backup og meta

ပန်းနာရင်ကြပ် အမျိုးအစားများ


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပန်းနာရင်ကြပ် အမျိုးအစားများ

    ပန်းနာရင်ကြပ် လို့ ဆိုလိုက်ရင် သူ့မှာ အမျိုးအစားတွေ အများကြီး ရှိနေတဲ့အတွက် ကိုယ်က ဘယ်အမျိုးအစားလဲဆိုတာ သိထားတာ ပိုကောင်းပါတယ်။ ဒါမှ ကိုယ့်ရဲ့ ကုသမှုမှာ အများကြီး အထောက်အကူဖြစ်နိုင်ပါတယ်။ ဒါ့ပြင် ဆောင်ရန် ရှောင်ရန်တွေကို သေချာသိထားတာကြောင့် ထပ်ခါထပ်ခါ ရောဂါဖောက်မလာအောင်လည်း ကာကွယ်နိုင်မှာပါ။

    ပန်းနာရင်ကြပ် ဆိုတာ

    အမျိုးအစားတွေ အရင်မပြောခင် ရောဂါအကြောင်း အကြမ်းဖျင်း ပြောပြချင်ပါတယ်။ ပန်းနာရင်ကြပ်ဆိုတာ နာတာရှည် ရောဂါဖြစ်ပြီး လေပြွန်တွေ ရောင်ရမ်းပြီး ကျဉ်းမြောင်းတဲ့ ရောဂါဖြစ်ပါတယ်။ အတွေ့ရများတဲ့ လက္ခဏာတွေကတော့ လေပြွန်ကျဉ်းတာကြောင့် အသက်ရှူရင် တရွှီရွှီမြည်တာ၊ မောတာ၊ ချောင်းဆိုးတာ၊ ရင်ဘတ်အောင့်တာတွေပဲ ဖြစ်ပါတယ်။

    အမြစ်ပြတ်အောင် ကုလို့မရတဲ့အတွက် မတည့်တာတွေကို ရှောင်တာကသာ အကောင်းဆုံး နည်းလမ်း ဖြစ်ပါတယ်။

    ပန်းနာရင်ကြပ် အမျိုးအစားများ

  • ကလေးပန်းနာရင်ကြပ်
  • ဖြစ်ရတဲ့ အကြောင်းရင်းကို သေချာမသိသေးပေမယ့် မိဘမျိုးရိုးရှိတဲ့သူတွေ၊ အသက်ငယ်ငယ်တုန်းက အသက်ရှူလမ်းကြောင်း ပိုးဝင်ဖူးသူတွေ၊ မျိုးရိုးလိုက် ဓာတ်မတည့်ရောဂါ ရှိသူတွေ၊ ဆေးလိပ်ငွေ့တို့၊ မသန့်တဲ့ လေထုတို့ ရှူရတဲ့ ကလေးတွေမှာ ပိုဖြစ်တတ်ပါတယ်တဲ့။ ကလေးပန်းနာရင်ကြပ်လို့ ခေါ်တဲ့အတိုင်း တော်တော်များများက ကြီးကောင်ဝင်လာတဲ့အခါ လုံးဝပျောက်သွားတတ်ကြပါတယ်။ ပျောက်သွားပြီးမှ ပြန်ဖြစ်ရင်တော့ ကလေးဘဝတုန်းကထက် ပိုဆိုးတတ်ပါတယ်တဲ့။

    • လူကြီးပန်းနာရင်ကြပ်

    ကလေးဘဝတုန်းတည်းက ပန်းနာရင်ကြပ်ရှိနေပေမယ့် ဘာလက္ခဏာမှ မပြဘဲ ကြီးကောင်ဝင်မှ လက္ခဏာပြတာမျိုးပါ။ တချို့တွေကျတော့လည်း ကိုယ်နဲ့ ဓာတ်မတည့်တာကို ငယ်တုန်းမှာ ရှောင်နိုင်လို့ လက္ခဏာ မပြဘဲ  ကြီးလာမှ ဓာတ်မတည့်တဲ့ အရာနဲ့ ထိတွေ့ပြီး လက္ခဏာပြတာမျိုးပါ။ ဥပမာ အသက်ကြီးမှ ဖုန်တွေ၊ အမှုန်တွေ ကြားမှာ အလုပ်လုပ်ရလို့ ပန်းနာရင်ကြပ်လက္ခဏာ ပြလာတာမျိုးပေါ့။

    အများစုကတော့ လုပ်ငန်းခွင်မှာ ဓာတ်မတည့်တာတွေနဲ့ ထိတွေ့မိလို့၊ ကြီးကောင်ဝင်လာတဲ့အခါ ဟော်မုန်းအပြောင်းအလဲတွေ ရှိလို့၊ ဆေးလိပ်သောက်လို့၊ စိတ်ဖိစီးမှုတွေ များလို့ ပန်းနာရင်ကြပ် လက္ခဏာပြတတ်ပါတယ်။

    • ဓာတ်မတည့် ပန်းနာရင်ကြပ်

    လူတစ်ယောက်ဆီမှာတော့ တစ်မျိုးစီ ဓာတ်မတည့်တာလေးတွေ ရှိတတ်ပါတယ်။ စားတာဖြစ်ချင် ဖြစ်မယ်။ ရှူတာဖြစ်ချင်ဖြစ်မယ်၊ ထိတွေ့မိတာ ဖြစ်ချင် ဖြစ်နိုင်ပါတယ်။ ဓာတ်မတည့်တာရှိတိုင်း ပန်းနာရင်ကြပ် မဖြစ်နိုင်သလို၊ ပန်းနာရင်ကြပ်တိုင်းမှာလည်း ဓာတ်မတည့်တာ ရှိမနေပါဘူး။

    ဥပမာ ပြောရရင် လူအများစုက မတည့်တာစားမိရင် ဝမ်းလျှောရုံလောက်ပါပဲ။ မတည့်တ ထိမိရင် အင်ပြင်ထွက်ရုံလောက်ပါပဲ။ ပန်းနာရင်ကြပ် မထပါဘူး။ ဓာတ်မတည့် ပန်းနာရင်ကြပ်ရှိတဲ့သူကတော့ အထက်က လက္ခဏာတွေ အပြင် ပန်းနာရင်ကြပ်ပါ ဖောက်လာတတ်ပါတယ်။ ဒါကြောင့် ကိုယ့်မှာ ဓာတ်မတည့် ပန်းနာရင်ကြပ်ရှိတယ်ဆိုရင် ဘာနဲ့ မတည့်လဲဆိုတာ သိဖို့လိုပါတယ်။ သိလို့ ရှောင်လိုက်ရင် ပန်းနာရင်ကြပ်မကြွအောင် ကောင်းကောင်း ကာကွယ်နိုင်ပါတယ်။

    • ဓာတ်မတည့်တာကြောင့် မဟုတ်သောပန်းနာရင်ကြပ်

    သူတို့ကျတော့ ခုနကနဲ့ ပြောင်းပြန်ပါ။ ဓာတ်မတည့်တာ မရှိပေမယ့် ကြပ်နေတတ်ပါတယ်။ အများအားဖြင့် အေးတဲ့ ရာသီဥတုတို့၊ စိတ်ဖိစီးမှုတို့၊ အအေးမိတာတို့ ဖြစ်ရင် ပိုကြပ်ပါတယ်။ ဒီအမျိုးအစားက အဖြစ်နည်းပေမယ့် နည်းနည်းတော့ ပြင်းထန်တတ်ပါတယ်။

    • လုပ်ငန်းခွင်ပန်းနာရင်ကြပ်

    ဒါကတော့ ကိုယ့်လုပ်ငန်းခွင်က ပစ္စည်းတစ်မျိုးမျိုးနဲ့ မတည့်တာကြောင့်ပါ။ ဓာတ်မတည့် ပန်းနာရင်ကြပ် အမျိုးအစား တစ်ခုပါပဲ။ သိသာတဲ့အချက်ကတော့ ကြီးကောင်ဝင်လာမှ ပန်းနာရင်ကြပ်စဖြစ်တယ်။ အလုပ်သွားတဲ့နေ့ဆို ပန်းနာရင်ကြပ်ထတတ်ပြီး အလုပ်ပိတ်ရက်ဆို သက်သာနေတာပါပဲ။ အထူးသဖြင့်တော့ လုပ်ငန်းခွင်မှာရှိတဲ့  အမှုန်တွေ၊ ဖုန်တွေ၊ အငွေ့တွေ ရှူမိရင် ပန်းနာရင်ကြပ်ထပါတယ်။

    လေ့ကျင့်ခန်းလုပ်တဲ့အခါ အသက်ရှူတွေ မြန်လာတာကြောင့် လေပြွန်ကနေ ရှိသင့်ရှိထိုက်တဲ့ အပူတွေ၊ ရေငွေ့တွေ ဆုံးရှုံးသွားတဲ့အတွက် ကြပ်လာပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီး သိပ်မကြာဘူး လက္ခဏာတွေ ပေါ်လာပါတယ်။ ရပ်ပြီး ၁၀မိနစ် ၁၅မိနစ် နေမှပဲ လက္ခဏာတွေ သက်သာသွားပါတယ်။

    ပန်းနာရင်ကြပ်ရှိသူရဲ့ ၉၀ရာခိုင်နှုန်းလောက်က လေ့ကျင့်ခန်းလုပ်တဲ့အခါ ဒီပြဿနာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းလုပ်လို့ ကြပ်တိုင်း ပန်းနာရင်ကြပ်လို့ ပြောလို့မရပါဘူး။ တချို့သက်လုံမကောင်းတဲ့သူတွေကလည်း ဒီလိုမျိုး ကြပ်တတ်ပါတယ်။

    နောက်ထပ် စိတ်ဝင်စားစရာကောင်းတာက ဒီလို လေ့ကျင့်ခန်းကြောင့် ဖြစ်တဲ့ ပန်းနာရင်ကြပ်သမားတွေမှာ ကမ္ဘာကျော် အိုလံပစ် ဆုတံဆိပ်ရှင်တွေလည်း ပါဝင်နေတာပါပဲ။ သူတို့တောင် ရောဂါကို ထိန်းပြီး ဆုတံဆိပ်တွေ ရယူနိုင်ရင် သင်လည်း လေ့ကျင့်ခန်းလုပ်နိုင်မှာပါ။

  • အက်စပရင်ကြောင့် ဖြစ်တဲ့ ပန်းနာရင်ကြပ်
  • အက်စပရင်ကြောင့် ဖြစ်တဲ့ပန်းနာရင်ကြပ် Aspirin-exacerbated respiratory disease (AERD)လို့ ပြောဖို့ဆိုရင် ၃ချက်လိုပါတယ်။

    -ပန်းနာရင်ကြပ်ရှိရမယ်။

    နှာခေါင်းအသားပိုရှိရမယ်။ ( ဒီအသားပိုကလည်း ခွဲပြီး ဖယ်ထားတာတောင် ပြန်ပြန်ဖြစ်တဲ့ အသားပို ဖြစ်ရမယ်)

    -အက်စပရင်နဲ့ တခြား အကိုက်အခဲတွေ သောက်တိုင်းမှာပန်းနာရင်ကြပ်ထရမယ်။

    ဒီ၃ချက်နဲ့ ကိုက်ညီမှ ရောဂါလို့ သတ်မှတ်ပါတယ်။ ဒီပန်းနာရင်ကြပ်အမျိုးအစားက ရှားပါတယ်။ ဆေးကြောင့် ဖြစ်တာမဟုတ်ဘဲ နဂိုရှိပြီးသား ရောဂါက ဆေးသောက်လိုက်တဲ့အခါ ပိုဆိုးလာတာမျိုးပါ။

    ပန်းနာရင်ကြပ်အမျိုးအစားတွေ သိထားမယ်ဆိုရင် ကုသမှုမှာ အများကြီး အထောက်အကူဖြစ်ပါတယ်။ ဘယ်အမျိုးအစားကိုပဲ ဖြဟ်ဖြစ် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ကုသဖို့ အကြံပြုချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement