backup og meta

ညဘက်မှာ ချောင်းဆိုးမရပ်တော့ရင် ဘယ်လိုလုပ်ကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 16/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ညဘက်မှာ ချောင်းဆိုးမရပ်တော့ရင် ဘယ်လိုလုပ်ကြမလဲ

    ချောင်းဆိုး တယ် ဆိုတာ ရာသီမရွေး၊ လူမျိုးမရွေး ဖြစ်တတ်တဲ့ ရောဂါလက္ခဏာတစ်ခုပါ။ စိုးရိမ်စရာတော့ မဟုတ်ပေမယ့် ဝေဒနာခံစားနေရတဲ့သူအတွက် ဒီချောင်းဆိုးနေရတဲ့ ဒုက္ခက မသေးလှပါဘူး။ လည်ချောင်းထဲက ယားသလိုဖြစ်နေတာကနေ ညဘက်တွေမှာ အိပ်လို့မရတော့တဲ့အထိ ချောင်းတွေ တဟွပ်ဟွပ်ဆိုးနေတာက ကိုယ့်အိပ်ချိန်ကိုလည်း ထိခိုက်စေသလို ဘေးပတ်ဝန်းကျင်ကလူတွေအတွက်လည်း စိတ်ညစ်ရတာပေါ့။

    ဒီနေ့ဆောင်းပါးမှာ ညဘက်မှာ ချောင်းဆိုးမရပ်တော့ရင် ဘယ်လိုနည်းလမ်းတွေနဲ့ သက်သာအောင် လုပ်ပေးလို့ ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

    ညဘက်မှာ ချောင်းဆိုးမရပ်တော့ရင် ဘယ်လိုလုပ်ကြမလဲ

    ညဘက်မှာ ချောင်းဆိုးမရပ်တော့ရင် ဘယ်လိုလုပ်ကြမလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။

    ၁။ အိပ်နေတဲ့ ခေါင်းအနေအထားကို သေချာပြုပြင်ပါ။

    ခေါင်းက လှဲနေတဲ့အချိန်ဆိုရင် လည်ချောင်းက ချောင်းဆိုးချင်စိတ်ကို ဖြစ်စေဖို့ ပိုပြီးလွယ်ကူတတ်ပါတယ်။ ဒါကြောင့် ခေါင်းအောက်မှာ ခေါင်းအုံးနှစ်ထပ်လောက် ခံပြီးမှ အိပ်တာပိုကောင်းပါတယ်။

    ၂။ အခန်းထဲမှာ အစိုဓာတ်ထိန်းစက်တစ်လုံး ထားထားပါ။

    ခုလိုရာသီဆိုရင် ပတ်ဝန်းကျင်မှာ ခြောက်သွေ့တဲ့ လေတွေ အမြဲရှိနေတတ်ပါတယ်။ ဒီလေတွေက လည်ချောင်းကို ယားယံစေတယ်။ ဒါ့အပြင် လေထုထဲမှာ ကပ်ပါလာတဲ့ ဖုန်မှုန့်တွေက အသက်ရှူလမ်းကြောင်းထဲ ရောက်သွားတဲ့အခါ နှာစေး၊ နှာပိတ်တာတွေပါ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ့်အိမ်ခန်း၊ ကိုယ်အလုပ်လုပ်နေတဲ့ ခုံလေးပေါ်မှာ လေထုကို သန့်စင်ပေးပြီး အစိုဓာတ်ထိန်းပေးမယ့် စက်လေးတစ်လုံး ထားထားတာ ပိုကောင်းပါတယ်။

    ၃။ ပျားရည်သောက်ပါ။

    ပျားရည်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေထဲမှာ လည်ချောင်းယားယံတာ၊ ချောင်းဆိုး တာကိုပါ သက်သာစေတဲ့ အာနိသင်တွေလည်း ပါဝင်နေပါတယ်။ ဒီတော့ ကိုယ်က ဒီရက်ပိုင်း ချောင်းတွေအမြဲဆိုးတယ်၊ အိပ်တဲ့အချိန်ထိပါ မခံမရပ်နိုင်အောင် ချောင်းဆိုး နေတယ်ဆိုရင် ရေနွေးကြမ်းထဲ ပျားရည်ရောမွှေပြီး သောက်လို့ ရပါတယ်။ အဲ့လိုမဟုတ်ဘဲ ပျားရည်ကို ရေပူပူလေး သို့မဟုတ် သံပရာရည်နဲ့ ရောသောက်လို့လည်း အဆင်ပြေပါတယ်။ ၁နှစ်အောက် ကလေးတွေ၊ ပျားရည်နဲ့ ဓာတ်မတည့်သူတွေဆိုရင်တော့ ဒီနည်းလမ်းကို မသုံးသင့်ပါဘူး။

    ၄။ အစာစားပြီး ချက်ချင်းလှဲမအိပ်ပါနဲ့။

    အစာစားပြီး ၃နာရီအတွင်း လှဲလိုက်တာ၊ အိပ်တာမျိုးမလုပ်ပါနဲ့။ အစာအိမ်က အစာကောင်းစွာ ချေဖျက်ပြီးမှ လှဲအိပ်တာက စားချဉ့်ရည်ပြန်တက်တာ၊ လည်ချောင်းယားပြီး ချောင်းဆိုး တာကို သက်သာစေမှာပါ။

    ၅။ အိမ်မှာရှိတဲ့ ပိုးဟပ်တွေကိုရှင်းလင်းပါ။

    ပိုးဟပ်တွေရဲ့ သွားရည်၊ မစင်နဲ့ ကိုယ်လက်အစိတ်အပိုင်းတွေဟာ ချောင်းဆိုး တာ၊ ပန်းနာရင်ကျပ်တာအပြင် တခြားဓာတ်မတည့်တဲ့ လက္ခဏာတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် အိမ်မှာ ပိုးဟပ်ကင်းစင်စေဖို့ စားစရာတွေကို အနံ့လုံခြုံအောင် အဖုံးအုပ်ထားပါ။ သတင်းစာ၊ စက္ကူအဟောင်းတွေကို လွှင့်ပစ်ပါ။ အမှိုက်တွေကို အမြဲရှင်းလင်းပါ။

    ၆။ ကောင်းစွာ အနားယူပါ။

    ချောင်းဆိုး နေပြီဆိုရင် အကောင်းဆုံးကတော့ သေချာအိပ်စက်အနားယူဖို့ပါပဲ။ အိမ်မှာ အနားယူပါ။ ချောင်းဆိုးတာ မသက်သာသေးသ၍ အပြင်ထွက်တာ၊ ရုံးသွားတာကို နည်းနည်းရှောင်ပေးပါ။ ကိုယ်က ချောင်းဆိုးလိုက်တဲ့အခါ ကိုယ့်လည်ချောင်းထဲမှာ ရှိတဲ့ ပိုးမွှားတွေက လေထဲကတစ်ဆင့် ပျံ့နှံ့ဖို့ အလွန်လွယ်ကူလို့ပါ။ ရေများများသောက်ပါ။ အိမ်မှာပဲ ပြည့်ဝစွာ အနားယူပါ။

    ၇။ ဝေဒနာသက်သာစေမယ့် အစားအစာတွေကို အဓိကစားပေးပါ။

    ချောင်းဆိုး တာရဲ့ နောက်ကွယ်မှာ လည်ချောင်းနာတာ၊ နှာစေး၊ နှာပိတ်တာအစရှိတဲ့ အအေးမိ၊ တုပ်ကွေးရောဂါလက္ခဏာတွေလည်း တွေ့နိုင်ပါတယ်။ ဒါကြောင့် ဝေဒနာကို သက်သာစေဖို့နဲ့ အမြန်ဆုံးပျောက်သွားအောင် ရေများများသောက်ပါ။ ဆန်ပြုတ်၊ ကြက်စွပ်ပြုတ်၊ ဂျင်းပြုတ်ရည်၊ သစ်သီးဖျော်ရည် သောက်ပေးပါ။ အမာစာ၊ အဆီကြော်တွေ၊ အပူအစပ်တွေကို နည်းနည်းရှောင်ပေးပါ။

    ၈။ ဆေးလိပ်ဖြတ်ပါ။

    ဆေးလိပ်ကို ရေရှည်စွဲသောက်တာကြောင့် ချောင်းဆိုးတဲ့ ဝေဒနာက ပိုပြင်းထန်နိုင်ပါတယ်။ ဒါကြောင့် ညဘက်ချောင်းဆိုးတာကို သက်သာစေချင်ရင်တော့ အကောင်းဆုံးက ဆေးလိပ်ကို ဖြတ်လိုက်ဖို့ပါပဲ။ ချောင်းဆိုး တာတင်မကဘဲ ကိုယ့်ရဲ့ ကျန်းမာရေးပါ အရင်ကထက် ပြောင်းလဲတိုးတက်လာမှာပါ။

    ဒီနည်းလမ်းတွေ သေချာလုပ်မယ်ဆိုရင်တော့ ညဘက်ထပြီး ချောင်းဆိုး နေရတဲ့ ဒုက္ခကနေ ကင်းဝေးနိုင်မှာပါ။ ဒီလိုချောင်းဆိုးတာအပြင် အပြင်းဖျားတာ၊ အသက်ရှူရခက်တာ၊ အစာနင်တာ၊ အစာမျိုချရခက်တာ၊ ခြေထောက်၊ ဝမ်းဗိုက်ရောင်နေတာ၊ ၃ပတ်ထက်ပိုပြီး ချောင်းဆိုး နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြကြည့်သင့်တယ်လို့ အကြံပေးလိုက်ပါတယ်နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 16/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement