backup og meta

အဆုတ်လေး တွေကို ကျန်းမာအောင်၊ သန့်စင်အောင် ကူညီကြမယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 10/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဆုတ်လေး တွေကို ကျန်းမာအောင်၊ သန့်စင်အောင် ကူညီကြမယ်

    အားလုံးသိတဲ့အတိုင်း lungs လို့ခေါ်တဲ့ အဆုတ်လေး တွေဟာ အသက်ရှူလမ်းကြောင်းအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းလေးတွေ ဖြစ်ပါတယ်။ သူတို့ဟာ လူသားတွေ နေ့စဉ်ရှူလိုက်တဲ့ လေတွေ၊ ဖုန်တွေ နဲ့ မသန့်စင်တဲ့ အညစ်အကြေးတွေကအစ ခန္ဓာကိုယ်အတွက် မကောင်းဘဲ ရှုမိလိုက်တဲ့ ဆေးလိပ်ငွေ့၊ ဓာတ်ငွေ့တွေအဆုံး အားလုံးကို အတတ်နိုင်ဆုံးသန့်စင်ပေးတဲ့ တာဝန်ကိုလည်း ယူနေကြပါတယ်။ သူတို့ဟာ မကောင်းတဲ့ အငွေ့တွေကိုလည်း သန့်စင်ပေးတယ်ဆိုပေမယ့် ကြာလာတဲ့အခါမှာ ပင်ပန်းနွမ်းနယ်လာနိုင်ပြီး ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ကျွန်ုပ်တို့အနေနဲ့လည်း အဆုတ်လေးတွေ အကောင်းဆုံးအလုပ်လုပ်နိုင်ဖို့၊ ရောဂါတွေ အလွယ်တကူဖြစ်မလာဖို့ သန့်စင်အောင်၊ ကျန်းမာအောင် ကူညီပေးဖို့လိုအပ်ပါတယ်။ အဲလို ကူညီနိုင်ဖို့ အတွက် လွယ်ကူတဲ့ နည်းလမ်းလေးတွေကို ဒီဆောင်းပါးလေးမှာ ဖော်ပြပေးသွားမှာပါ။

    အဆုတ်လေး ကျန်းမာဖို့

    ၁။ လေကောင်းလေသန့်ကို ရှူပါ။

    သစ်ပင်တွေများပြီး လေကောင်းလေသန့်ရနိုင်မယ့် နေရာမျိုးက လေတွေကို မကြာခဏ ရှူရှိုက်သင့်ပါတယ်။ စက်ရုံ၊ အလုပ်ရုံတွေ၊ ဓာတ်ငွေ့တွေ၊ ဖုန်တွေ များတဲ့ နေရာတွေကို တတ်နိုင်သလောက်ရှောင်ကြဉ်ပြီး အဲလိုနေရာတွေ သွားတဲ့အခါ နှာခေါင်စည်းလေးတပ်သွားသင့်ပါတယ်။

    ၂။ လေသန့်စက်ထားရှိပါ။

    နေထိုင်တဲ့ အိမ်(သို့) ကိုယ်ပိုင်အခန်းထဲမှာ လေသန့်စက်လေးတွေဝယ်ပြီး ထားမယ်ဆိုရင် အဆုတ်အတွက် အများကြီး အထောက်အကူဖြစ်နိုင်ပါတယ်။ အချို့က အမွှေးနံ့တွေပါတဲ့ air fresher တို့၊ ဖယောင်းတိုင်တို့ကို သုံးရင် အဆုတ်အတွက် ပိုကောင်းတယ်လို့ထင်ကြပါတယ်။ ဒါပေမယ့် တချို့ အနံ့ပြင်းတဲ့ အသုံးအဆောင်တွေမှာ အဆုတ်ကို ထိခိုက်စေနိုင်တဲ့ ဓာတုပစ္စည်းတွေပါဝင် နေနိုင်တာကြောင့် အမွှေးနံ့တွေပါတာမျိုးကို အများကြီး မသုံးဖို့ အကြံပေးချင်ပါတယ်။

    ၃။ လေ့ကျင့်ခန်းလုပ်ပါ။

    အထူးသဖြင့် အသက်ရှူလေ့ကျင့်ခန်းတွေ လုပ်ပေးမယ်ဆိုရင် အဆုတ်ကို အားကောင်းစေပါတယ်။ အသက်ရှူလေ့ကျင့်ခန်းတွေအပြင် aerobic activity လို့ခေါ်တဲ့ အောက်ဆီဂျင်ကို နှလုံး၊ အဆုတ်စတဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေဆီ သယ်ပို့အားကောင်းစေတဲ့ လေ့ကျင့်ခန်းတွေဖြစ်တဲ့ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊ ကခုန်ခြင်း၊ လက်ဝှေ့ထိုးခြင်း စတဲ့ အားကစားတွေကို လုပ်ဆောင်မယ်ဆိုရင်လည်း အဆုတ်ကို သန့်စင်စေပြီး ကျန်းမာစေပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ အဆုတ်တင်မကဘဲ နှလုံးနဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ကြံ့ခိုင်စေတာကြောင့် ပုံမှန်လေး လေ့ကျင့်ခန်းလုပ်ကြဖို့ မမေ့ကြပါနဲ့နော်။

    ၄။ အဆုတ်ကို ကျန်းမာစေတဲ့ အစားအစာတွေကို စားပါ။

    ဆယ်လမွန်ငါး၊ တူနာငါး၊ ဥအမျိုးမျိုး၊ ပဲနို့၊ ချိစ် စတဲ့ ဗီတာမင် D ကြွယ်ဝတဲ့အစားအစာတွေက အဆုတ်ကို အားကောင်းစေပါတယ်။ တစ်ခါတစ်လေမှာ ရှူလိုက်တဲ့ မသန့်စင်တဲ့လေတွေရယ်၊ ပိုးမွှားတွေ ရယ်ကြောင့် အဆုတ်ရောင်တာတွေ ဖြစ်တတ်ပြီး အသက်ရှုတဲ့အခါ အခက်ခဲဖြစ်စေပါတယ်။ ဒါ့ကြောင့် ရောင်ရမ်းတာကို သက်သာစေနိုင်တဲ့ ဘယ်ရီသီးတွေ၊ ဂေါ်ဖီပန်းစိမ်း၊ dark chocolate ၊ ချင်း(ဂျင်း) စတာတွေကိုလည်း စားပေးသင့်ပါတယ်။

    ၅။ ရေများများသောက်ပေးပါ။

    ရေဓာတ်ပြည့်ဝနေမယ်ဆိုရင် အဆုတ်ကို လုပ်ငန်းကောင်းကောင်းလုပ်နိုင်အောင် ကူညီပေးပါတယ်။

    ၆။ ဆေးလိပ် ရှောင်ပါ။

    ဆေးလိပ်သောက်ခြင်းဟာ သင့်ရဲ့ လေပြွန်လေးတွေကို ရောင်ရမ်းစေပြီး၊ ကျဉ်းလာစေနိုင်တဲ့အတွက် အသက်ရှူရခက်ခဲစေနိုင်ပါတယ်။ ကြာလာတဲ့အခါမှာ အဆုတ်ထိခိုက်ပြီး အဆုတ်ကင်ဆာတွေ၊ Chronic Obstructive Pulmonary disease လို့ခေါ်တဲ့ အဆုတ်ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် အဆုတ်လေးကို ကျန်းမာစေဖို့ ဆေးလိပ်ရှောင်သင့်ပါတယ်။

    ၇။ အိမ်မှာ ရှိနေတဲ့ ဖုန်တွေကို မကြာခဏ ရှင်းလင်းပေးပါ။

    ဖုန်တွေ၊ အမှိုက်တွေနဲ့ ပိုးမွှားတွေက အသက်ရှူလမ်းကြောင်းကတစ်ဆင့် အဆုတ်ထဲရောက်သွားတဲ့အခါ အဆုတ်ကို ထိခိုက်စေပါတယ်။ ဒါ့ကြောင့် အိမ်မှာ ဖုန်တွေ မရှိရအောင် သန့်ရှင်းရေးသေချာလုပ်ပေးတာမျိုး၊ အင်းဆက်ပိုးတွေ မရှိအောင် မကြာခဏ ရှင်းလင်းတာမျိုး၊ ဖုန်တွေ ကပ်နေနိုင်တဲ့ ကော်ဇောတွေ ရှိမယ်ဆိုရင်လည်း ဖုန်စုပ်စက်နဲ့ မကြာခဏ သန့်စင်ပေးတာမျိုး တွေကို လုပ်ဆောင်ပေးသင့်ပါတယ်။

    ၈။ လက်ကို စင်ကြယ်အောင်ဆေးပါ။

    လက်ဟာ ဟိုကိုင် ဒီကိုင်လုပ်ရတဲ့အတွက် ပိုးမွှားတွေအများကြီး တွယ်ကပ်နေနိုင်ပါတယ်။ အဲဒီလက်နဲ့ နှာခေါင်း၊ ပါးစပ်တွေကနေတစ်ဆင့် အသက်ရှူလမ်းကြောင်းထဲရောက်သွားမယ်ဆိုရင် ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

    ဒီလိုအချက်တွေအပြင် အဆုတ်ကျန်းမာရေးအတွက် ဆရာဝန်နဲ့လည်း မကြာခဏ ပြသပေးသင့်ပါတယ်။

    Hello ဆရာဝန်ပရိသတ်ကြီးလည်း ဒီဆောင်းပါးထဲကနည်းလမ်းလေးတွေကို လက်တွေ့အသုံးချပြီး ကိုယ့်ရဲ့အဆုတ်လေးတွေကို ကျန်းမာသန့်စင်အောင် ဝိုင်းဝန်းကူညီကြဖို့ တိုက်တွန်းချင်ပါတယ်။

    ရေးသားသူ – Khine Phoo Ngon

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 10/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement