backup og meta

အမျိုးသမီးများအတွက် သန့်ရှင်းလှပတဲ့ ဆီးခုံမွေး (ဣန္ဒြေမွေး) ရရှိစေနိုင်မယ့် လမ်းညွှန်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Arkar Hein မှ ရေးသားသည်။ · 23/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသမီးများအတွက် သန့်ရှင်းလှပတဲ့ ဆီးခုံမွေး (ဣန္ဒြေမွေး) ရရှိစေနိုင်မယ့် လမ်းညွှန်

    သန့်ရှင်းလှပတဲ့ ဆီးခုံမွေး ရရှိဖို့၊ ဆီးခုံမွေးတွေကို ဘယ်လိုပုံစံမျိုးထားတာက အကောင်းဆုံးဖြစ်မလဲဆိုတာ စဉ်းစားရကြပ်နေပါသလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးကို ဆက်ဖတ်ကြည့်လိုက်ပါ။ ကျွန်တော်တို့ အမျိုးသားတွေရော၊ အမျိုးသမီးတွေရော သက်ဆိုင်ရာ လိင်အင်္ဂါ နားတစ်ဝိုက်မှာ အမွေးအမျှင်တွေ စပေါက်လာတာနဲ့ ဒီအမွေးတွေဟာ ရိတ်ဖို့ အတွက်ပဲ၊ နှုတ်ဖို့ အတွက်ပဲ ဖြစ်တယ်လို့ တွေးတတ်ကြပါတယ်။

    တကယ်တော့ ဒီလို တွေးတာတွေကလည်း သဘာဝတော့ကျပါတယ်။ ကျွန်တော်တို့ မြင်တွေ့နေရတဲ့ ကြော်ငြာအများစုကလည်း ဆီးခုံမွေးတွေကို ရိတ်ဖို့၊ ညှပ်ဖို့ ကြော်ငြာနေကြတာမို့ပါ။ ဒါပေမဲ့ ဒီဆောင်းပါးလေးထဲမှာ ဘာကြောင့် အမျိုးသမီးတွေ အတွက်ပဲ ဖော်ပြရတာလဲဆိုတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဆီးခုံမွေးများကို ပိုပြီး ဂရုစိုက်တတ်ကြတဲ့ အတွက်ဖြစ်ပါတယ်။

    စစ်တမ်းများအရတော့ အမျိုးသမီး ၈၄ ရာခိုင်နှုန်းခန့်ဟာ ဆီးခုံမွေးသန့်ရှင်းရေးကို လုပ်ဆောင်တတ်ကြပြီး အမျိုးသားတွေကတော့ ၆၄ ရာခိုင်နှုန်းခန့်သာ သန့်ရှင်းလေ့ရှိကြတယ်လို့ ဆိုပါတယ်။

    ဆီးခုံမွေးတွေကို ဘယ်လို ထားသင့်သလဲ ဆိုတာနဲ့ ပတ်သတ်ပြီး လူတစ်ယောက်ချင်းစီမှာ အမြင်တစ်ခုစီရှိတတ်ကြပါတယ်။ ဒီတော့ ဘယ်လို နည်းလမ်းက အဆင်ပြေမလဲ ဆိုတာ တစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး။ ဒီတော့ သင့်အနေနဲ့ အမွေးတွေကို ရိတ်သင့်သလား။ဒါမှမဟုတ် ဒီအတိုင်းထားတာက ပိုကောင်းသလားဆိုတာ တွေဝေမိမှာပါပဲ။

    ဆီးခုံမွေးပေါက်တဲ့ ပုံစံဟာ အသက်အရွယ်၊ လူမျိုး၊ တစ်ယောက်ချင်းစီရဲ့ ပင်ကိုယ် လက္ခဏာ အပေါ် မူတည်ပြီး တစ်ယောက်နဲ့ တစ်ယောက် ကွဲပြားခြားနားပါတယ်။ “အခုအချိန်မှာ အများစုက ဆီးခုံမွေးတွေကို ပုံသွင်းခြင်း၊ အမွေးချွတ်ခြင်းတို့ကို ပြုလုပ်တတ်ကြပေမဲ့ ဒီဆုံးဖြတ်ချက်ဟာ မိမိကိုယ်တိုင်သာ စဉ်းစားပြီး လုပ်ဆောင်သင့်ပါတယ် ” လို့ နယူးယောက်မြို့ရှိ Columbia University Medical Center မှ အရေပြားရောဂါ အထူးကု လက်ထောက်ပါမောက္ခ ကေတီ ဘာရစ် (Katy Burris) ကဆိုပါတယ်။

    ဒီတော့ ကိုယ့်ရဲ့ ဆီးခုံမွေးတွေနဲ့ ပတ်သတ်ပြီး ဘယ်လိုပုံစံထားမလဲဆိုတာကို ဘယ်လို ဆုံးဖြတ်ရမလဲဆိုတာ စဉ်းစားနေကြတဲ့ Hello Sayarwon ပရိတ်သတ်ကြီးအတွက် အသုံးဝင်မယ့် နည်းလမ်းတစ်ချို့နဲ့ ကျန်းမာရေးအတွက် သင့်လျော်တဲ့ နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

    သန့်ရှင်းလှပတဲ့ ဆီးခုံမွေး (ဣန္ဒြေမွေး) များကို သပ်သပ်ရပ်ရပ်ထားရှိနိုင်မယ့် နည်းလမ်းများ ။

    ၁။ ဒီအတိုင်း ကြီးထွားစေခြင်း။

    သင်က လုံးဝသဘာဝအတိုင်းပဲ ကြိုက်နှစ်သက်သူတစ်ယောက်ဆိုရင်တော့ ထွေထွေထူးထူး ဘာမှကို လုပ်စရာမလိုပါဘူး။ သင့်ရဲ့ ဆီးခုံမွေးဟာ သတ်မှတ်ထားတဲ့ အတိုင်းအတာ တစ်ခုအထိသာ ရှည်မှာ ဖြစ်ပြီး ဆက်တိုက် ရှည်သွားမှာ မဟုတ်ပါဘူး။ သင့်အနေနဲ့ တိုတိုလေးပဲ ထားမယ်ဆိုရင်လည်း ဆီးခုံမွေးညှပ်ကိရိယာတွေ၊ ကပ်ကြေးတွေကို အသုံးပြုပြီး တိုအောင်ထားလို့ရပါတယ်။

    ဆောင်ရန် အချက်-

    ကပ်ကြေးတွေ သုံးမယ်ဆိုရင် ပိုးအရင် သတ်ပါ။ ဒီကပ်ကြေးကို ဆီးခုံမွေးညှပ်ဖို့အတွက်ပဲ သုံးသင့်ပြီး တခြား ဘယ်အရာကိုမှ မသုံးသင့်ပါဘူး။ ဒါ့အပြင် ဝေမျှပြီးလည်း အသုံးသင့်ပါဘူး။

    ၂။ ရိတ်ခြင်း။

    ဆီးခုံမွေးတွေကို ရိတ်တဲ့ သူတိုင်း အရေပြား ရှဖူးကြပါတယ်။ ဒါ့အပြင် ဆီးခုံမွေးရိတ်တဲ့ အခါမှာ ကိုယ်တောင် ဒဏ်ရာမသိလိုက်တဲ့ ရှရာလေးတွေလည်း ဖြစ်တတ်ပါတယ်။ ဒီနေရာကနေ ဘက်တီးရီးယား ပိုးတွေ ဝင်ရောက်နိုင်ပါတယ်။ ဒါကြောင့် သန့်ရှင်းတဲ့ ဘလိတ်ဓားသုံးပြီး သန့်ရှင်းတဲ့ အောက်ခံဘောင်းဘီများကို ရိတ်ပြီးတဲ့အချိန် ဝတ်ဆင်သင့်ပါတယ်။

    ဆောင်ရန် အချက်– ဆီးခုံမွေးရိတ်တဲ့ အချိန်မှာ အရေပြားကို ကာကွယ်ဖို့ အတွက် အမွေးရိတ်တဲ့အချိန်မှာ သုံးတဲ့ ဂျဲလ် (သို့) ချောဆီများကို အသုံးပြုသင့်ပါတယ်။ ရိတ်ပြီးတဲ့ အခါမှာလည်း ယားယံခြင်းကို ကာကွယ်ဖို့အတွက် lotion တစ်မျိုးမျိုး၊ တ်မတည့်ခြင်းကို ပျောက်ကင်းစေတဲ့ ကော်တီစုန်း Cream (cortisone) တစ်မျိုးမျိုးကို လိမ်းထားသင့်ပါတယ်။ ဒီ Lotion တွေ၊ Cream တွေကို မွေးလမ်းကြောင်း အဝနား မလိမ်းဖို့လည်း လိုပါတယ်။

    အမျိုးသမီးများအတွက် သန့်ရှင်းလှပတဲ့ ဆီးခုံမွေး (ဣန္ဒြေမွေး) ရရှိစေနိုင်မယ့် လမ်းညွှန်

    ၃။ ဖယောင်းဖြင့် အမွေးချွတ်ခြင်း၊ အပ်ချည်ဖြင့် အမွေးချွတ်ခြင်း (Waxing and threading)

    ဖယောင်းနဲ့ အမွေးချွတ်တဲ့ နည်းလမ်းရော၊ အပ်ချည်ဖြင့် အမွေးချွတ်တဲ့ နည်းလမ်းရော၂ ခုလုံးက ဆီးခုံမွေးများကို အမြစ်မှ ချွတ်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ ဒီနည်းတွေ အသုံးပြုတဲ့အခါမှာ

    • မွေးညင်းပေါက် ရောင်ရမ်းခြင်း။ (folliculitis)
    • မွေးကျွတ်နာ
    • ပြည်တည်နာဖြစ်ခြင်း၊
    • ပြည်တည်ရောင်ရမ်းခြင်းစတဲ့ ကူးစက်ဝေဒနာတွေကို ဖြစ်စေနိုင်ပါတယ်။

    လတ်တလော လေ့လာချက်အရတော့ ဖယောင်းနဲ့ အမွေးချွတ်ခြင်းဟာ အရေပြားနာတွေ၊ အဖုတွေကို ဖြစ်စေနိုင်တဲ့ Molluscum contagiosum ဆိုတဲ့ အရေပြားကူးစက်ရောဂါတွေကို ဖြစ်စေနိုင်တယ် လို့ဆိုပါတယ်။ အိမ်နေရင်း ကိုယ့်ဘာသာလုပ်တာပဲ ဖြစ်ဖြစ်၊ ကျွမ်းကျင်သူများနဲ့ လုပ်တာပဲ ဖြစ်ဖြစ် ဖယောင်းနဲ့ အမွေးချွတ်တဲ့အခါ ဒီ အန္တရာယ်တော့ ရှိနေပါတယ်။

    ဆောင်ရန် အချက်။

    ဒီလို အန္တရာယ်တွေ ရှိနေတာကြောင့် ဖယောင်းနဲ့ အမွေးချွတ်ခြင်း မလုပ်သင့်ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ နည်းစနစ်မှန်မှန်နဲ့ ပြုလုပ်ပေးတဲ့ အလှပြင်ဆိုင်တွေကိုသာ ရွေးချယ်ရင် ဒီအန္တရာယ်တွေကို ကာကွယ်နိုင်ပါတယ်။

    သန့်ရှင်းတဲ့ ဆေးခန်းနဲ့ ဖယောင်းချွတ်ခြင်းနည်းစနစ်ကို ကျန်းမာရေးနဲ့ လျော်ညီစွာ ပြုလုပ်ပေးနိုင်တဲ့ အလှပြင်နည်းပညာရှင်ကို သေချာရွေးချယ်ပါ။ ဒါ့အပြင် ဖယောင်းဖြင့် အမွေးချွတ်ခြင်း မလုပ်ခင်မှာလည်း အကြံပေးတိုင်ပင်မှုကို အရင်ဆုံး နားထောင်သင့်ပါတယ်။

    ၄။ ဓာတု အမွေးချွတ်ဆေးများ ။

    ဓာတု အမွေးချွတ်ဆေးများဟာ အလွယ်တကူ အသုံးပြုနိုင်ပြီး ထိရောက်တဲ့ အမွေးချွတ် နည်းစနစ်ဖြစ်ပေမဲ့ ဓာတ်မတည့်ခြင်းနဲ့ ယားယံခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ လူအများစုက ဒီ ဓာတုဆေးတွေနဲ့ ဓာတ်မတည့်တတ်ကြတာမို့ ဓာတုအမွေးချွတ်ဆေးနဲ့ အမွေးမချွတ်ခင် အရေပြားပေါ် တစ်စက်လောက် ချပြီး အရင်စမ်းကြည့်သင့်ပါတယ်။ အရေးကြီးတာ တစ်ခုကတော့ မွေးလမ်းကြောင်းအဝနား ဆေးမသုံးမိဖို့လိုပါတယ်။

    ၅။ လေဆာဖြင့် အမွေးချွတ်ခြင်း ၊ လျှပ်စစ်ဖြင့် အမွေးအမှင်တို့ကို အမြစ်ဖြတ် နုတ်ပယ်အလှဆင်ခြင်း။ (electrolysis)

    လေဆာဖြင့် အမွေးချွတ်ခြင်းရော၊ လျှပ်စစ်ဖြင့် အမွေးချွတ်ခြင်းရော ဒီနည်း ၂ မျိုးလုံးဟာ ရေရှည် အမွေးချွတ်ချင်တဲ့ လူတွေ အတွက် မတူညီတဲ့ နည်းစနစ် (၂) ခုပါ။ နည်း (၂) နည်းလုံးက အရေပြားမျက်နှာပြင်အောက်ရှိ မွေးညင်းပေါက်တွေမှ အမွေးများကို ဖယ်ရှားပေးတာ ဖြစ်ပါတယ်။

    ဒါပေမဲ့ ဖြစ်နိုင်တဲ့ အန္တရာယ်တစ်ခုကတော့ electrolysis နည်းနဲ့ဆိုရင် အရေပြားမှာ အမာရွတ် တစ်ရှူးများ ဖြစ်ပေါ်လာနိုင်ပါတယ်။ သင်ဟာ အရင်က Keloid အမာရွတ်လို့ခေါ်တဲ့ အမာရွတ်များ ပုံမှန်မဟုတ်ဘဲ အဆမတန် ကြီးထွားနေတဲ့ တစ်ရှူးတွေရှိ ဖြစ်ခဲ့ဖူးမယ်ဆိုရင်တော့ ဒီနည်းလမ်းတွေကို မသုံးသင့်ပါဘူး။ ဒီနည်းလမ်း (၂) မျိုးထဲက တစ်ခုခု ရွေးမယ်ဆိုရင်လည်း ကျွမ်းကျင်တဲ့ ဆေးပညာရှင်ရဲ့ ကုသမှုကို ခံယူသင့်ပါတယ်။

    ဘယ်လို ဆီးခုံမွေးပုံစံမျိုးက ကျန်းမာရေးအတွက် အန္တရာယ် အကင်းဆုံးလဲ။

    ဒီနေ့ခေတ်လို အမျိုးသမီးဝတ် အတွင်းခံအမျိုးမျိုး မပေါ်ခင်ကတော့ ဆီးခုံမွေးတွေက ကျန်းမာရေးအတွက်အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်။ ဒီနေ့ခေတ်မှာတော့ ဆီးခုံမွေးတွေဟာ ရှေးဦးလူသားတွေရဲ့ ရှေးဟောင်း အကြွင်းအကျန်တစ်ခုအဖြစ်သာ ကျန်ရှိခဲ့ပါပြီ။

    ဒီနေ့ခေတ်ကြီးမှာတော့ ဆီးခုံမွေးတွေကို ကိုယ့်စိတ်ကြိုက် ဒီအတိုင်းပဲ ထားမလား၊ ရိတ်ပဲ ရိတ်ပစ်မလား၊ အမွေးချွတ်ပစ်မလား စတဲ့ရွေးချယ်မှုတွေကို ပြုလုပ်လာနိုင်ပါပြီ။ လုပ်နည်းစနစ် မှားတာတွေကြောင့် အန္တရာယ်ဖြစ်နိုင်ခြေကို တွက်မယ်ဆိုရင်တော့ ဒီအတိုင်းထားတာက ကျန်းမာရေးအတွက် အကောင်းဆုံးပါပဲ။ ဒါပေမဲ့ ဂရုတစိုက် ရိတ်မယ်၊ ချွတ်မယ်ဆိုရင်လည်း ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။

    သင်ဟာ အလှပြင်ဆိုင်တွေမှာ သန့်ရှင်းလှပတဲ့ ဆီးခုံမွေး ရရှိဖို့အတွက်သွားတဲ့အခါမှာတော့ အလှအပရေးရာ ကျွမ်းကျင်သူကို ကိုယ်လိုချင်တဲ့ ပုံစံ၊ ကိုယ်မလိုချင်တဲ့ ပုံစံတွေကို ပွင့်ပွင့်လင်းလင်း ပြောပြဖို့လိုအပ်ပါတယ်။

    အလှအပဆေးခန်းတွေမှာ ပြုလုပ်နိုင်တဲ့ ဆီးခုံမွေးပုံစံများ

    ရေကူးဝတ်စုံဝတ်မည့်သူများအတွက်သင့်လျော်သော ဆီးခုံမွေးပုံစံ (bikini)– အတွင်းခံဘောင်းဘီ အပြင်ဘက်ထွက်နေသော ဆီးခုံးမွေးများအား ဖယ်ရှားပစ်တဲ့ နည်းစနစ်။

    Brazilian (အမွေးများကို အပြည့်အဝ ဖယ်ရှားခြင်း) (Brazilian, aka Hollywood or Full Monty) – ဆီးခုံဧရိယာတစ်ဝိုက်၊ အမျိုးသမီး အင်္ဂါ နှုတ်ခမ်းတစ်ဝိုက်နဲ့ တင်ပါးဆုံမှ အမွေးများအားလုံး အပြည့်အဝ ဖယ်ရှားခြင်းပုံစံ။

    French ပုံစံ – ဒီပုံစံကတော့ အထက်က နည်းစနစ် ၂ မျိုးကို ရောထားတဲ့ ပုံစံဖြစ်ပြီး အမျိုးသမီး အင်္ဂါနှုတ်ခမ်းဝနဲ့ တင်ပါးဆုံမှ အမွေးများအားလုံးကို ပကတိအတိုင်းထားကာ ကျန်ရှိတဲ့ အမွေးများကို ရှင်းပစ်တဲ့ နည်းစနစ် ဖြစ်ပါတယ်။

    ဆီးခုံမွေးထားရှိတဲ့ ပုံသဏ္ဍာန်များ

    ဖယောင်းနဲ့ အမွေးချွတ်ဖို့ ရွေးချယ်မယ်ဆိုရင် ဆီးခုံမွေး ပုံသဏ္ဍာန်ကိုလည်း ရွေးချယ်နိုင်ပါတယ်။ Brazilian စတိုင်ကို ရွေးမယ်ဆိုရင်တော့ သင့်အနေနဲ့ ဆီးခုံမွေးအချို့ကို ထားရှိပြီး ညှပ်ပစ်နိုင်တယ်။ French ပုံစံ ဖယောင်းနဲ့ အမွေးချွတ်တဲ့ နည်းလမ်းကိုရွေးမယ်ဆိုရင်တော့ ဆီးခုံမွေးကို အမျိုးသမီး အင်္ဂါနှုတ်ခမ်းမှ ဆင်းနေတဲ့ ပုံစံရွေးချယ်နိုင်ပါသေးတယ်။

    အမျိုးသမီးများအတွက် သန့်ရှင်းလှပတဲ့ ဆီးခုံမွေး (ဣန္ဒြေမွေး) ရရှိစေနိုင်မယ့် လမ်းညွှန်

    landing strip – တစ်လက်မခန့် ကျယ်ပြီး တိုတောင်းတဲ့ ဆီးခုံမွေးရှိတဲ့ ပုံစံဖြစ်ပါတယ်။

    mohawk ပုံစံ – landing strip ပုံစံသာဖြစ်ပြီး အကျယ်ကတော့ ပိုကျယ်နေတဲ့ ဆီးခုံမွေးရှိတဲ့ ပုံစံဖြစ်ပါတယ်။

    postage stamp – landing strip ကို စတုရန်း ပုံစံထားရှိတဲ့ ဆီးခုံမွေးပုံစံလည်း ဖြစ်ပါတယ်။

    Bermuda triangle – တြိဂံပုံစံရှိတဲ့ ဆီးခုံမွေးပုံစံဖြစ်ပါတယ်။

    martini glass -ပိုသေးတဲ့ တြိဂံ ပုံစံဖြစ်ပါတယ်။

    heart – နှလုံးသားပုံစံ ဖြစ်ပါတယ်။

    ဆီးခုံမွေး များ အတွင်းဘက် ကြီးထွားပြီး အနီရောင် အဖုများ ဖြစ်ပေါ်တဲ့ ဝေဒနာ (ingrown hairs)။

    Ingrown hairs ဆိုတာ အမွေးများက အရေပြား အထက်တက်ပြီး ပေါက်ရမယ့်အစားအရေပြားအောက်မှာ ပေါက်နေတဲ့ အမွေးများ ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ အရေပြား ဆဲလ်အသေများက မွေးညင်းပေါက်များကို ပိတ်ဆို့နေတဲ့ အတွက် အမွေးများက အပေါ်မှာ ပေါက်နေရမယ့်အစား အတွင်းပေါက်မှာ ပေါက်နေတာ ဖြစ်ပါတယ်။ ဒီလို့ ingrown hairs များဟာ အမွေးရိတ်ခြင်း၊ ဖယောင်းနဲ့ အမွေးချွတ်ခြင်း၊ အပ်ချည်နဲ့ အမွေးချွတ်ခြင်းနဲ့ ဓာတုပစ္စည်းများနဲ့ အမွေးချွတ်ခြင်းတို့ကြောင့် ဖြစ်ပေါ်တဲ့ အကျိုးဆက်တစ်မျိုး ဖြစ်ပါတယ်။

    ဒီလို အမွေးများ အတွင်းဘက်မှာ ကြီးထွားနေခြင်းဟာ အရေပြားကို ယားယံစေပြီး ဝက်ခြံကဲ့သို့သောအနီရောင် အဖုများကို ဖြစ်စေနိုင်ပါတယ်။ သင့်မှာ ဒီလို အနီရောင် အဖုတွေ ဖြစ်နေတာကို တွေ့ရမယ်ဆိုရင် ဇာဂနာနဲ့ ဆွဲနှုတ်ပစ်တာမျိုးကို ရှောင်ရှားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလို ဇာဂနာနဲ့ဖယ်ရှားပစ်ခြင်းက ဒီ ဧရိယာ တစ်ဝိုက်ကို ပိုဆိုးသွားစေနိုင်ပြီး ဘက်တီးရီးယား ရောဂါ ပိုး ကူးစက်ခံရနိုင်ခြေကို မြင့်မားစေနိုင်ပါတယ်။

    ဒီလို အနီရောင်ဖုတွေ ဖြစ်နေပြီဆိုရင် ဇာဂနာ ဖုနဲ့ ဆွဲထုတ်မယ့်အစား အရောင်လျော့သွာစေရန် ရေနွေးဝတ်နဲ့ ဖိပေးနိုင်ပါတယ်။ ဒါ့အပြင် ဆေးဆိုင်တွေမှာ အရောင်လျော့ကျစေတဲ့ ကော်တီစုန်း ခရမ် (cortisone) တွေနဲ့ ဝက်ခြံပျောက်ဆေးတွေ ဖြစ်တဲ့ (benzoyl peroxide) ဆေးတွေကို လိမ်းပေးသင့်ပါတယ်။ တစ်ခု သတိထားရမှာက ဒီဆေးတွေကို မွေးလမ်းကြောင်း အဝနား မလိမ်းမိဖို့လိုပြီး ingrown hairs များက အပြင်းအထန် နာကျင်နေမယ်ဆိုရင် ဆရာဝန်နဲ့ပဲ ဖြစ်ဖြစ် အရေပြားဆရာဝန်နဲ့ပဲ ဖြစ်ဖြစ် သွားရောက် ပြသသင့်ပါတယ်။

    ကျွန်တော်တို့ဆီမှာ ဘာကြောင့် ဆီးခုံမွေးတွေ ရှိနေတာလဲ။ ( ဆီးခုံမွေးများရှိနေခြင်းရဲ့ နောက်ကွယ်က အကြောင်းအရင်း)

    ကျွန်တော်တို့ ခန္ဓာကိုယ်မှာ ရှိနေတဲ့ အင်္ဂါတစ်ခုခြင်းစီတိုင်းဟာ အကြောင်းရင်း တစ်ခုစီကြောင့် ရှိနေတာပါ။ ဒီလိုပဲ ဆီးခုံမွေးများရှိနေတာလည်း အကြောင်းရင်း ရှိနေပါတယ်။

    ဆီးခုံမွေးများရှိနေခြင်းရဲ့ အကြောင်းရင်းကတော့ လိင်အင်္ဂါလို နူးညံတဲ့ အရေပြားတွေကို ကာကွယ်ပေးဖို့အတွက်ရှိနေတာပါ။ ဒါ့အပြင် ဆီးခုံမွေးများဟာ အညစ်အကြေးများနဲ့ ဘက်တီးရီးယားတွေကို မွေးလမ်းကြောင်း အတွင်းထဲသို့ ဝင်ရောက်ခြင်းကိုလည်း ရောဂါကာကွယ်ပေးတဲ့ အနေနဲ့ လုပ်ဆောင်ပေးပါတယ်။ လူအများစုက ဆီးခုံမွေးများ မရှိတဲ့အခါမှာပိုပြီး သန့်ရှင်းသွားတယ်လို့ ခံစားကြပေမဲ့ တကယ်တမ်းက ပြောင်းပြန်ဖြစ်ပါတယ်။

    ဆီးခုံမွေးများရှိနေခြင်းရဲ့ အကြောင်းရင်းများ

  • မွေးလမ်းကြောင်း အပေါက်ဝကို ကာကွယ်ပေးခြင်း၊
  • ချွေးများကို ဖယ်ရှားပေးခြင်း၊
  • ပွတ်တိုက်ခြင်းကြောင်း အရေပြားယားယံခြင်းကို ကာကွယ်ပေးခြင်း၊
  • တချို့သောကူးစက်ရောဂါများကို အတိုင်းအတာတစ်ခု အထိကာကွယ်ပေးခြင်း၊
  • လိင်မှု ကိစ္စအတွက် သဘာဝတုံ့ပြန်မှု တစ်ရပ် အဖြစ် လုပ်ဆောင်ပေးခြင်း။
  • ဆီးခုံမွေးတွေဟာ ချွေးများ အငွေ့ပျံလွယ်စေဖို့အတွက် ပျံ့နှံ့အောင်လုပ်ဆောင်ပေးနိုင်ပြီး အားကစား လုပ်တဲ့ အခါမှာ ဆီးခုံမွေးတွေက သက်ဆိုင်ရာ ဧရိယာတစ်ဝိုက်ကို အေးအောင်လုပ်ပေးနိုင်ပါတယ်။ လိင်ဆက်ဆံချိန်မှာလည်း ပွတ်တိုက်ခြင်းကြောင့် ဖြစ်တဲ့ ယားယံမှုကို အတိုင်းအတာတစ်ခု အထိ ကာကွယ်ပေးနိုင်ပါတယ်။

    ဒါ့အပြင် ဆီးခုံမွေးများဟာ ဆန့်ကျင့်လက်လိင်နဲ့ တွေ့တဲ့ တုံ့ပြန်တဲ့ pheromones လို့ခေါ်တဲ့ apocrine glands မှထွက်ရှိသော အနံ့အသက်များကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဆီးခုံမွေးများကို ပကတိအတိုင်းထားရှိခြင်းက လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါတွေကိုလည်း အတိုင်းအတာ တစ်ခုအထိ ကာကွယ်ပေးနိုင်ပါတယ်။ ဒီလို အတိုင်းအတာ တစ်ခု အထိ ကာကွယ်ပေးနိုင်ပေမဲ့ လိင်ဆက်ဆံချိန်မှာ ကွန်ဒုံးလိုမျိုး အကာအကွယ်တွေအစားအသုံးပြုနိုင်တယ်လို့ဆိုလိုတာ မဟုတ်ပါဘူး။ ဆီးခုံမွေးများဟာ ကွန်ဒုံးလို အကာအကွယ်တွေနဲ့ ယှဉ်ရင် မပြောပလောက်တဲ့ အတိုင်းအတာ တစ်ခု အထိသာ ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။

    လေ့လာချက်တွေ အရတော့ အမွေးများကို သဘာဝအတိုင်းမထားရှိဘဲ သန့်ရှင်းပြုပြင်ခြင်းက လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေ (STD) တွေ ဖြစ်ပွားနိုင်ခြေမြင့်မားစေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ဒီလို ကူးစက်ခံရတဲ့ STD တွေထဲမှာ တွေ့ရအများဆုံးကတော့ ရေယုန် (herpes) ၊ လိင်အင်္ဂါကြွက်နို့တွေကို ဖြစ်စေနိုင်တဲ့ human papillomavirus (HPV) ဗိုင်းရပ်စ် နဲ့ ဆစ်ဖလစ်ရောဂါတို့ပါ။

    နောက်ပိုင်းမှာတော့ ကမ္ဘာတစ်ဝှမ်းမှာ ဆီးခုံမွေးတွေကို ရိတ်ပစ်ခြင်းနဲ့ ချွတ်ပစ်ခြင်းဖြင့် ပိုသန့်ရှင်းပြီးပိုဆွဲဆောင်မှု ရှိစေတယ်လို့ ခံယူကြတဲ့ အတွက် လူတော်တော်များများ လုပ်လာကြပါတယ်။ အမွေးရိတ်ခြင်း၊ ချွတ်ခြင်းနဲ့ ပတ်သတ်ပြီး လေ့လာချက်တစ်ခုမှာတော့ အမေရိကန် အယောက် ၇၅၈၀ ကို လေ့လာခဲ့တဲ့ စစ်တမ်းတစ်ခုမှာ တစ်နှစ်အတွင်း အမွေးရိတ် ၁၁ ကြိမ်ခန့် ရိတ်ကြတဲ့ လူတွေဟာ လိင်မှ တစ်ဆင့် ကူးစက်တဲ့ ရောဂါတွေ ရနိုင်ခြေ ၄ ဆ ခန့် ပိုမြင့်မားနေကြောင့်တွေ့ရှိခဲ့ကြပါတယ်။ လေ့လာသူတွေကတော့ ဒီ ကူးစက်ရောဂါတွေဟာ အမွေးရိတ်တဲ့ အခါ ဖြစ်ပေါ်တဲ့ သေးငယ်တဲ့ ပေါက်ပြဲဒဏ်ရာတွေ ကြောင့် ဖြစ်ရတာလို့ ဆိုပါတယ်။

    အမွေးရိတ်တဲ့ အခါ ဖြစ်ပေါ်တဲ့ အရေပြားပေါက်ပြဲ ဒဏ်ရာတွေကြောင့် လိင်မှ တဆင့် ကူးစက်ရောဂါတွေ ဖြစ်ရတာ ဆိုတဲ့အကြောင်းရင်းအပြင် ဆီးခုံမွေးများကို မကြာခဏ ဂရုစိုက်တတ်လွန်းတဲ့ သူတွေဟာ လူငယ်တွေ များပြီး လိင်မှု ကိစ္စတွေကို ပိုလုပ်ဆောင်လေ့ရှိကြတယ် လို့ဆိုပါတယ်။

    နိဂုံးချုပ်။

    (ကိုယ်ရဲ့ ဆီးခုံမွေးများကို ဘယ်လိုပုံစံအတိုင်းထားရှိမလဲဆိုတာ ပုဂ္ဂလ ဆုံးဖြတ်ချက်နဲ့သာ ဆက်ဆိုင်ပါတယ်။ )

    သန့်ရှင်းလှပတဲ့ ဆီးခုံမွေး များကို ဘယ်လိုပုံစံထားရမလဲဆိုတာ မစဉ်းစားတတ်လို့ စိတ်ညစ်ခံမနေပါနဲ့။ သင်ဆန္ဒ မရှိဘူးဆိုရင်လည်း ပကတိ အတိုင်းထားထားလို့ရပါတယ်။ ဒီတော့ သင့်အနေနဲ့ အလှအပရေးရာ၊ တစ်ကိုယ်ရေ ကျန်းမာရေးဆိုင်ရာ အတွက် အချိန်အများကြီး မပေးနိုင်ဘူးဆိုရင် သဘာဝအတိုင်းထားရှိခြင်းက အကောင်းဆုံး ဖြစ်ပြီး ကျန်းမာရေးနဲ့ လျော်ညီစွာ ဂရုစိုက်နိုင်တယ်ဆိုရင်တော့ ရိတ်ခြင်း၊ ညှပ်ခြင်းနဲ့ အမွေးချွတ်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။

    ရေးသားသူ- Arkar Hein

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Arkar Hein မှ ရေးသားသည်။ · 23/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement