backup og meta

H1N1(ရာသီတုပ်ကွေး) မကူးစက်ခံရအောင် ကာကွယ်ဖို့ အဓိကလိုက်နာရမယ့် (၇)ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    H1N1(ရာသီတုပ်ကွေး) မကူးစက်ခံရအောင် ကာကွယ်ဖို့ အဓိကလိုက်နာရမယ့် (၇)ချက်

    H1N1 ရာသီတုပ်ကွေး ဗိုင်းရပ်စ်ဟာ တုပ်ကွေးမျိုးစိတ်အသစ်ဖြစ်ပြီး အဖြစ်များတဲ့ရိုးရိုးတုပ်ကွေးရောဂါနဲ့လက္ခဏာချင်းဆင်တူပါတယ်။ ဝက်တွေမှာ ရှင်သန်နေထိုင်နိုင်တဲ့ virus ပိုးဖြစ်ပေမယ့် သေချာကိုင်တွယ်ချက်ပြုတ်ထားတဲ့ ဝက်သားနဲ့ တခြားစားသောက်ကုန်တွေ စားရုံနဲ့တော့ မကူးစက်နိုင်ပါဘူး။ လူလူချင်းသာ ကူးစက်ပါတယ်။

    ရောဂါလက္ခဏာတွေကအများအားဖြင့်ဆင်တူပေမယ့် ဝက်တုပ်ကွေးကတော့ အသက်ရှူလမ်းကြောင်းလက္ခဏာတွေအပြင် ဝမ်းလျှောတာနဲ့ ပျို့အန်တာတွေ ပါဖြစ်နိုင်ပါတယ်။ H1N1 ရာသီတုပ်ကွေးကရိုးရိုးတုပ်ကွေးထက် အဆုတ်ထဲကို ပိုနက်ရှိုင်းစွာကူးစက်ရောက်ရှိနိုင်ပါတယ်။ လက္ခဏာ တွေက –

    • ချမ်းတုန်ခြင်း
    • ချောင်းဆိုးခြင်း
    • မောပန်းအားကုန်ခြင်း
    • ဝမ်းလျှောခြင်း
    • ဖျားခြင်း
    • ခေါင်းကိုက်ခြင်းနဲ့ ခန္ဓါကိုယ်နာကျင်ကိုက်ခဲခြင်း
    • လည်ချောင်းနာခြင်း
    • နှာစေးနှာပိတ်ခြင်း
    • မူးဝေအော့အန်ခြင်းတို့ဖြစ်ပါတယ်။

    ဘယ်လိုကူးစက်နိုင်သလဲ

    ရောဂါရှိနေသူကချောင်းဆိုး၊ နှာချေလိုက်တဲ့အခါ လေထုထဲရောက်လာတဲ့အမှုန်တွေကနေ ကူးတာပါ။ တုပ်ကွေးဗိုင်းရပ်စ်ပါတဲ့လေတွေကို ရှူရှိုက်မိတဲ့အခါ ဒါမှမဟုတ် ဗိုင်းရပ်စ်ကပ်ငြိကျန်နေတဲ့ မျက်နှာပြင်တစ်ခုခုဆီကနေ မျက်လုံး၊နှာခေါင်းနဲ့ ပါးစပ် စတာတွေဆီကို ကူးစက်ရရှိနိင်ပါတယ်။ လက္ခဏာမပြခင်တစ်ရက်မှာတည်းက ကူးစက်ပိုးကပျံ့နှံ့သွားနိုင်ပြိး နေမကောင်းဖြစ်ပြီး ၇ရက်လောက်ထိ ကူးစက်ပျံ့နှံ့သွားနိုင်ပါတယ်။

    ဗိုင်းရပ်စ်ပိုးက သက်မဲ့အရာဝတ္ထုတွေမှာ ဒါမှမဟုတ် လက်မှာ ကပ်ငြိရင် မိနစ်ပိုင်းလေးပဲ အသက်ရှင်နိုင်တယ်။ ဒါပေမယ့် ဆက်ပြန့်ပွားဖို့ လုံလောက်တဲ့အချိန်အတိုင်းအတာဖြစ်နေတယ်။ ဥပမာ ကိုယ့်ရုံးခန်းထဲက တစ်ယောက်ယောက်နှာချေလိုက်တယ်၊ချောင်းဆိုးလိုက်တယ်ဆိုပါစို့။ စားပွဲ သို့မဟုတ် မျက်နှာပြင်တနေရာရာမှာ နှာရည် သို့မဟုတ် တံတွေးတွေစင်မယ်၊ ဒါကိုထိတွေ့မိရာက လွယ်လွယ်ကူးစက်နိုင်ပါတယ်။ လက်ဆွဲနှုတ်ဆက်ရာကနေလည်း ကိုယ့်လက်ကို ရောဂါပိုးရရှိနိုင်တယ်၊ ကိုယ့်မျက်လုံးပွတ်မိမယ်ဆိုရင်ပြီးပြီပဲ။ အကောင်းဆုံးက လက်ဆေးပါ။

    ဒီတော့ ဘယ်လိုကာကွယ်လို့ရမလဲ

    (၁) နေမကောင်းဖြစ်ရင် အိမ်မှာပဲနေပါ။နေမကောင်းဖြစ်တဲ့အခါ ၂၄ နာရီအတွင်းတော့ အိမ်မှာပဲနားနေပြီး တခြားသူကိုမကူးအောင် ဂရုစိုက်ပါ။

    (၂) လက်မကြာခဏဆေးပါ။ရောဂါပိုးတွေရန်က ကာကွယ်နိုင်ဖို့အလွယ်ဆုံးနည်းလမ်းပါ။ ဆပ်ပြာနဲ့ဆေးပါ ဒါမှမဟုတ်ရင် လက်သန့်ဆေးရည်သုံးပါ။ ကြမ်းပြင်၊ မျက်နှာပြင်နဲ့ အသုံးအဆောင်တွေမှာ ရောဂါရှိသူဆီက နှာချေ ချောင်းဆိုးရာကနေထွက်လာတဲ့ ဗိုင်းရပ်စ်တွေကပ်နေနိုင်တယ်။

    (၃) နှာချေချောင်းဆိုးတာ ထိန်းပါ။နှာချေချောင်းဆိုးတိုင်း အဝတ်နဲ့အုပ်ဆိုးတဲ့အကျင့်ကိုလုပ်ပါ။ နှာခေါင်းစည်းသုံးလည်းရပါတယ်။ လုံးဝလက်မအားရင် တံတောင်ဆစ်နဲ့ပဲဖြစ်ဖြစ် ကာပြီးဆိုးပါ။

    (၄) သန့်ရှင်းမှုကို ဂရုစိုက်ပါ။ သုံးပြီးသားတစ်ရှူးတွေသေချာစွန့်ပစ်ပါ။ လက်မသန့်ဘဲ နှာခေါင်း၊ ပါးစပ်နှင့် မျက်လုံးတွေကို မထိမိပါစေနဲ့(virus ပိုးက စားပွဲ၊တယ်လီဖုန်းစတဲ့ မျက်နှာပြင်တွေမှာ ကောင်းစွာ အသက်ရှင်နေနိုင်တာကြောင့်ဖြစ်ပါတယ်။)

    (၅) လူများလွန်းတဲ့နေရာတွေ မလိုအပ်ဘဲမသွားပါနဲ့။ကိုယ့်မှာကိုယ်ခံအားနည်းနေတဲ့အခါမျိုးဆို ကူးစက်ခံရလွယ်နိုင်ပါတယ်။ အသက် ၅ နှစ်အောက်ကလေးတွေ၊ ၆၅ နှစ်အထက် သက်ကြီးပိုင်းတွေ၊ နာတာရှည်မကျန်းမာသူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ပန်းနာရင်ကျပ်၊နှလုံးတို့လိုရောဂါရှိသူတွေဟာ ဘယ်တုပ်ကွေးကိုမဆို ကူးစက်ခံရလွယ်တဲ့သူတွေဖြစ်လို့ ပိုသတိထားသင့်ပါတယ်။

    (၆) အာဟာရပြည့်အောင်စားပါ။ပြည့်ဝစွာအနားယူပါ။ ဒီလိုအာဟာရပြည့်အောင် စားသောက်ပြီး ကောင်းကောင်းအနားယူမှ ကိုယ်ခံအားကောင်းပြီး ရောဂါပိုးကို ထိထိရောက်ရောက်တိုက်ထုတ်နိုင်ပါလိမ့်မယ်။

    (၇)နေမကောင်းရင် နှာခေါင်းစည်း (mask)တွေတပ်ထားပါ။ကိုယ့်ဆီကနေ သူများကိုမကူးစက်ဖို့အပြင် ကိုယ်အားနည်းနေတဲ့အချိန်မှာ တခြားရောဂါပိုးတွေထပ်မဝင်စေဖို့ နှာခေါင်းစည်းတပ်ထားတာအကောင်းဆုံးဖြစ်ပါတယ်။

    H1N1 ဖြစ်တဲ့အခါ ကိုယ်ခံအားကောင်းတဲ့သူတွေ မှာ ကုသမှုခံယူပြီး သက်သာသွားသူတွေရှိပေမယ့်ပြင်းထန်ရင်တော့ အသက်ဆုံးရှုံးနိုင်ပါတယ်။ ကုသတဲ့အခါဗိုင်းရပ်စ်ဆန့်ကျင်ဆေး oseltamivir (Tamiflu) and zanamivirကို အကြံပေးထောက်ခံထားပါတယ်။ ရောဂါပိုးက ဆေးယဉ်သွားနိုင်တဲ့ အတွက်ကြောင့် တုပ်ကွေးနောက်ဆက်တွဲတွေရနိုင်ခြေများသူတွေမှာပဲ သုံးလေ့ရှိပါတယ်။ ကျန်းမာရေးကောင်းတဲ့လူအနေနဲ့တော့ ဝက်တုပ်ကွေးကူးခဲ့ရင်တော့ ခုခံအားနဲ့ပြန်တိုက်နိုင်မှာဖြစ်ပါတယ်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    ဆက်စပ် အကြောင်းအရာများ


    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement