backup og meta

နည်းနည်းလေး အေးတာနဲ့ အဖျားဝင်တာကို စိတ်ကုန်နေပြီလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နည်းနည်းလေး အေးတာနဲ့ အဖျားဝင်တာကို စိတ်ကုန်နေပြီလား

    မိုးစက်လေးတွေ တစ်စက်ချင်းစီကျလာတာကို ကဗျာဆန်ဆန်လေးခံစားရတာ သဘာဝရဲ့တေးသံသာလေးဖြစ်တဲ့ မိုးရေစက်လေးတွေတစ်စက်ချင်းစီကျလာတာကို ခံစားရတာကတော်တော်လေးတော့ မိုက်တယ်နော်။ မိုးရာသီက စိုစွတ်ပေမယ့် စိမ်းလန်းစိုပြည်မှုတွေနဲ့အေးမြလန်းဆန်းမှုတွေကိုခံစားရနိုင် တစ်ခုတည်းသောရာသီပါ။ ဒီလိုကဗျာဆန်တဲ့ရာသီလေးမှာ သဘာဝရဲ့ အရသာကို အပြည့်အဝမခံစားရဘဲ မိုးအေးတာနဲ့ဖျားဖျားနေလို့ စိတ်ညစ်နေပြီလား။ ကာကွယ်နိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြမယ်နော်။

    မိုးရာသီနဲ့ ကိုယ်ခံအားစနစ်

    ခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကနေ့စဉ်နဲ့အမျှ ပတ်ဝန်းကျင်က ဘက်တီးရီးယားတွေ ကိုယ်တွင်းကို ဝင်ရောက်ကူးစက်မှုမရှိအောင် တုံ့ပြန်တိုက်ခိုက်ပေးနေတာပါ။ မိုးရာသီလိုမျိုး ပတ်ဝန်းကျင်က စိုစွတ်အေးမြနေချိန်ဆိုရင်ရောဂါပိုးတွေက အခြားအချိန်တွေထက်ပိုပြီး အချိန်ကြာကြာရှင်သန်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ခံအားနည်းတဲ့ သူတွေအနေနဲ မိုးရာသီမှာအလွယ်တကူဖျားနာတာပါ။ မိုးရာသီမှာ အလွယ်တကူဖျားနာရတဲ့နောက်ထပ်အကြောင်းအရင်းတစ်ခုက အပြင်မှာမိုးတွေရွာနေတာကြောင့် အပြင်သိပ်မထွက်ဖြစ်ဘဲ အခန်းအောင်းနေရတာများနေတာ၊ လူအစုအဝေးနဲ့အနေများတာတွေကြောင့်ရောဂါပိုးတွေက အလွယ်တကူကို ကူးစက်နေတာပါ။ ဒီလိုအခြေအနေမှာ ကိုယ်ခံအားကပုံမှန်ထက်နည်းနေပြီဆိုရင်တော့ရောဂါတွေကို ခုခံဖို့ကမဖြစ်နိုင်တော့ဘူးလေနော်။

    ဖျားနာခြင်းကင်းစင်တဲ့ မိုးရာသီလေးပိုင်ဆိုင်ဖို့ဆိုရင်

    သွားလေရာကို ထီးယူသွားပါ– မိုးရာသီမှာ အပြင်သွားတဲ့အခါတိုင်း ထီးလေးတော့ယူသွားဖို့လိုပါမယ်။ ဒါမှမိုးရေစိုတာကနေကာကွယ်နိုင်မှာပါ။ မိုးရွာချလာတဲ့အခါ ခန္ဓါကိုယ်ကို မိုးရေတွေထိတွေ့တာက ရုတ်တရက် ခန္ဓါကိုယ်အပူချိန်ကိုပြောင်းသွားစေပြီး အဖျားဝင်တာ အအေးမိတာတွေဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်မို့ ဖျားနာခြင်းကင်းတဲ့ မိုးရာသီပိုင်ဆိုင်ဖို့ဆိုရင် သွားလေရာကို ထီးလေးတော့ယူသွားနော်။

    အာဟာရပြည့်ဝအောင်စားသုံးပါ – အာဟာရပြည့်ဝအောင်စားသုံးတာက အဖျားကို ကာကွယ်နိုင်တဲ့ ကုန်ကျစရိတ်အနည်းဆုံးသော နည်းလမ်းတစ်ခုပါ။ မိုးရာသီမှာ ဗီတာမင် C ကြွယ်ဝတဲ့အစားအစာတွေကို စားသုံးပေးပါ။ ထမင်းဟင်းပူပူနွေးနွေးလတ်လတ်ဆတ်ဆတ်တွေကိုစားသုံးပေးပါ။ စွပ်ပြုတ်ပူပူလေးသောက်သုံးပေးပါ။ အအေးမိဖျားနာတာကို ကာကွယ်ပြီးဖြစ်မှာပါ။

    လက်ကိုသေသေချာချာဆေးကြောပေးပါ – လက်မှာမျက်စိနဲ့ အလွယ်တကူမမြင်နိုင်တဲ့ရောဂါပိုးတွေ အများကြီးကပ်ငြိနေနိုင်ပါတယ်။ ဒါကြောင့် လက်ကို မကြာခဏသေချာသန့်စင်ဆေးကြောပေးတာကရောဂါပိုးတွေ ကူးစက်ပြန့်နှံ့တဲ့အန္တရာယ်ကို ကာကွယ်ပေးနိုင်မှာပါ။ လက်ဆေးတဲ့အခါ လက်ချောင်းကြား၊ လက်လက်သည်းကြားတွေကိုသေချာသန့်စင်ဆေးကြောပြီး လက်ကိုခြောက်သွေ့အောင်သုတ်ပေးပါ။

    ရေများများသောက်ပေးပါ – ခန္ဓါကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကိုရေဓါတ်နဲ့ဖွဲ့စည်းထားတာဖြစ်တာကြောင့်ရေဓါတ်ပြည့်ဝနေမှုက ကိုယ်ခံအားစနစ်ကို အကောင်းဆုံးတည်ဆောက်နိုင်မှာပါ။ ဒါကြောင့်မိုးရာသီမှာ ကိုယ်ခံအားကောင်းဖို့ဆိုရင် တစ်နေ့ကိုရေ ၆ ခွက်ကနေ ၈ခွက်အထိသောက်ပေးပါ။ရေနွေးသောက်တဲ့အခါမှာလည်း သံပရာသီးနည်းနည်းလောက်ညှစ်ထည့်ပြီးသောက်ပေးပါ။

    အဝတ်အစားအပိုတစ်စုံဆောင်ထားပါ – မိုးစိုတဲ့အခါ မိုးရေတွေစိုနေတဲ့အဝတ်တွေကို အကြာကြီးဝတ်ထားမိတာက အဖျားဝင်ဖို့ အားပေးသလိုဖြစ်တတ်ပါတယ်။ ဒါကြောင့် အပြင်သွားတဲ့အခါ အဝတ်အပိုတစ်စုံအိတ်ထဲဆောင်သွားပါ။ အိတ်ထဲအမြဲမထည့်ထားချင်ဘူးဆိုရင် ရုံးမှာထားတာဖြစ်ဖြစ် ကိုယ်အပြင်သွားခါနီးမိုးရွာတဲ့အခါ သတိလေးထားပြီး အပိုတစ်စုံယူသွားတာမျိုးလုပ်ပေးပါ။

    အိပ်ရေးဝဝ အိပ်ပါ – အိပ်ရေးဝအောင်အိပ်စက်တာကရောဂါတွေကို ကာကွယ်ပေးဖို့တော်တော်တပ်ကူရတာပါ။ ညဘက်ကိုဖြစ်နိုင်ရင်စောစောအိပ်ပါ။ ညနက်တဲ့အထိ အလုပ်လုပ်တာ၊ အွန်လိုင်းသုံးတာ၊ ရုပ်ရှင်ကြည့်တာ၊ ဂိမ်းဆော့တာမျိုးတွေ မလုပ်ပါနဲ့။ အိပ်စက်မှုက ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ ခွန်အားတွေကိုဖြည့်ပေးသလို ကြွက်သားတွေ၊တစ်ရှုးတွေနဲ့ဆဲလ်တွေကိုပြင်ဆင်တာ အသစ်ဖြစ်ပေါ်တာတွေဖြစ်လာအောင် လုပ်ဆောင်ပေးပါတယ်။ အိပ်ရေးဝနေမှကောင်းမွန်တဲ့ ကိုယ်ခံအားစနစ်ကို ပိုင်ဆိုင်နိုင်မှာပါ။ အိပ်ရေးမဝလေလေရောဂါတွေကို ဖိတ်ခေါ်သလိုဖြစ်လေလေပါ။ ဒါကြောင့် အဖိုးအခမပေးရတဲ့ ကိုယ်ပိုင် အိပ်စက်ချိန်လေးတွေကို အကြောင်းမဲ့ မဖြုန်းတီးကြပါနဲ့။

    စိတ်ဖိစီးမှုတွေကိုဖြေလျော့ပေးပါ – ခန္ဓါကိုယ်ထဲမှာcortisol ပမာဏများလာလေလေ စိတ်ဖိစီးမှုဖြစ်လေလေပါ။ ကိုယ်တွင်းမှာcortisol ပမာဏများလာတဲ့အခါရောဂါတွေကို တိုက်ထုတ်ပေးတဲ့သွေးဖြူဥဆဲလ်ပမာဏလျော့ကျလာပါတယ်။ ဒါကြောင့်ခန္ဓါကိုယ်ကျန်းမာနေစေဖို့ဆိုရင် စိတ်ဖိစီးမှုကိုလျော့ချမှဖြစ်မှာပါ။ ဒါကြောင့်လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။သွေးတွင်းကိုအောက်ဆီဂျင်ပိုမိုရောက်ရှိစေပြီး ကိုယ်ခံအားကိုကောင်းစေသလို စိတ်ဖိစီးမှုကိုလျော့ကျစေနိုင်ပါတယ်။

    Nasal Spray (နှာခေါင်းဖြန်းဆေး)ဆောင်ထားပါ – အဖျားရိပ်သန်းတာနဲ့ Nasal spray ကိုသုံးပေးမယ်ဆိုရင် ဖျားနာမှုကို ကြိုတင်ကာကွယ်ရာရောက်မှာပါ။ ဒါကြောင့်နေအိမ်မှာဖြစ်ဖြစ် အိတ်ထဲမှာဖြစ်ဖြစ် Nasal spray တစ်ဗူးလောက်တော့ဆောင်ထားပါနော်။

    အခုပြောပြခဲ့တဲ့နည်းလမ်းလေးတွေကိုလိုက်လုပ်မယ်ဆိုရင် ဖျားနာခြင်းကင်းစင်စွာနဲ့ မိုးရာသီကို ကဗျာဆန်ဆန်လေးဖြတ်သန်းနိုင်ပါလိမ့်မယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement