backup og meta

အအေးမိတာချင်းအတူတူ ကလေးနဲ့ လူကြီး ဘယ်လိုကွာသွားလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 12/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အအေးမိတာချင်းအတူတူ ကလေးနဲ့ လူကြီး ဘယ်လိုကွာသွားလဲ

    ဘာလိုလိုနဲ့ အအေးမိတုပ်ကွေး ရာသီကာလကိုတောင် ပြန်ရောက်လာတော့မယ်နော်။ ဒီလို နွေဦး၊ မိုးတွင်းကာလတွေဆိုတာ ကျား၊ မ အသက်အရွယ် မရွေး မကြာခဏဆိုသလို နှာစေးအအေးမိ ချောင်းဆိုးပြီး ဖျားနာတတ်ကြတဲ့ အချိန်ကာလတွေပေါ့။ အအေးမိတုပ်ကွေးကို ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေဟာ လေထုထဲမှာ နွေ၊ မိုး၊ ဆောင်း ဥတုသုံးပါးလုံး ရှိနေနိုင်ပြီး မွေးကင်းစကလေးမှ ဘိုးဘိုးဘွားဘွားအရွယ်ထိ ကူးစက်ခံရနိုင်တယ်နော်။ ဒီဆောင်းပါးမှာတော့ အအေးမိတာချင်းအတူတူ ကလေးနဲ့ လူကြီး ဘယ်လိုကွာသွားလဲ ၊ ဘယ်လိုပိုပြီး ဂရုစိုက်သင့်လဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။

    အအေးမိတာချင်းအတူတူ ကလေးနဲ့ လူကြီး ဘယ်လိုကွာသွားလဲ

    အအေးမိတာချင်းအတူတူ ကလေးနဲ့ လူကြီး ဘယ်လိုကွာသွားလဲ ဆိုတော့

    ၁။ ကလေးတွေက ပိုဖျားလွယ်တယ်။

    အအေးမိတုပ်ကွေးရဲ့ အဓိကလက္ခဏာကတော့ ချောင်းဆိုးခြင်း၊ နှာစေးနှာပိတ်ခြင်း၊ လည်ချောင်းနာခြင်းတွေ ဖြစ်ပါတယ်။ ဒီလက္ခဏာတွေကို ကလေးပဲဖြစ်စေ၊ လူကြီးပဲ ဖြစ်စေ ခံစားရနိုင်ပေမယ့် ကလေးတွေကတော့ လူကြီးတွေထက် ကိုယ်ပူရှိန်တက်ဖို့ ပိုလွယ်ကူနိုင်ပါတယ်။

    လူကြီးတွေမှာလည်း ဖျားနိုင်ပေမဲ့ ကလေးတွေလောက်တော့ မဟုတ်ပါဘူး။ များသောအားဖြင့် ကလေးတွေက အဖျားတက်ဖို့ ပိုလွယ်ပေမယ့် အရမ်းစိုးရိမ်ရလောက်တဲ့အထိ မပြင်းထန်ပါဘူး။

    ၂။ လူကြီးတွေက အအေးမိဖျားနာပျောက်ဆေးတွေ သောက်နိုင်ပါတယ်။ 

    အအေးမိဖျားနာတဲ့အခါ လူကြီးအနေနဲ့ ဆရာဝန်နဲ့ အထူးတလည်သွားပြစရာမလိုဘဲ ဆေးဆိုင်ကနေ အဖျားပျောက်ဆေး၊ အကိုက်အခဲပျောက်ဆေး ဝယ်သောက်ရုံနဲ့ အဆင်ပြေပါတယ်။

    ကလေးတွေကိုတော့ အအေးမိဖျားနာပျောက်ဆေးတွေ တိုက်လို့ မဖြစ်ပါဘူး။ သူတို့ကိုတော့ ပါရာစီတမောလောာက်ပဲ တိုက်လို့ ရပါတယ်။ အထူးသဖြင့် အသက် ၆ နှစ်အောက် ကလေးတွေကို လူကြီးတွေသောက်တဲ့ နှာစေးပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေးတွေ တိုက်လို့ မရပါဘူး။ ဒါကြောင့် ကလေးတွေဖျားပြီဆိုရင် ကိုယ့်ဘာသာ အိမ်မှာဆေးတိုက်ပြီး ကြိတ်မှိတ်ကုသတာထက် ဆရာဝန်နဲ့ ပြဖို့ လိုအပ်ပါတယ်။

    ၃။ အအေးမိတုပ်ကွေးတွေဟာ ကလေးတွေအတွက် ပိုခံစားရခက်စေတယ်။

    လူကြီးတွေကတော့ နေထိုင်မကောင်းရင် ကိုယ့်ဟာကိုယ် နည်းလမ်းရှာပြီး သက်သာအောင် နေတတ်ပါတယ်။ ဥပမာ အေးလာရင် ရေနွေးထသောက်လိုက်တာ၊ ကိုယ်လက်ညောင်းရင် နှိပ်လိုက်တာမျိုးပေါ့။

    ကလေးတွေကတော့ သူတို့ဘာ‌ခံစားရလဲဆိုတာကိုလည်း သေချာမပြောတတ်၊ နှာစေးရင်လည်း မညှစ်တတ်၊ ချွဲမဟပ်တတ်တာကြောင့် ပိုခံစားရခက်ပြီး ဂျီပဲကျနေတတ်ပါတယ်။

    ၄။ ကလေးတွေမှာ အအေးမိဖျားနာရာမှ ပြဿနာပိုကြီးသွားတာမျိုး ဖြစ်နိုင်တယ်။

    လူကြီးတွေအနေနဲ့ကတော့ ကိုယ်ခံအားကောင်းပြီးသားလည်း ဖြစ်သလို အအေးမိတုပ်ကွေးနဲ့ပတ်သက်ပြီး ကိုယ်တိုင် အကြိမ်ပေါင်းကြုံတွေ့ခဲ့ရပြီးဖြစ်တဲ့အတွက် ဖျားရင် ဆေးသောက်မယ်၊ အိမ်မှာနားမယ်၊ အစာအာဟာရကို သေချာဂရုစိုက်ရင်ကို ဖြစ်ပါတယ်။ ကလေးတွေမှာ ကိုယ်ခံအားလည်း နည်းသလို ရောဂါပိုး ဝင်ပြီးသွားတဲ့အခါ ကိုယ်ခံအားကျသွားအောင် ပိုပြီးတိုက်ခိုက်နိုင်ပါတယ်။ ကလေးရဲ့ ကိုယ်ခံအားကျဆင်းလေ နောက်ထပ်ရောဂါပိုးမွှားအသစ်တွေ ဝင်ရောက်ဖို့ ဖိတ်ခေါ်လိုက်တာနဲ့ အတူတူပါပဲ။ အထူးသဖြင့် မွေးကင်းစကလေးအရွယ်တွေမှာ ဖျားနာတယ်ဆိုရင် မိဘတွေအနေနဲ့ သေချာဂရုစိုက်ပေးဖို့ လိုအပ်လာပါပြီ။

    အအေးမိဖျားနာခြင်း ကင်းဝေးစေဖို့ ဘယ်လိုဂရုစိုက်ကြမလဲ။

    ခုပြောပြပေးမယ့် နည်းလမ်းတွေက ကိုယ်တိုင်ဖြစ်စေ၊ မိသားစုဝင်တွေအတွက်ဖြစ်စေ၊ မိဘတွေက သားသမီးတွေအတွက် ပြင်ဆင်ဂရုစိုက်ပေးတာဖြစ်စေ၊ နှစ်မျိုးလုံးအတွက် အဆင်ပြေစေနိုင်ပါတယ်။

  • အစာအာဟာရကို ပြည့်ဝစုံလင်စွာ စားပေးပါ
  • အိပ်ချိန်ကို မှန်အောင် အိပ်ပါ၊ တစ်နေ့ကို ညအိပ်ချိန် ၇နာရီမှ ၈နာရီ အနည်းဆုံးရှိဖို့လိုပါတယ်
  • ဘာပဲကိုင်ပြီးပြီး လက်ကို အမြဲဆေးကြောပါ၊ လက်ဆေးဖို့ အဆင်မပြေရင် ရေမလိုလက်သန့်စင်ဆေးရည်ကို အသုံးပြုပေးပါ
  • မသန့်ရှင်းတဲ့လက်နဲ့ မျက်လုံး၊ နှာခေါင်းပွတ်တာ၊ ပါးစပ်ထဲ ထည့်တာ၊ စားမယ့်အစားအစာ ကိုင်တာမျိုး မလုပ်ပါနဲ့
  • ဗီတာမင် စီ အားဆေးကို တစ်နေ့တစ်လုံးစားပေးပါ၊ ဒါမှမဟုတ် အချဉ်ဓာတ်များပြီး အရည်ရွှမ်းတဲ့ အသီးအနှံတွေ များများကျွေးပါ
  • ရေများများသောက်ပေးပါ၊ ကလေးကို ရေဓာတ်ပြည့်ဝနေပါစေ။
  • လူထူထပ်တဲ့ နေရာသွားတော့မယ်ဆိုရင်၊ ကိုယ်က ချောင်းဆိုးနှာစေးနေတယ်ဆိုရင် နှာခေါင်းစည်း (Face Mask) တပ်သွားပါ
  • နေမကောင်းဖြစ်တဲ့သူကို ပြုစုပြီးတဲ့အခါ လက်ကို သန့်စင်အောင် ရေ၊ ဆပ်ပြာနဲ့ သေချာဆေးကြောပါ
  • တုပ်ကွေးဖျားနာအတွက် ကာကွယ်ဆေးကို တစ်နှစ်တစ်ကြိမ် တစ်မိသားစုလုံး မပျက်မကွက် ထိုးပေးပါ
  • Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 12/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement