backup og meta

ကျန်းမာရေးအတွက် လေကို ဝယ်ရှူရတော့မှာလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်းမာရေးအတွက် လေကို ဝယ်ရှူရတော့မှာလား

    ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ သတင်းတစ်ခုတက်လာပါတယ်။ ဒါကတော့ အိန္ဒိယနိုင်ငံရဲ့ မြို့တော် နယူးဒေလီမှာ Oxygen Bar ဆိုပြီး ဖွင့်ထားတယ်ဆိုတဲ့ သတင်းပါပဲ။ လူတွေဟာ သန့်ရှင်းတဲ့လေကို ဝယ်ရှူနေကြရပါပြီ။ အဲ့ဒီမတိုင်ခင်လေးပဲ အိန္ဒိယမှာလည်း လေထု အဆမတန် ညစ်ညမ်းနေမှုကြောင့် ကျောင်းတွေလည်း ပိတ်ခဲ့ရပါသေးတယ်။

    ဒီလိုပါပဲ… နောက်သတင်းတစ်ခုကတော့ နိုဝင်ဘာ ၁၉ ရက်နေ့က တက်လာတဲ့ သတင်းပါ။ ဘန်ကောက်မြို့ဟာ ကမ္ဘာ့လေထုအဆိုးဝါးဆုံးမြို့တွေစာရင်းရဲ့ အဆင့် ၁၂ မှာ ရှိနေပါတယ်ဆိုတဲ့ သတင်းဖြစ်ပြီး အဲ့ဒီစာရင်းမှာ ပါဝင်နေတဲ့ မြို့တွေကို ဖော်ပြထားတဲ့ ဇယားပြပုံနဲ့တကွ တက်လာခြင်းပဲဖြစ်ပါတယ်။ ပိုစိတ်ဝင်စားဖို့ ကောင်းစေတဲ့အရာကတော့ Yangon, Myanmar ဆိုပြီး ပြူးနေအောင်ရေးထားတဲ့စာလုံးကြီးကို Bangkok, Thailand ဆိုတဲ့ စာလုံးရဲ့အပေါ် အဆင့် ၁၁ မှာ မြင်တွေ့ခဲ့ရခြင်းပါပဲ။ ကျွန်မတို့ရော မကြာခင်မှာ လေကို ဝယ်ရှူရတော့မှာလား။

    သဘာဝပတ်ဝန်းကျင်ပညာရှင်တွေကတော့ လေထုညစ်ညမ်းမှုဆိုးရွားလာမှုကို နည်းအမျိုးမျိုးအဖုံဖုံနဲ့ ရှင်းပြနေကြပါတယ်။ ဒီအရာကို ကျွန်မတို့ ဂရုစိုက်ဖို့ လိုအပ်ပါသလား။ ကျန်းမာရေးအပေါ် ဘယ်လို အကျိုးဆက်တွေ ရှိလာနိုင်လဲ။ ဒီမေးခွန်းတွေရဲ့ အဖြေတွေကို အောက်မှာ မြင်တွေ့သွားရမှာပါ။

    လေဖြတ်ခြင်း၊ အဆုတ်ကင်ဆာ၊ နှလုံးရောဂါတို့ကြောင့် ကမ္ဘာပေါ်တွင် သေဆုံးရသူ စုစုပေါင်းဉီးရေရဲ့ သုံးပုံတစ်ပုံဟာဆိုရင် လေထုညစ်ညမ်းမှုရဲ့ သက်ရောက်မှုကြောင့် သေဆုံးခဲ့ရတာဖြစ်ကြောင်း WHO (ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်) က ဖော်ပြထားပါတယ်။ ကမ္ဘာပေါ်က လူ ၁၀ ဉီးမှာ ၉ ဉီးဟာဆိုရင်လည်း ညစ်ညမ်းတဲ့ လေကို ရှူရှိုက်နေရပါတယ်ဆိုတဲ့ ဖော်ပြချက်ကိုလည်း တွေ့နိုင်ပါတယ်။ ဘယ်လောက်ပဲ ချမ်းသာ သန့်ရှင်းတဲ့ ရပ်ကွက်မှာပဲနေနေ သင်ဟာ လေထုညစ်ညမ်းမှုကိ ရှောင်ရှားလို့ မရတဲ့ အခြေအနေပါ။

    လေထုအဓိက ညစ်ညမ်းရတဲ့ အကြောင်းကတော့ ကမ္ဘာ့လူဉီးရေများလာတဲ့အခါမှာ ဒီလူသားတွေရဲ့လိုအပ်ချက်အတွက် လျှပ်စစ် စက်ကြီး စက်ငယ်အမျိုးမျိုးကို မောင်းနှင်လာရပါတယ် (ဥပမာ – စက်ရုံကြီးတွေ လည်ပတ်တာ၊ ကား/ ရထား စတာတွေ မောင်းနှင်တာ)။  ဒီစက်တွေ မောင်းနှင်နိုင်ဖို့ လောင်စာဆီတွေကို မီးရှို့လို့ စွမ်းအင်အဖြစ်အသုံးပြုရပါတယ်။ ဒီအရာကနေ နိုက်ထရိုဂျင်‌ အောက်ဆိုဒ်လို ဓာတ်ငွေ့တွေထွက်ပြီး လေထုညစ်ညမ်းမှုကို ဖြစ်စေပါတယ်။ တခါတရံ မီးခိုးမြူတွေ တွေ့မြင်နိုင်တဲ့အထိ လေထုညစ်ညမ်းမှုဖြစ်နိုင်သလို မီးခိုးမြူတွေ မမြင်ရရုံနဲ့လည်း လေထုက သန့်ရှင်းနေတယ်လို့ ဆိုလို့မရနိုင်ပါဘူး။

    ဒီညစ်ညမ်းတဲ့ လေထုဟာဆိုရင်

    – အသက်ရှူလမ်းကြောင်းပိုးဝင်မှု

    – အသည်း၊ နှလုံး နှင့် ဉီးနှောက် ပျက်စီးစေမှုတွေအတွက်ပါ ခြိမ်းခြောက်လာနေပါတယ်။

    – ကိုယ်ဝန်ဆောင်မိခင်တွေအတွက်ဆိုရင်လည်း အရမ်းကို အန္တရာယ်များပါတယ်။

    ကမ္ဘာပေါ်မှာ နှစ်စဉ် ၇ သန်း သောသူတွေဟာ လေထုညစ်ညမ်းမှုကြောင့် အသက်ဆုံးရှုံးနေရပါတယ်။ ကမ္ဘာပေါ်ရှိ ၉၃% သော ၁၅ နှစ်အောက် ကလေးတွေဟာဆိုရင် WHO (ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်) က ချမှတ်ထားတဲ့ လေထုညစ်ညမ်းမှုစံနှုန်းထက် ဆိုးရွားတဲ့ လေထုကို ရှူရှိုက်နေရပြီး ဒီဖြစ်စဉ်‌ကြောင့် ကလေးတွေဟာ ပန်းနာရင်ကျပ်ရောဂါ၊ ကင်ဆာ၊ အသိဉာဏ်ဖွံ့ဖြိုးမှုကို ထိခိုက်စေခြင်း စတာတွေကို တွေ့ကြုံခံစားနေရပါတယ်။။

    လေထုညစ်ညမ်းမှု အန္တရာယ်ကို အများဆုံးရင်ဆိုင်ရတဲ့သူတွေကတော့ အဆောက်အအုံပြင်ပမှာ အလုပ်လုပ်ကြရတဲ့ စိုက်ပျိုးရေး/ မွေးမြူရေးဆောင်ရွက်သူများ၊ လမ်းမပေါ်ထွက် အလုပ်လုပ်ရသော သန့်ရှင်းရေးစည်ပင်ဝန်ထမ်းများ နှင့် ယာဉ်ထိန်းရဲ ကဲ့သို့သော သူများဖြစ်ပါတယ်။ ထို့အပြင် မိမိအိမ်အတွင်း ထင်းမီးနှင့် ချက်ပြုတ်စားသောက်ခြင်းသည်လည်း လေထုညစ်ညမ်းမှုကို ဖြစ်ပွါးစေပါတယ်။ သတိပြုသင့်တဲ့အရာတခုက ဘာလဲဆိုတော့  ပြင်ပမှလေကလည်း အိမ်ထဲသို့ ဝင်ရောက်သလို အိမ်ထဲမှလေဟာလည်း အိမ်ပြင်သို့ ထွက်သွားနိုင်တာကြောင့် လေထုညစ်ညမ်းမှုဟာ လူတိုင်းအပေါ် သက်ရောက်မှုရှိနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။

    ဒါဆို လေထုညစ်ညမ်းမှုကို တတ်နိုင်သမျှရှောင်ကြဉ်ဖို့ ဘာတွေ့ လုပ်ဆောင်ရနိုင်မလဲ?

    – ကားတွေ ရှုပ်ထွေးလှတဲ့ လမ်းမတွေနား မသွားဘဲနေမယ်။ (ကားတွေက လောင်စာဆီတွေ အသုံးပြုနေလို့ လေထုထဲကို ညစ်ညမ်းတဲ့ လေတွေကို ထုတ်လွှတ်နေပါတယ်)

    – လေထုညစ်ညမ်းမှုမြင့်မားနေချိန်မှာ အိမ်အပြင်မထွက်ဘဲနေမယ်။

    – အိမ်အတွင်းရှိ လေကိုလည်း သန့်ရှင်းစေရန် လေသန့်စင်ပေးသော စနစ်ကို အသုံးပြုမယ်… စတာတွေပြုလုပ်လို့ရပါတယ်။ သို့သော် ရေရှည်မှာ ခက်ခဲလှတာကြောင့် အကောင်းဆုံးသော နည်းလမ်းကတော့ လောင်စာဆီ သုံးဆွဲမှု လျှော့ချရေးမှာ မိမိကိုယ်တိုင်ပါဝင်ဖို့ပါပဲ။

    – စွမ်းအင်ကိုချွေတာသုံးစွဲခြင်း။ (မီးမလိုရင် မီးပိတ်ထားခြင်း၊ အခြား တီဗီကဲ့သို့သော လျှပ်စစ်ပစ္စည်းများကို မလိုအပ်လျှင် ပိတ်ထားခြင်း)

    – ကိုယ်ပိုင်ကား အသုံးပြုမှုကို လျှော့ချကာ လမ်းလျှောက်ခြင်း၊ Bus/ ရထား စတဲ့ အများပြည်သူသုံး ပို့ဆောင်ဆက်သွယ်ရေး စနစ်တွေကို ပိုမိုအားထား အသုံးပြုခြင်း။

    – Energy efficient ligh bulb ကဲ့သို့ စွမ်းအင်ချွေတာသော မီးလုံး နှင့် အခြား လျှပ်စစ် ပစ္စည်းများကို အသုံးပြုခြင်း။

    – မော်တော်ကား ဝယ်ယူတဲ့အခါ ဆီစား သက်သာတဲ့ကားကို ရွေးချယ်ဝယ်ယူခြင်း။

    – နေစွမ်းအင်၊ လေစွမ်းအင်ကဲ့သို့ သန့်ရှင်းသော စွမ်းအင်ကို အစားထိုး အသုံးပြုခြင်း။ ( အိမ်တွင် ဆိုလာပြားတပ်ဆင်ခြင်း)

    စတဲ့ မိမိ နေထိုင်ပြုမူမှုပုံစံကို ပြောင်းလဲယူခြင်းဖြင့်သာ ရေရှည်အတွက် ကောင်းမွန် သန့်ရှင်းတဲ့ လေထုကို ဖန်တီးရယူရမှာဖြစ်ပြီး တစ်ဉီးတစ်ယောက်ကောင်းရုံနှင့် မလုံလောက်သည့်အတွက်လည်း မိမိပတ်ဝန်းကျင်မှ လူများကိုပါ အသိပညာ ဝေမျှပေးဖို့ကလည်း အရေးကြီးပါတယ်။

    ညစ်ညမ်းတဲ့လေထုက မိမိ ကျန်းမာရေးကို ဆိုးရွားစွာ ခြိမ်းခြောက်နေပါတယ်။ သင့်အနေနှင့် ယခုကတည်းက ရွေးချယ်မှု ပြုလုပ်ရမှာကတော့…

    – လေသန့်ကို ဝယ်ပြီးရှူမလား။

    – လေသန့်ကို ဖန်တီးယူမလား ဆိုတာပါပဲ။

    ကျေးဇူးတင်ပါတယ်။

    ရေးသားသူ – May Kham Eain

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement