backup og meta

လည်ချောင်းနာပြီး နှာပိတ်နေပြီဆို ပလုပ်ကျင်းပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 11/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လည်ချောင်းနာပြီး နှာပိတ်နေပြီဆို ပလုပ်ကျင်းပါ

    လည်ချောင်းနာပြီး နှာပိတ်နေပြီဆို ပလုပ်ကျင်းပါ …. အအေးမိဖျားနာတာနဲ့ ရာသီတုပ်ကွေးရောဂါတွေက ဗိုင်းရပ်စ်ကြောင့် ဖြစ်ရတာပါ။ အအေးမိဖျားနာတဲ့အခါ လည်ချောင်းနာတာ၊ နှာစေးတာ၊ နှာခေါင်းပိတ်တာနဲ့ ချောင်းဆိုးတာတွေကိုပါ ခံစားရနိုင်ပါတယ်။ တစ်ခါတလေ တုပ်ကွေးဖြစ်တာကလည်း သာမန်အအေးမိဖျားနာတာကြောင့်ဖြစ်တဲ့ လက္ခဏာတွေနဲ့ ဆင်တူနေတတ်ပါတယ်။ ဒါပေမယ့် တုပ်ကွေးဖြစ်တဲ့အခါ အပေါ်မှာပြောခဲ့တဲ့ လက္ခဏာတွေအပြင် အဖျားတက်တာ၊ ခေါင်းကိုက်တာနဲ့ ကိုယ်လက်တွေကိုက်ခဲနာကျင်တာမျိုးကိုပါ ခံစားရနိုင်ပါတယ်။

    ဒီလို ဝေဒနာတွေခံစားရတဲ့အခါ မဖြစ်မနေဆေးခန်းသွားပြဖို့လိုမလား။ တော်ရုံအဖျားလောက်ကိုတော့ ဆေးသောက်တာ၊ အနားယူတာ၊ အာဟာရပြည့်ဝအောင် စားသုံးတာမျိုး လုပ်ပေးပြီး သက်သာအောင်လုပ်ပေးလို့ရပါတယ်။ အအေးမိဖျားနာကင်းဝေးအောင်လုပ်လို့ရတဲ့ နောက်ထပ်နည်းလမ်းတစ်ခုရှိပါတယ်။ ဒါကတော့ ပလုပ်ကျင်းတာပဲ ဖြစ်ပါတယ်။

    လည်ချောင်းနာပြီး နှာပိတ်နေပြီဆို ပလုပ်ကျင်းပါ

    လည်ချောင်းနာပြီး နှာပိတ်နေပြီဆို ပလုပ်ကျင်းပါ ။ ဘာကြောင့်လဲဆိုတော့ လည်ချောင်းနာတာာ၊ နှာစေးနှာပိတ်ဖြစ်နေတာတွေက အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းကို ဗိုင်းရပ်စ်တွေ ဝင်လာပြီလို့ ပြောချင်တာပါ။ ဒီကနေ အဆုတ်အတွင်းထဲကို ဗိုင်းရပ်စ်တွေ အများကြီး ရောက်မသွားစေဖို့ဆိုရင် ပလုပ်ကျင်းတာမျိုး လုပ်ပေးသင့်ပါတယ်။

    သိပ္ပံနည်းကျလေ့လာဆန်းစစ်မှုတွေအရ ရေနွေးထဲမှာ ဆားထည့်ပြီ ဆားရည်နဲ့ ပလုပ်ကျင်းတာ၊ ခံတွင်းသန့်ဆေးရည်သုံးပြီး အာလုပ်ကျင်းတာတွေက လည်ချောင်းအတွင်းနံရံမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေကို ထိထိရောက်ရောက်ဖယ်ရှားပေးနိုင်ပြီး အအေးမိတာကို သက်သာအောင်လုပ်ဆောင်ပေးပါတယ်။ အဖျားဝင်ချင်သလို ဖြစ်ကာစမှာ ဒီလိုမျိုး အာလုပ်ကျင်းပေးမယ်ဆိုရင် ပြင်းပြင်းထန်ထန် ဖျားနာတာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။

    ဒီလို ပလုပ်ကျင်းပေးတဲ့အခါ လည်ချောင်းထဲမှာရှိတဲ့ ရောင်ရမ်းနေတဲ့ တစ်ရှူးတွေက အရည်ပိုတွေကို ဖယ်ရှားပေးပြီး လည်ချောင်းနာကျင်မှုကိုပါ သက်သာစေပါတယ်။ အာလုပ်ကျင်းပေးတာက လည်ချောင်းထဲမှာရှိနေတဲ့ ချွဲသလိပ်တွေကို ဖယ်ရှားပေးပြီး လည်ချောင်းနာတာနဲ့ အအေးမိဖျားနာတာ၊ အသက်ူလမ်းကြောင်း ပိုးဝင်ကူးစက်မှုကိုဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်တွေကို ထိထိရောက်ရောက်ဖယ်ရှားပေးနိုင်ပါတယ်။

    ဒါ့ပြင် ဒီလိုမျိုး အာလုပ်ကျင်းတာကို နေမကောင်းမှ၊ လည်ချောင်းနာမှ မဟုတ်ဘဲ နေ့စဉ်ပုံမှန်လုပ်ဆောင်ပေးမယ်ဆိုရင် အအေးမိဖျားနာတာကို ကာကွယ်ရာရောက်သလို သွားနဲ့ခံတွင်းကျန်းမာရေး၊ လည်ချောင်းနာတာနဲ့ ခံတွင်းအနာတွေကို သက်သာစေဖို့အတွက်ပါ အထောက်အပံ့ဖြစ်စေမှာပါ။ ဆားရည်နဲ့ အာလုပ်ကျင်းပေးလို့ရသလို ခံတွင်းသန့်ဆေးရည်ဝယ်ထားပြီး အာလုပ်ကျင်းပေးလို့လည်း ရပါတယ်။

    လေ့လာမှုတွေအရ တစ်နေ့ကို ၃ ကြိမ်လောက် အာလုပ်ကျင်းပေးတာက အသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးဝင်ကူးစက်ခံရမှုအန္တရာယ်ကို ၄၀ ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် မနက်စာစားပြီးချိန်တစ်ကြိမ်၊ နေ့လယ်စာစားပြီးချိန် တစ်ကြိမ်နဲ့ ညစာစားပြီးချိန် တစ်ကြိမ် ပုံမှန်အာလုပ်ကျင်းပေးမယ်ဆိုရင် အအေးမိဖျားနာတာ၊ အသက်ရှူလမ်းကြောင်းပိုးဝင်ကူးစက်တာနဲ့ လည်ချောင်းနာတာတွေကို ကာကွယ်ပြီးသားဖြစ်မှာပါ။

    ဖျားတဲ့အခါမှာ အာလုပ်ကျင်းပေးမယ်ဆိုရင်လည်း အဖျားတာတိုစေမှာဖြစ်ပါတယ်။

    နည်းစနစ်မှန်မှန် အာလုပ်ကျင်းကြမယ်

    အာလုပ်ကျင်းတဲ့အခါ ပြီးပြီးရောကျင်းလို့လည်း မဖြစ်ပြန်ပါဘူး။ သေသေချာချာလေးလုပ်မှာ ထိရောက်မှုအားကောင်းမှာပါ။

    • ဆားရည်နဲ့ ပလုပ်ကျင်းမယ်ဆိုရင် ရေနွေးတစ်ခွက်စာထဲကို ဆားလက်ဖက်ရည်ဇွန်းရဲ့ ၄ ပုံ ၁ ပုံစာထည့်ပြီး သေချာမွှေပေးပါ။ ခံတွင်းသန့်ဆေးရည် အသုံးပြုမယ်ဆိုရင်တော့ ဆေးညွှန်းအတိုင်း အတိအကျလိုက်နာပေးပါ။
    • ခံတွင်းသန့်ဆေးရည်အသုံးပြုတဲ့အခါမှာလည်း ပုလင်းကို ပါးစပ်နဲ့တေ့ပြီး လောင်းချတာမျိုးမလုပ်ပါနဲ့။ ရောဂါပိုးတွေ ကပ်ငြိနေပြီး အခြားသူတွေကိုပါကူးစက်နိုင်တာကြောင့်ပါ။ အကောင်းဆုံးကတော့ ခွက်သန့်သန့်တစ်ခုထဲကိုလောင်းထည့်ပြီးမှာ အသုံးပြုပေးပါ။
    • အာလုပ်ကျင်းတဲ့အခါ ခံတွင်းတစ်ခုလုံးနဲ့ လည်ချောင်းထဲထိရောက်အောင် စက္ကန့် ၃၀ ကနေ ၆၀ ကြာအောင် အာလုပ်ကျင်းပေးပါ။
    • နောက်ဆုံးမှာချင်တာတစ်ချက်က သန့်ချင်လွန်းတဲ့ ဆန္ဒ၊ရောဂါတွေကို ကာကွယ်ချင်လွန်းတဲ့ဆန္ဒနဲ့ ခဏခဏ အာလုပ်ကျင်းတာမျိုးမလုပ်ဖို့ပါ။ ခံတွင်းသန့်ဆေးရည် အသုံးပြုမယ်ဆိုရင် အညွှန်းအတိုင်း အသုံးပြုသင့်ပါတယ်။ အများဆုံးအနေနဲ့ တစ်နေ့ကို ၂ ကြိမ် ကနေ ၃ ကြိမ်လောက်အထိပဲအသုံးပြုသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 11/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement