backup og meta

ကြက်စွပ်ပြုတ်အပြင် တုပ်ကွေးသက်သာစေတဲ့အစားအသောက် ဘာတွေရှိသေးလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 23/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကြက်စွပ်ပြုတ်အပြင် တုပ်ကွေးသက်သာစေတဲ့အစားအသောက် ဘာတွေရှိသေးလဲ
    နေမကောင်း ဖြစ်နေပြီ ဆိုရင် တုပ်ကွေးဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် ပုံမှန်အတိုင်းတော့ မစားနိုင်တော့ပါဘူး။ သောက်ရတဲ့ ဆေးတွေကြောင့်ရယ်၊ နေလို့ မကောင်းတာရယ်ကြောင့် ခံတွင်းပျက်နေနိုင်တယ်။ ဒါ့ပြင် အစာကြေ လွယ်တာတွေပဲ စားရမှာ ဖြစ်လို့ မစားချင်တာလည်း ပါနိုင်ပါတယ်။ တုပ်ကွေးဖြစ်ရင် ကြက်စွပ်ပြုတ်က အကောင်းဆုံးလို့ ပြောကြတယ်နော်။ ဒါပေမယ့် ခံတွင်းပျက်ရတဲ့ အထဲ ဒါချည်းပဲ စားနေလို့မှ မဖြစ်တာလေ။ ဒီတော့ ကြက်စွပ်ပြုတ်အပြင် တုပ်ကွေးသက်သာစေတဲ့အစားအသောက် ဘာတွေရှိသေးလဲ ဆိုတာကို ရုတ်တရက် စဉ်းစားမရတာမျိုး ဖြစ်မနေရအောင် ဖော်ပြပေးလိုက်ပါတယ်။

    ကြက်စွပ်ပြုတ်အပြင် တုပ်ကွေးသက်သာစေတဲ့အစားအသောက် ဘာတွေရှိသေးလဲ

    ဝေဒနာ အမြန် သက်သာပြီး နာလန်ထလာစေဖို့ ကြက်စွပ်ပြုတ်လိုပဲ အကျိုးကျေးဇူး ကောင်းတဲ့ အစားအသောက်လေးတွေ ရှိပါသေးတယ်နော်။ ကြက်စွပ်ပြုတ်အပြင် တုပ်ကွေးသက်သာစေတဲ့အစားအသောက် ဘာတွေရှိသေးလဲ ဆိုတော့ –
    • တခြားစွပ်ပြုတ်

    ကြက်စွပ်ပြုတ် လိုပဲ ငါးခေါင်းဟင်းချို သို့မဟုတ် တခြား အရိုးပြုတ်ရည်တွေကလည်း နေမကောင်းချိန်မှာ အာဟာရဓာတ်တွေ ပေးနိုင်တဲ့ အကောင်းဆုံး အရင်းအမြစ်တွေပါ။

    အရသာ ရှိတဲ့အပြင် ကယ်လိုရီတွေ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါမယ်။ ပူပူလေး သောက်ရင် ချွဲသလိပ်တွေ ပျော်ဖို့ပါ အထောက်အကူ ပေးနိုင်ပါတယ်။ တစ်ခုရှိတာက အရည်ပဲ သောက်လို့တော့ အာဟာရမဖြစ်ပါဘူး။ ကြက်စွပ်ပြုတ်ပဲ သောက်သောက်၊ ငါးစွပ်ပြုတ်ပဲ သောက်သောက် အဖတ်ပါစားမှ လိုအပ်တဲ့ အာဟာရတွေ အပြည့်အဝရမှာ ဖြစ်ပါတယ်။

  • အုန်းစိမ်းရည်
  • ရေဓာတ် ပြည့်ဝနေဖို့က နေမကောင်းတဲ့အချိန်မှာ အရေးကြီးဆုံး အချက်ပါ။ ကိုယ်ပူနေမယ်၊ ချွေးတွေ တအားထွက်ထားမယ်၊ အန်ထားမယ်၊ ဝမ်းလျှောထားမယ်ဆိုရင် ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်ဖြည့်တင်းဖို့ လိုပါတယ်။ ဒီလို အချိန်မှာ အုန်းစိမ်းရည်ကလည်း အစွမ်းထက်တဲ့ ဆေးတစ်ခွက် ပါပဲ။ ချိုချိုလေးနဲ့ ရင်ထဲ အေးစေတဲ့ အုန်းစိမ်းရည်မှာ ဂလူးကို့စ်နဲ့ ဓာတ်ဆားဓာတ်တွေပါ ဝင်ပါတယ်။

    • ရေနွေးကြမ်းပူပူ

    ရေနွေးပူပူလေး သောက်တာကတော့ အအေးမိ၊ တုပ်ကွေး ဖျားနာတာတွေ အတွက် သမားရိုးကျ နည်းလမ်း တစ်ခုပါ။ ကြက်စွပ်ပြုတ်လောက် အာဟာရ မပါရင်တောင် ချွဲသလိပ်တွေ ရှင်းသွားစေဖို့၊ လည်ချောင်းရှင်းဖို့၊ နှာခေါင်းပိတ် သက်သာစေဖို့၊ ချွေးထွက်ပြီး အဖျားကျဖို့ အထောက်အကူပေးတယ် ဆိုတော့ သူ့အစွမ်းလည်း မသေးပါဘူး။ လည်ချောင်း အပူလောင်လောက်တဲ့ အထိတော့ အပူ မပြင်းစေနဲ့ပေါ့နော်။

    လက်ဖက်ခြောက်မှာ polyphenols တစ်မျိုးဖြစ်တဲ့ Tannins ဓာတ်တွေ ပါဝင်လို့ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတွေ၊ မှိုပိုးတွေကို သေစေတဲ့အာနိသင်တွေ ရှိပါတယ်။ အာဟာရစုပ်ယူမှုကို အနှောင့်အယှက်မဖြစ်အောင်  ထမင်းစားချိန်နဲ့ ၂နာရီလောက် ခွာသောက်သင့်ပါတယ်။

  • ပျားရည်
  • ပျားရည်မှာ ဘက်တီးရီးယားတွေ သေစေတဲ့ အာနိသင် ရှိပါတယ်။ ကိုယ်ခံအားစနစ်ကိုလည်း ကောင်းစေတယ်လို့ သုတေသန တွေ့ရှိချက်တွေရှိပါတယ်။ ဒါ့ကြောင့် ပျားရည်ကို ရေနွေးကြမ်းလေးထဲ ထည့်သောက်ရင် လည်ချောင်းနာတာတောင် သက်သာစေပါတယ်တဲ့။

    နွားနို့တစ်ခွက်ကို ပျားရည် ဇွန်းတစ်ဝက် ထည့်သောက်ရင်လည်း ချောင်းဆိုး သက်သာတယ်၊ ရေဓာတ် ပြည့်ဝစေတယ်၊ ရောဂါပိုးတွေကိုလည်း သေစေနိုင်ပါတယ်။

    • ချင်းလက်ဖက်ရည်ကြမ်း

    နေမကောင်း လို့ မအီမသာ ဖြစ်နေတာ၊ ခံတွင်းပျက်တာတွေ အတွက် ချင်းရေနွေးကြမ်းကို သောက်ပေးရင် သက်သာပါလိမ့်မယ်။ အသင့်သောက် အထုပ်လေးတွေလည်း ရှိသလို ချင်းကို ပါးပါးလှီးပြီး ရေနွေးကြမ်းထဲ ခတ်သောက်လို့ ရပါတယ်။ ပူရှိန်းရှိန်းနဲ့ ချွေးလေး စို့လာစေပြီးနေလို့ကောင်းစေမှာပါ။

    • ငှက်ပျောသီး

    ငှက်ပျောသီးက နေမကောင်း ချိန်မှာ စားလို့သင့်တဲ့ အသီးထဲမှာ ပါဝင်ပါတယ်။ စားရတာလည်း လွယ်တယ်၊ ကယ်လိုရီနဲ့ အာဟာရဓာတ်တွေလည်း အများကြီး ပါပါတယ်။ သူ့မှာပါတဲ့ ပျော်ဝင်လွယ် အမျှင်ဓာတ်ကြောင့် အစာခြေစနစ်အတွက်လည်း ကောင်းကျိုး များပါတယ်။

    • ကွေကာအုတ်

    ကွေကာအုတ်က အစာကြေ လွယ်ပြီး နေမကောင်း ဖြစ်ချိန်မှာ လိုအပ်နေတဲ့ ကယ်လိုရီ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ဖြည့်တင်းပေးနိုင်ပါတယ်။ ကိုယ်ခံအားစနစ်ကို အားပေးပြီး သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းပေးပါတယ်။ အကောင်းဆုံးကတော့ အသင့်သောက် အထုပ်တွေထက် အုတ်ဂျုံကွေကာအလွတ်ကို ကိုယ်တိုင် ဖျော်သောက်တာပါပဲ။

    ဒီအစားအသောက်တွေက ရောဂါကို သက်သာစေဖို့ အားဖြည့်ကူညီပေးမှာ ဖြစ်လို့ ဝေဒနာ ခံစားရတာလည်း သက်သာစေမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 23/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement