backup og meta

လိင်တံအရေပြား ခြောက်သွေ့ကွဲအက်နေရင် စိုးရိမ်သင့်လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်တံအရေပြား ခြောက်သွေ့ကွဲအက်နေရင် စိုးရိမ်သင့်လား

    အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ လိင်အင်္ဂါတစ်ဝိုက်မှာ အမြဲချွေးနဲ့ အဆီနဲ့ စိုစွတ်နေတတ်တာ သဘာဝပါပဲ။ ဒီလိုစိုနေတဲ့ကြားကမှ ကိုယ့်ရဲ့ လိင်အင်္ဂါက ခြောက်သွေ့ပြီးတော့ အဖြူရောင် အသားဖတ်တွေကွာနေတယ်၊ ထိလိုက်တဲ့အခါ အရေပြားက ကြမ်းကြမ်းကြီးဖြစ်နေတယ်ဆိုရင် ပုရိသတို့အနေနဲ့လည်း အနည်းငယ်တော့ စိတ်ပူနိုင်တာပေါ့။

    များသောအားဖြင့် လိင်တံအရေပြား ခြောက်သွေ့ခြင်းသည် စိုးရိမ်စရာမရှိပါဘူး။ ဖြစ်ခဲ့ရင်လည်း ရက်အနည်းငယ်သာ ကြာတတ်ပြီး သူ့အလိုလို ပျောက်သွားမှာပါ။ တခြားလိင်မှတစ်ဆင့်ကူးစက်ရောဂါတွေကြောင့် အရေပြားခြောက်ပြီး ကွဲတာမျိုးမဖြစ်စေလို့ ဒီအချက်နဲ့ပတ်သက်ပြီး စိုးရိမ်စရာတော့မလိုပါဘူး။

    အခုဆောင်းပါးမှာတော့ အမျိုးသားတွေရဲ့ လိင်တံခြောက်သွေ့ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်း (၅) ချက်ကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

    စိုးရိမ်စရာမလိုတဲ့ အကြောင်းရင်း (၅) ချက်

    ၁။ ပြင်းလွန်းတဲ့ ကိုယ်တိုက်ဆပ်ပြာတွေ အသုံးပြုတဲ့အခါ လိင်အင်္ဂါအရေပြားနဲ့ ဓာတ်မတည့်ဖြစ်ပြီး သဘာဝအဆီတွေက ခမ်းခြောက်သွားကာ ခြောက်ကပ်ကပ်ဖြစ်သွားနိုင်ပါတယ်။

    ၂။ အသန့်ကြိုက်လွန်းတဲ့ အမျိုးသားတွေ ကိုယ့်ရဲ့ လိင်အင်္ဂါကို ရေမွှေးတွေ ဖျန်းတာ၊ အတွင်းခံဘောင်းဘီကို ဆပ်ပြာအပြင်းစားနဲ့ လျှော်တာ၊ သုက်ပိုးသတ် ဖျန်းဆေး စတာတွေနဲ့ ဓာတ်မတည့်တဲ့အခါမှာလည်း အရေပြားက ခြောက်ပြီး အသားဖတ်တွေလန်ကာ နီရဲတာ၊ ယားယံတာ၊ ရောင်ရမ်းတာ ဖြစ်နိုင်ပါတယ်။

    ၃။ ကွန်ဒုံးအများစုသည် latex ရာဘာနဲ့ လုပ်ထားတာဖြစ်ပါတယ်။ ရှားပါးလွန်းတဲ့အခြေအနေဖြစ်တဲ့ latex ရာဘာနဲ့ အရေပြားဓာတ်မတည့် ရောဂါရှိတဲ့ အမျိုးသားတွေမှာ ဒီကွန်ဒုံးကို စွပ်မိရင် အရေပြား ယားပြီး ခြောက်သွေ့ကွဲအက်တာ၊ အနီစက်တွေထတာဖြစ်နိုင်ပါတယ်။

    ၄။ လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးလည်းအသုံးမပြုဘူး၊ ချောဆီလည်း မသုံးဘဲ အစိမ်းသက်သက် ထိုးသွင်းဆက်ဆံတာများလာတဲ့အခါ လိင်တံအရေပြားကို မကြာခဏ ပွတ်တိုက်မိသလို ဖြစ်ပြီး အရေပြားခြောက်သွေ့ကြမ်းတမ်းလာစေပါတယ်။ ဒီအခါ ပွန်းပဲ့ဖို့ ပိုလွယ်ကူသလို လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေသည်လည်း အဲ့ဒီအနာထဲကနေတစ်ဆင့် ဝင်ဖို့ ပိုလွယ်သွားနိုင်ပါတယ်။ တစ်ကိုယ်ရေအာသာဖြေတဲ့အခါမှာလည်း အမျိုးသားတွေအနေနဲ့ လိင်တံကို ချောဆီများများစွတ်တာ၊ ဒါမှမဟုတ် တံတွေးစွတ်ပြီး ဖြည်းညင်းစွာ ပြုလုပ်သင့်ပါတယ်။ ချောဆီတွေထဲမှာတော့ ရေအခြေပြု ချောဆီက အကောင်းဆုံးဖြစ်ပြီး ဆီအခြေပြုချောဆီတွေကိုတော့ တစ်ကိုယ်ရေအာသာဖြေတဲ့အခါ အသုံးပြုနိုင်ပါတယ်။

    ၅။ အတွင်းခံအကျပ်တွေ ဝတ်တာ၊ ဘောင်းဘီကို ကျပ်ထုတ်ပြီး လေရှူပေါက်မရှိအောင် ဝတ်ထားတဲ့အခါ အရေပြားက ချွေးပေါက်ပိတ်သလို ဖြစ်သွားပါတယ်။ ဒါ့အပြင် ဒီလိုအဝတ်ကျပ်ကျပ် ဝတ်ပြီး လမ်းလျှောက်လှုပ်ရှားတဲ့အခါ လိင်အင်္ဂါအရေပြားနဲ့ အဝတ်က ပွတ်တိုက်သလို ဖြစ်ပြီး အရေပြားကို ကြမ်းတမ်းစေသလို မှိုရောဂါပိုးတွေလည်း စွဲကပ်ဖို့ ပိုလွယ်ပါတယ်။

    ဒီအချက် ၅ ချက်ကတော့ အဖြစ်များပြီး စိုးရိမ်စရာမလိုတာကြောင့် ကိုယ့်ရဲ့ နေပုံထိုင်ပုံနဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ ဆပ်ပြာတွေ၊ အဝတ်အစားတွေကို ပြောင်းလဲလိုက်မယ်ဆိုရင် အဆင်ပြေသွားမှာပါ။

    စိုးရိမ်သင့်တဲ့ အရေပြားပြဿနာ (၃) ချက်

    ၁။ မှိုရောဂါပိုး စွဲကပ်ခြင်း

    Yeast infection လို့ခေါ်တဲ့ မှိုရောဂါပိုးတစ်မျိုးဟာ အမျိုးသမီးတွေမှာသာမက အမျိုးသားတွေရဲ့ လိင်အင်္ဂါမှာလည်း စွဲကပ်နိုင်ပါတယ်။ လိင်တံထိပ်ဖုံးအရေပြား မဖြတ်ထားတာ၊ အကာအကွယ်မဲ့လိင်ဆက်ဆံတာ၊ တစ်ကိုယ်ရေသန့်ရှင်းမှုနည်းတာ၊ အဝတ်အစားကို သေချာမလျှော်ဖွပ်တဲ့သူတွေမှာ ပိုအဖြစ်များပါတယ်။ အသားခြောက်တာအပြင် အသားဖတ်လန်တာ၊ အနီရောင်အင်ပျဉ်ထတာ၊ ယားယံတာ၊ ယားတဲ့နေရာမှာ အဖြူကွက်တွေ ဖြစ်လာတာ၊ လိင်တံထိပ်ဖူးပတ်လည်မှာ ရောင်ရမ်းပြီး ယားနေတာ၊ ထိပ်ဖုံးအရေပြားအောက်မှာ အရောင်မညီတဲ့ ပျစ်ချွဲချွဲအရည်တွေ ဖုံးနေတာ စတဲ့ လက္ခဏာတွေကို တွေ့ရနိုင်ပါတယ်။ ဆီးသွားတဲ့အခါနဲ့ လိင်ဆက်ဆံရာမှာလည်း အလွန်အမင်းနာကျင်စေပါတယ်။

    ၂။ လိင်တံနှင်းခူ

    နှင်းခူဆိုတာ မျက်နှာနဲ့ ကိုယ်ခန္ဓာမှာပေါက်သလို လိင်တံအရေပြားပေါ်မှာလည်း ပေါက်နိုင်ပါတယ်။ အရေပြားခြောက်သွေ့ကွဲအက်ခြင်း၊ မခံမရပ်နိုင်အောင် ယားယံခြင်း၊ အရွယ်အစားမျိုးစုံနဲ့ အဖုအလုံးလေးတွေ ထွက်နိုင်ပါတယ်။

    ၃။ ဆိုရီရေးစစ်အရေပြားရောဂါ (Psoriasis)

    လိင်အင်္ဂါမှာ အဖြစ်များတဲ့ အရေပြားပြဿနာများထဲက တစ်ခုဖြစ်ပြီး အရေပြားကို ခြောက်သွေ့စေကာ လိင်တံရဲ့ ထိပ်ဖူးနဲ့ ကိုယ်ထည်အရေပြားပေါ်မှာ အနီရောင်အကွက်တွေကို အများဆုံးတွေ့ရပါတယ်။

    ဒီပြဿနာတွေက လိင်တံအရေပြားခြောက်သွေ့ခြင်းကို ဖြစ်စေတဲ့ အရေပြားပြဿနာတွေဖြစ်ပြီး အရေပြားဆရာဝန်နဲ့ သေချာပြသကာ ဆေးကုသမှုခံယူဖို့ လိုအပ်ပါတယ်။ ကိုယ့်မှာဖြစ်နေတဲ့ ပြဿနာပေါ်မူတည်ပြီး မှိုပိုးသတ်ဆေး၊ ပဋိဇီဝပိုးသတ်ဆေး၊ စတီးရွိုက်ဆေးတွေကို ပေးသွားမှာဖြစ်ပြီး ဆေးအညွန်းအတိုင်း မပျက်မကွက် လိမ်းပေး၊ သောက်ပေးဖို့ လိုပါတယ်။ အရေပြားကို သန့်ရှင်းစွာထားပါ။ ရေချိုးပြီးတိုင်း အရေပြားကို ခြောက်နေအောင် သုတ်ပြီးမှ ဆေးလိမ်းပါ။ တစ်ကိုယ်ရေအာသာဖြေတာ၊ လိင်မှုကိစ္စတွေကို ခဏနားထားပါ။ ကိုယ့်သဘောနဲ့ကိုယ် ဆေးခန်းမှာ ဆေးဝယ်လိမ်းတာတော့ မလုပ်သင့်ပါဘူး။ သေချာကုသမှုခံယူရင် ရက်သတ္တပတ်အနည်းငယ် ပျောက်သွားနိုင်တာမို့ သိပ်မစိုးရိမ်ပါနဲ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement