backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Tuberculosis of meninges and central nervous system ( ဦးနှောက်အာရုံကြောတီဘီ )

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 17/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Tuberculosis of meninges and central nervous system ( ဦးနှောက်အာရုံကြောတီဘီ )

Mycobacterium tuberculosis ဘက်တီးရီးယားကြောင့် ဗဟိုအာရုံကြောအဖွဲ့အစည်း ထိခိုက်ပျက်စီးတဲ့ရောဂါကို ဦးနှောက်အာရုံကြောတီဘီ လို့ ခေါ်ပါတယ်။ ဒီရောဂါဟာ အဖြစ်နည်းသလောက် အလွန်ဆိုးဝါးပြင်းထန်ပြီး တီဘီကုထုံး မပေါ်သေးခင်အခါက ရာနှုန်းပြည့်သေစေနိုင်တဲ့ ရောဂါတစ်ခုလည်း ဖြစ်ပါတယ်။

ဦးနှောက်အာရုံကြောတီဘီဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

ခန့်မှန်းခြေအားဖြင့် တီဘီလူနာအားလုံးရဲ့ ၁ရာခိုင်နှုန်းမှာ ဦးနှောက်အာရုံကြောတီဘီ ဖြစ်ပွားနိုင်ပါတယ်။ ရောဂါကြောင့် သေဆုံးမှုနှုန်း၊ အာရုံကြောထိခိုက်မှုနှုန်း အလွန်မြင့်ပြီး HIV ဗိုင်းရပ်စ်ပိုးရှိသူတွေနဲ့ ကလေးငယ်တွေမှာ အဆမတန် ဆိုးဝါးပြင်းထန်နိုင်ပါတယ်။

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ရောဂါလက္ခဏာများ

ဦးနှောက်အာရုံကြောတီဘီရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

တီဘီဦးနှောက်အမြေးယောင်ရောဂါ

အရွယ်ရောက်ပြီးသူများတွင် တွေ့ရတတ်သည့် လက္ခဏာများ

  • ဖျားနာခြင်း
  • ခေါင်းကိုက်ခြင်း
  • ဇတ်တောင့်ခြင်း
  • အာရုံကြောထိခိုက်ခြင်း
  • အပြုအမူပြောင်းလဲခြင်း
  • သတိကောင်းကောင်းမရခြင်း

ကလေးငယ်များတွင် တွေ့ရတတ်သည့် လက္ခဏာများ

  • ဖျားနာခြင်း
  • ဇတ်တောင့်ခြင်း
  • တက်ခြင်း
  • ပျို့ခြင်း၊ အန်ခြင်း
  • ခေါင်းကိုက်ခြင်း
  • အားအင်ကုန်ခမ်းပြီး မလှုပ်ရှားနိုင်ခြင်း
  • သတိလစ်မေ့မျောခြင်း

ဦးနှောက်တီဘီအကျိတ် သို့မဟုတ် ဦးနှောက်ပြည်တည်ခြင်း

  • ခေါင်းကိုက်ခြင်း
  • သတိလစ်ခြင်း
  • မျက်စိအာရုံကြော ရောင်ရမ်းခြင်း
  • ဦးခေါင်းတွင်းဖိအားမြင့်တက်သည့် လက္ခဏာများ

များသောအားဖြင့် ဦးနှောက်တီဘီအကျိတ်ရှိသူတွေမှာ လနဲ့ချီအောင်ကြာပြီးမှ ရောဂါလက္ခဏာ သိသာထင်ရှားလာတတ်ပါတယ်။ အခြားဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ ဦးနှောက်ပြည်တည်နာတွေထက် တီဘီကြောင့်ဖြစ်တဲ့ ဦးနှောက်ပြည်တည်နာက ရောဂါလက္ခဏာအပြနှေးပေမယ့် ဦးနှောက်တီဘီအကျိတ်လောက် အချိန်မကြာဘဲ ပိုးဝင်ပြီး ၁ပတ်ကနေ ၃လအတွင်း လက္ခဏာပြလေ့ရှိပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

ဖြစ်ပွားမှုအကြောင်းရင်းများ

ဘာတွေက ဦးနှောက်အာရုံကြောတီဘီ ဖြစ်ပွားစေသလဲ။

M. tuberculosis ဘက်တီးရီးယားပိုးမွှားတွေ သွေးကတဆင့်ပျံ့နှံ့ပြီး ဗဟိုအာရုံကြောတစ်ရှူးတွေထဲ ထိုးဖောက်ဝင်ရောက်ရာကနေ ဦးနှောက်အမြေးယောင်ရောဂါနဲ့ ဦးနှောက်အာရုံကြောတီဘီ ဖြစ်လာရပါတယ်။ ဒါမှမဟုတ် ဘက်တီးရီးယားပိုးမွှား စုဝေးတဲ့နေရာမှာ ဦးနှောက်တီဘီအကျိတ် ဖြစ်လာနိုင်ပါတယ်။

ဖြစ်ပွားစေနိုင်ခြေကို မြင့်စေသည့် အကြောင်းရင်းများ

ဘယ်အရာတွေက ဦးနှောက်အာရုံကြောတီဘီ ဖြစ်ပွားနိုင်ခြေကို မြင့်စေပါသလဲ။

ဦးနှောက်အာရုံကြောတီဘီ ဖြစ်ပွားနိုင်ခြေကို မြင့်စေတဲ့ အကြောင်းရင်းများစွာရှိပါတယ်။ ဥပမာ

  • HIV ဗိုင်းရပ်စ်ပိုးရှိခြင်း
  • ကလေးငယ်များတွင် အာဟာရချို့တဲ့ခြင်း၊ လတ်တလော ဝက်သက်ပေါက်ထားခြင်း
  • အရက်အလွန်အကျွံ သောက်သုံးခြင်း
  • ကင်ဆာရောဂါရှိခြင်း
  • ခုခံအားကျဆင်းစေသည့် ဆေးဝါးများ သုံးစွဲနေရခြင်း

ရောဂါအဖြေရှာခြင်း နှင့် ကုသခြင်း

ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲ့ အမြဲတိုင်ပင်ဆွေးနွေးပါ။

ဦးနှောက်အာရုံကြောတီဘီ ဟုတ်၊ မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

ယနေ့ခေတ်မှာ တိကျသေချာတဲ့ မော်လီကျူးအဆင့် ရောဂါရှာဖွေရေးနည်းပညာတွေ ထွန်းကားလာပြီဖြစ်ပေမယ့် ဦးနှောက်အာရုံကြောတီဘီကို အဖြေရှာအတည်ပြုတဲ့ နေရာမှာ အဏုဇီဝနည်းပညာတွေကိုသာ အားကိုးအားထားပြုနေရဆဲ ဖြစ်ပါတယ်။

ရောဂါရှာဖွေအတည်ပြုရာမှာ ပါဝင်လေ့ရှိတဲ့ စစ်ဆေးမှုတွေကတော့

  • သံလိုက်ဓါတ်မှန် (Gadolinium-enhanced MRI)
  • ကွန်ပျူတာဓါတ်မှန် (Contrast-enhanced CT)
  • ဦးနှောက်အာလ်ထရာဆောင်း
  • SPECT with HMPAO
  • ဦးနှောက်သွေးကြော ပုံဖော်စစ်ဆေးခြင်း

ဦးနှောက်အာရုံကြောတီဘီကို ဘယ်လိုကုသလဲ။

ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန (CDC) ၏ လမ်းညွှန်ချက်

  • ကိုယ်အလေးချိန် ၁ကီလိုဂရမ်တိုင်းအတွက် တစ်နေ့လျှင်
  • Isoniazid ၁၀မီလီဂရမ်မှ ၂၀မီလီဂရမ် စပေးပြီး ၃၀၀ မီလီဂရမ်အထိ တိုးပေးရန်
  • Rifampicin ၁၀မီလီဂရမ်မှ ၂၀မီလီဂရမ် စပေးပြီး ၆၀၀ မီလီဂရမ်အထိ တိုးပေးရန်
  • Pyrazinamide ၁၅မီလီဂရမ်မှ ၃၀မီလီဂရမ် စပေးပြီး ၂ဂရမ်အထိ တိုးပေးရန်
  • တီဘီဆေးစားသူ ၂၀ရာခိုင်နှုန်းခန့်ဟာ rifampicin ကြောင့် အသည်းအဆိပ်ဖြစ်နိုင်တဲ့အတွက် ကုသမှုခံယူနေတဲ့ ကာလတစ်လျှောက် လူနာအခြေအနေကို ဂရုတစိုက်စောင့်ကြည့်ရန်
  • လုံလောက်တဲ့ တုန့်ပြန်မှုမရှိရင် Ethambutol သို့မဟုတ် Streptomycin ပေါင်းပေးရန်
  • လူနာအခြေအနေကိုလိုက်ပြီး အနည်းဆုံး ၆လကနေ ၁၂လအထိ ကုသမှုပေးရန်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO ကတော့ ဦးနှောက်အာရုံကြောတီဘီကို ကုသမှုအစီအစဉ်(၁)အောက် အကျုံးဝင်တယ်လို့ သတ်မှတ်ပြီး ပထမ ၂လမှာ streptomycin, isoniazid, rifamipicin နဲ့ pyrazinamide၊ နောက် ၇လမှာ isoniazid နဲ့ rifamipicin ပေးဖို့ လမ်းညွှန်ထားပါတယ်။

ဒါပေမယ့် ၆လတီဘီကုထုံးအပြီးမှာ မတူညီတဲ့ရလဒ်အမျိုးမျိုး ထွက်ပေါ်လာနိုင်ကြောင်း သုတေသနပညာရှင်အချို့က အစီရင်ခံတင်ပြခဲ့တဲ့အပြင် ဦးနှောက်အာရုံကြော ပျက်စီးချို့ယွင်းမှုတွေလည်း ပိုမိုဖြစ်ပေါ်လာတဲ့အတွက် အနည်းဆုံး ၁၂လပြည့်အောင် ကုသမှုခံယူတာက ပိုစိတ်ချရဖွယ်ရှိပါတယ်။

HIV ဝေဒနာရှင်တွေမှာ အများဆုံးတွေ့ရတတ်တဲ့ M. avium intracellulare ပိုးကို ဆေး၄မျိုးပေါင်းကုထုံးနဲ့ ကုသလေ့ရှိပေမယ့် တွေ့နေကျမဟုတ်တဲ့ mycobacteria တွေကြောင့် ဖြစ်ပေါ်လာတဲ့ ဦးနှောက်အာရုံကြောတီဘီကိုတော့ ပျောက်ကင်းအောင် ကုသနိုင်မယ့်ကုထုံး အတည်ပြုသတ်မှတ်ထားခြင်း မရှိသေးပါဘူး။ လက်ရှိလမ်းညွှန်ချက်တွေအရ တစ်နေ့လျှင်

– Azithromycin ၅၀၀ မီလီဂရမ်မှ ၁၀၀၀ မီလီဂရမ်

– Clarithromycin ၅၀၀ မီလီဂရမ်မှ ၁၀၀၀ မီလီဂရမ်

– ကိုယ်အလေးချိန် ၁ကီလိုဂရမ်တိုင်းအတွက် Ethambutol ၁၅ ကီလိုဂရမ် သို့မဟုတ် Clofazimine ၁၀၀ မီလီဂရမ်

သောက်သုံးရမှာဖြစ်ပြီး ciprofloxacin နဲ့ rifampicin ပါဝင်တဲ့ အခြားကုထုံးကိုလည်း အသုံးပြုနိုင်ပါတယ်။ သတိပြုသင့်တဲ့အချက်ကတော့ HIV ပိုးရှိသူတွေမှာ တီဘီကုထုံးရဲ့ ဘေးထွက်ဆိုးကျိုးဖြစ်ပေါ်မှု ပိုများလာခြင်းပဲ ဖြစ်ပါတယ်။

ကော်တီကိုစတီးရွိုက်များ၏ အခန်းကဏ္ဍ

ဦးနှောက်အာရုံကြောတီဘီ ဖြစ်နေတဲ့ လူနာတွေကို စတီးရွိုက်ပေးခြင်းအားဖြင့် သတိပြန်ကောင်းလာခြင်း၊ ခေါင်းကိုက်သက်သာလာခြင်း၊ CSF အရည်ကြည် ပုံမှန်ပြန်ဖြစ်လာခြင်း စတဲ့ ပြောင်းလဲတိုးတက်မှုတွေကို အချိန်တိုအတွင်း သိသိသာသာ တွေ့မြင်နိုင်ပါတယ်။

ကော်တီကိုစတီးရွိုက်တွေက တီဘီရောဂါ လုံးဝပျောက်ကင်းအောင် မစွမ်းဆောင်နိုင်ပေမယ့် တီဘီဦးနှောက်အမြေးယောင်ဖြစ်နေတဲ့ လူနာတွေမှာ အသက်ရှင်နိုင်ချေ မြင့်တက်လာစေပြီး ဦးနှောက်နဲ့အာရုံကြော ထိခိုက်ပျက်စီးမှုကိုလည်း လျော့ပါးသက်သာစေပါတယ်။

ကော်တီကိုစတီးရွိုက်ပေးထားတဲ့ ကလေးလူနာတွေမှာ ဉာဏ်ရည်ထိခိုက်မှုအတိုင်းအတာ သိသိသာသာကျဆင်းသွားပြီး တီဘီအကျိတ်နဲ့ ပြည်တည်နာတွေ တဖြည်းဖြည်း သက်သာပျောက်ကင်းလာတာကိုလည်း CT scan ကတဆင့် တွေ့ရှိနိုင်ပါတယ်။

တီဘီဦးနှောက်အမြေးယောင်ရောဂါရှိသူများအတွက် Prednisolone ကုထုံး

  • အရွယ်ရောက်ပြီးသူများ – တစ်နေ့လျှင် prednisolone ၆၀ မီလီဂရမ်
  • ကလေးငယ်များ – ကိုယ်အလေးချိန် ၁ကီလိုဂရမ်လျှင် prednisolone ၁ မီလီဂရမ်မှ ၃ မီလီဂရမ်
  • ဒုတိယတစ်ပတ်နဲ့ တတိယတစ်ပတ်မှာ ဆေးပမာဏ ထပ်ဝက်လျှော့ပေးရန်
  • နောက် ၄ပတ်ကြာသည်အထိ ဖြည်းဖြည်းချင်းလျှော့ပေးသွားရန်

ကော်တီကိုစတီးရွိုက်အသုံးပြုခြင်းနဲ့ ပတ်သက်ပြီး အငြင်းအခုန်ဖြစ်ရတဲ့ အဓိကအကြောင်းအရာတစ်ခုက ကော်တီကိုစတီးရွိုက်တွေဟာ ဦးနှောက်အမြေး ရောင်ရမ်းမှုကို လျော့ကျစေတဲ့အတွက် CSF အရည်ကြည်ထဲ တီဘီဆေးဝင်ရောက်နိုင်မှုကို ပြောင်းလဲစေတယ်ဆိုတဲ့ ယူဆချက်ပဲဖြစ်ပါတယ်။

ဒါပေမယ့် တီဘီလူနာ ၈ယောက်ကို isoniazid, rifampicin, streptomycin, pyrazinamide တို့နဲ့အတူ ပထမတစ်ပတ်မှာ dexamethasone ထိုးဆေး တစ်နေ့လျှင် ၅မီလီဂရမ်၊ ဒုတိယတစ်ပတ်ကနေစတင်ပြီး prednisolone သောက်ဆေး တစ်နေ့လျှင် ၆၀မီလီဂရမ် ပေးကြည့်လိုက်တဲ့အခါ ၎င်းယူဆချက်နဲ့ ကိုက်ညီမှုမရှိကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။

ဦးနှောက်တီဘီအကျိတ် ပိုကြီးလာခြင်း

တီဘီဦးနှောက်အမြေးယောင်ရောဂါကို ကုသနေစဉ်အတောအတွင်း ဦးနှောက်တီဘီအကျိတ် အသစ်ပေါ်လာနိုင်သလို ရှိပြီးသားအကျိတ်က အရွယ်အစားပိုကြီးလာတာမျိုးလည်း ကြုံရတတ်ပါတယ်။

များသောအားဖြင့် နောက်ဆက်တွဲ CT scan ရိုက်တဲ့အခါ၊ အာရုံကြောချို့ယွင်းမှု လက္ခဏာသစ်တွေ ပေါ်လာတဲ့အခါ ဒီဖြစ်ရပ်ကို သတိပြုမိတတ်ပါတယ်။

တီဘီဦးနှောက်အမြေးယောင်ရောဂါရှိသူ အားလုံးရဲ့ ၈ရာခိုင်နှုန်းမှာ ကုသမှုစတင်ပြီး ပထမတစ်လအတွင်း ဦးနှောက်အကျိတ်ဖြစ်ပေါ်နိုင်ကြောင်း လတ်တလောလေ့လာမှုတစ်ခုက ထောက်ပြထားပေမယ့် ကုသမှုဆက်လက်ခံယူရင်း သက်သာပျောက်ကင်းသွားမှာ ဖြစ်ပါတယ်။

ခွဲစိတ်ကုထုံး

ခွဲစိတ်ကုထုံးရဲ့ အဓိကရည်ရွယ်ချက်က ဦးနှောက်ပတ်ပတ်လည်မှာ အရည်ပြည့်ဖောင်းပြီး ဦးခေါင်းအရွယ်အစားကြီးလာတဲ့ပြဿနာ (hydrocephalus) ကို ဖြေရှင်းဖို့ပဲ ဖြစ်ပါတယ်။

ခါးဆစ်ရိုးဖောက်ခြင်း၊ diuretic တွေနဲ့ osmotic agent တွေက ဦးခေါင်းတွင်းဖိအား ယာယီလျော့ကျစေပြီး hydrocephalus ပိုမဆိုးလာအောင် ကာကွယ်ပေးပါတယ်။

အကယ်၍ ယာယီကုထုံးအသုံးပြုလို့မှ မအောင်မြင်ခဲ့ရင် ventriculo-peritoneal shunting ဒါမှမဟုတ် ventriculo-atrial shunting ပြုလုပ်ခြင်း (ပြွန်ငယ်တစ်ချောင်းအသုံးပြုပြီး CSF စီးဆင်းတဲ့အခန်းငယ်တွေကို ဝမ်းဗိုက်/နှလုံးသွေးလွှတ်ခန်းနဲ့ ချိတ်ဆက်ပေးခြင်း) အားဖြင့် hydrocephalus နဲ့ ၎င်းရဲ့နောက်ဆက်တွဲပြဿနာတွေ လျော့ပါးသက်သာလာနိုင်ပါတယ်။

ဦးနှောက်တီဘီရှိသူတွေရဲ့ CSF မှာ ပရိုတင်းပါဝင်မှုများတဲ့အတွက် ပြန်ပိတ်ဆို့မှုရှိမရှိ အချိန်အပိုင်းအခြားအလိုက် ပြန်လည်စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။ လတ်တလော တီဘီလက္ခဏာပြနေတဲ့ လူနာတွေမှာတောင် shunting ပြုလုပ်နိုင်ပြီး စောစောသိ စောစောကုသမှုခံယူရင် ရလဒ်ကောင်းနိုင်ပါတယ်။

တီဘီအကျိတ်ကြောင့် ဦးနှောက်နေရာရွေ့ပြီး ဦးခေါင်းတွင်း ဖိအားမြင့်တက်လာတဲ့ အခြေအနေ၊ တီဘီဆေးကုထုံးကို မတုန့်ပြန်တဲ့အခြေအနေ ဖြစ်လာခဲ့ရင်တော့ ၎င်းအကျိတ်ကို ခွဲစိတ်ဖယ်ရှားဖို့ လိုအပ်နိုင်ပါတယ်။

ကနဦးအဆင့်ကတည်းက ခွဲစိတ်ကုသမှုခံယူလိုက်တဲ့ လူနာ ၈၀ရာခိုင်နှုန်းခန့်ဟာ ကျန်းမာရေးပြန်လည်ထူထောင်လာပြီး ရေရှည်အကျိုးရလဒ် ခံစားရမှာဖြစ်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ဦးနှောက်အာရုံကြောတီဘီကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 17/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement