆုံးဖြတ်နိုင်စွမ်းကို ကျဆင်းစေပါတယ်။ လုပ်ပြီးနောင်ကျရင် ပြန်နောင်တရမယ့် လိင်ဆက်ဆံခြင်းမျိုး ဒါမှမဟုတ် အတင်းအကျပ်တိုက်တွန်းခံရတဲ့ လိင်ဆက်ဆံခြင်းမျိုးမဖြစ်အောင် သင့်ကိုယ်သင် အမြဲကာကွယ်ပါ။ နောင်တရနေပြီဆိုရင် ချက်ချင်းရုန်းထွက်ပါ။

    (၄) ကိုယ်ဝန်မရဖို့အတွက်ဆိုရင်တော့ လိုအပ်လာရင် တခြားနည်းလမ်းတွေဖြစ်တဲ့ တားဆေးသုံးတာမျိုးကိုလည်း လုပ်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Seinn Moe Satt မှ ရေးသားသည်။ · 20/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement