backup og meta

အဖျား မြန်မြန်ပျောက်စေဖို့ လုပ်ကိုင်နိုင်မယ့် နည်းလမ်း (၉) ခု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 15/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဖျား မြန်မြန်ပျောက်စေဖို့ လုပ်ကိုင်နိုင်မယ့် နည်းလမ်း (၉) ခု

    နေ့စဉ် လှုပ်ရှားသွားလာနေရတဲ့ ပတ်ဝန်းကျင်မှာ အအေးမိတာ နဲ့ တုပ်ကွေးဖြစ်တာတွေ ဖြစ်စေနိုင်တဲ့ အရာဝတ္ထုတွေကလည်း အများသားနော်။ ဒီလိုမျိုး ကိုယ်ခံအားကို ထိခိုက်စေနိုင်တဲ့ ရောဂါပိုးတွေ များနေတဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်လှုပ်ရှားနေရသူတွေ အနေနဲ့ ဖျားတာနာတာကို ကြုံတွေ့ရမှာကတော့ အသေအချာပါပဲ။ ဒီတော့ ဖျားနာတဲ့အခါမှာ အဖျား မြန်မြန်ပျောက်စေဖို့ လုပ်ကိုင်နိုင်မယ့် နည်းလမ်း (၉)ခုကို ဖော်ပြလိုက်ပါတယ်။

    အဖျား မြန်မြန်ပျောက်စေဖို့ လုပ်ကိုင်နိုင်မယ့် နည်းလမ်း (၉) ခု

    သိပ်မဆိုးလာခင်မှာ ကြိုတင်ကာကွယ်ပါ။

    ခန္ဓာကိုယ်မှာ ဖျားနာတဲ့ ဝေဒနာကို စတင်ခံစားရပြီလို့ ထင်တာနဲ့ ကြိုတင်ကာကွယ်မှုတွေ လုပ်ပါ။ ကိုယ်ခံအား ကောင်းစေမယ့် အစားအစာတွေ စားပါ။ ဗီတာမင် စီ သောက်ပါ။ ရေများများသောက်ပါ။ နောက်တစ်ချက်က ခန္ဓာကိုယ်မှာ ကိုယ်ခံအား ကောင်းစေဖို့အတွက် ကောင်းကောင်း အနားယူပေးပါ။ ဒီလိုတွေလုပ်ပေးတာက အဖျား ကို ပိုမဆိုးလာအောင် လုပ်ပေးနိုင်တဲ့အပြင် မြန်မြန်လည်း သက်သာစေပါတယ်။

    နေထိုင်ရာပတ်ဝန်းကျင်က သန့်ရှင်းနေပါစေ

    နေမကောင်းတဲ့အခါ တစ်ကိုယ်ရေသန့်ရှင်းက အရေးကြီးသလို နေထိုင်ရာ ပတ်ဝန်းကျင်နဲ့ အသုံးအဆောင်တွေကလည်း အရေးကြီးပါတယ်။ ပတ်ဝန်းကျင်ကို သန့်ရှင်းအောင် ထားခြင်းဖြင့် ဘက်တီးရီးယားတွေကို နှိမ်နှင်းကာကွယ်ပြီး ဖြစ်စေမယ့်အပြင် စိတ်ကြည်လင်လန်းဆန်းစေတာကြောင့် အဖျား မြန်မြန်သက်သာစေမှာ အသေအချာပါ။

    ရေနွေးနဲ့ ဆားခပ်နွေးနွေးလေးသုံးပြီး အာလုတ်ကျင်းပေးပါ

    အဖျားပိုးကြောင့် လည်ချောင်းနာတာ၊ နှာခေါင်းပိတ်တာတွေ ဖြစ်တာက နောက်ဆက်တွဲ ဘက်တီးရီးယားတွေကြောင့် ဖြစ်ရတာပါ။ ဒီလိုဖြစ်တဲ့အခါ ရေနွေးပူပူထဲကို ဆားထည့်ပြီး ခပ်နွေးနွေးလေး ဖြစ်လာတဲ့အခါ ဆားရည်နဲ့ အာလုတ်ကျင်းပေးပါ။ ဒီလိုလုပ်ပေးတာက နှာခေါင်းနဲ့ လည်ချောင်းထဲက ဘက်တီးရီးယားတွေကို ဖယ်ရှားပေးရာ ရောက်ပါတယ်။

    ပြည့်ပြည့်ဝဝအနားယူပါ

    နေမကောင်းဖြစ်တဲ့အခါ အရင်ဆုံး လုပ်ရမှာ တစ်ခုက ပြည့်ပြည့်ဝဝ အနားယူပေးဖို့ပါ။ ဒီလို လုပ်ပေးတာက ကိုယ်ခံအားစနစ်က အအေးမိတုပ်ကွေးရောဂါပိုးတွေကို တိုက်ဖျက်ရာမှာ အများကြီး အထောက်အကူရစေပြီး အဖျားကို မြန်မြန်သက်သာစေပါတယ်။

    ရေနွေးနွေးလေးနဲ့ ရေချိုးပေးပါ

    အအေးမိ ဖျားနာ ဖြစ်တဲ့အခါ တော်တော်များများက ရေမချိုးနဲ့ ရေမထိနဲ့ အဖျားတာရှည်မယ်လို့ ပြောကြတာ ကြားဖူးကြမှာပါ။ ဒီအယူအဆက အပြည့်အဝ မမှန်ပါဘူး။ နေမကောင်းတဲ့အခါ နှာခေါင်းပိတ်တာမျိုး၊ တုပ်ကွေးကြောင့် ငြီးစီစီ ဖြစ်တာမျိုး ခံစားရမယ်ဆိုရင် ရေခပ်နွေးနွေးလေးနဲ့ ရေချိုးလိုက်ပါ။ ရေနွေးငွေ့ကြောင့် ခန္ဓာကိုယ်က သွေးလှည့်ပတ်မှု ကောင်းသွားပြီး လန်းဆန်းသွားစေမှာပါ။

    ချည်သားအဝတ်အစားလေးတွေ ဝတ်ဆင်ပေးပါ

    နေမကောင်းတဲ့အခါ အင်္ကျီအထူကြီးတွေ ဝတ်မိတာမျိုး ရှိနိုင်ပါတယ်။ ဒီလို မလုပ်သင့်ပါဘူး။ ချွေးထွက်လွန်ပြီး အားအင်ကုန်ခမ်းတာ၊ ချွေးထွက်များပြီး ချွေးနဲ့အအေးပတ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် နေမကောင်းတဲ့အခါ နွေးနွေးထွေးထွေး နေရမယ်ဆိုပေမယ့် အရမ်းထူတဲ့ အဝတ်အစားတွေမဝတ်ဆင်ဘဲ သက်တောင့်သက်သာရှိတဲ့ ချည်သား အင်္ကျီလက်ရှည်လေးတွေကိုပဲ ဝတ်ဆင်ပေးသင့်ပါတယ်။

    အာဟာရပြည့်ဝအောင် စားသုံးပေးပါ

    နေမကောင်းဖြစ်တဲ့အခါ အစာမကြေမှာကို စိုးရိမ်ပြီး မစားတာမျိုး မလုပ်ပါနဲ့။ အာဟာရပြည့်ဝအောင် စားသုံးပေးမှ ကိုယ်ခံအားစနစ် ကောင်းမွန်ပြီး ဖျားနာမှုကိုဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်မှာပါ။ ဒါကြောင့် အဖျား မြန်မြန်သက်သာချင်တယ် ဆိုရင်တော့ အာဟာရ ပြည့်ဝအောင် စားသုံးပေးဖို့လည်း မမေ့ပါနဲ့။

    ရေဓာတ်ပြည့်ဝအောင်နေပါ

    အအေးမိ ဖျားနာ နေတဲ့အချိန်မှာ မြန်မြန်သက်သာအောင် လုပ်ဆောင်နိုင်မယ့် နောက်ထပ် နည်းလမ်းတစ်ခုက ခန္ဓာကိုယ်ကို ရေဓာတ် ပြည့်ဝနေစေဖို့ပါ။ ခန္ဓာကိုယ်မှာ အဖျား ဝင်လာတဲ့အခါ ရေဓာတ်ခမ်းခြောက်မှုက အလွယ်တကူ ဖြစ်လာပါတယ်။ နေထိုင်မကောင်းတဲ့အခါ အစား သိပ်မစားဖြစ်တော့သလို ရေတွေသိပ်မသောက်ဖြစ်တော့ပါဘူး။ တကယ်တော့ ဖျားတဲ့အခါ ရေများများသောက်ပေးမှ ခန္ဓာကိုယ်က လုပ်ငန်းစဉ်တွေကို ပုံမှန်အတိုင်း လုပ်ဆောင်နိုင်မှာဖြစ်သလို ဝမ်းမချုပ်အောင်ကာကွယ်ပေးနိုင်ပြီး ခန္ဓာကိုယ်ထဲက ရောဂါတွေ၊ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ နေမကောင်းတဲ့အခါ အခြားဘာမှမသောက်နိုင်ရင်တောင် ရေများများသောက်ပေးပါ။

    တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပါ

    နေမကောင်းပေမယ့်လည်း တစ်ကိုယ်ရေသန့်ရှင်းရေးကို လျစ်လျူရှုထားလို့ မဖြစ်ပါဘူး။ တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုမစိုက်ဘဲ ထားလိုက်မယ်ဆိုရင် ဘက်တီးရီးယားတွေ ပြန့်နှံ့ပြီး အဖျားတာရှည်စေနိုင်ပါတယ်။ ဒါကြောင့် နေထိုင်မကောင်းတဲ့အခါ ဘက်တီးရီးယားတွေ ပြန့်ပွားကူးစက်တာ မဖြစ်စေဖို့အတွက် တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပါ။ အနည်းဆုံးတော့ ခြေလက်တွေကို သန့်စင်အောင်ထားပါ။

    ဒီလိုတွေ လုပ်နေပေမယ့် အဖျားက မသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်ဖို့ လိုပါမယ်။ နောက်တစ်ခုက ခန္ဓာကိုယ်မှာ ကိုယ်ခံအား ကောင်းနေဖို့ပါ။ ကိုယ်ခံအား ကောင်းနေမယ်ဆိုရင် အဖျား အလွယ်တကူ မဝင်ရောက်နိုင်ပါဘူး။ ကိုယ်ခံအား ကောင်းနေဖို့က အာဟာရ ပြည့်ဝအောင် စားသုံးဖို့ လိုသလို အိပ်ချိန်ပြည့်ဝနေဖို့ကလည်း အရေးကြီးပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 15/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement