backup og meta

အအေးမိ ဖျားနာ နာလန်ထမြန်စေမယ့် အာဟာရ (၆) မျိုး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 7 ရက် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အအေးမိ ဖျားနာ နာလန်ထမြန်စေမယ့် အာဟာရ (၆) မျိုး

    ဟတ်ချိုး…ရာသီဥတုက ကိုယ့်ဘက်မှာပါနော်။ မိုးလေး အေးလာတာနဲ့ လူက နှာတချေချေ ဖြစ်ရတဲ့အထဲ ကားထဲရောက်လည်း အဲကွန်း၊ ရုံးရောက်လည်း အဲကွန်းနဲ့ တွေ့တဲ့အခါ အအေးမိ ဖျားပြီလေ။

    လူကလည်း နေမကောင်းဖြစ်၊ အလုပ်လည်း ပျက်လို့ မဖြစ်တဲ့ အနေအထားမှာ ဘယ်လို အနားယူရပါ့မလဲ။ စဉ်းစားရခက်နေပြီလား။

    နေမြန်မြန်ကောင်းဖို့ အသည်းအသန် ထိုင်ဆုတောင်းနေလို့လည်း ဘာမှ ထူးလာမှာ မဟုတ်ပါဘူးနော်။ ကိုယ်ခံအား ပြန်ကောင်းပြီး အအေးမိ ဝေဒနာကို ခုခံနိုင်ဖို့က အစာအာဟာရ ပြည့်ဝဖို့ အရေးကြီးပါတယ်။

    အအေးမိ ဖျားနာ နာလန်ထမြန်စေမယ့် အာဟာရ (၆) မျိုး

    အအေးမိ ဖျားနာ နာလန်ထမြန်စေမယ့် အာဟာရ တွေက

    (၁) ကြက်စွပ်ပြုတ်

    ကြက်စွပ်ပြုတ်ကို အအေးမိဝေဒနာ အတွက်ဆေးတစ်လက် အဖြစ် ဟိုးအရင်တည်းက လက်ခံထားကြပါတယ်။ ကြက်သားမှာ ပါတဲ့ amino acid cysteine ကြောင့် ဒီလို အစွမ်းသတ္တိရှိတာလည်း ဖြစ်ပါတယ်။ N-acetyl-cysteine ဟာ ချွဲသလိပ်ကို ကြေစေပြီး ရောဂါပိုးတွေကို သေစေနိုင်စွမ်း၊ ရောင်ရမ်းမှုကို လျော့ကျစေနိုင်စွမ်းနဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေ ရှိပါတယ်။

    ကြက်စွပ်ပြုတ်က အရည်ဓာတ် ရတဲ့အပြင်၊ နေမကောင်းချိန်မှာ လိုအပ်နေတဲ့ ကယ်လိုရီ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ၊ အာဟာရဓာတ်တွေကို ပမာဏများများရရှိနိုင်တဲ့ အရင်းအမြစ်ဖြစ်ပါတယ်။ စွပ်ပြုတ်ရည် ပူပူလေးကြောင့် ချွဲသလိပ်တွေ ရှင်းစေနိုင်ပြီး နှာစေးချောင်းဆိုးကို သက်သာစေနိုင်ပါတယ်။

    အာဟာရပိုပြည့်ဝစေဖို့ အရိုးပြုတ်ရည်ပဲ မဟုတ်ဘဲ အသားကိုပါ စားပေးဖို့ လိုပါတယ်။

    (၂) ရေနွေးပူပူ

    လက်ဖက်ရည်ကြမ်း ဟာ အအေးမိတုပ်ကွေး နဲ့ပတ်သက်တဲ့ လက္ခဏာ တော်တော်များများကို သက်သာစေတဲ့ နည်းတစ်ခု ဖြစ်ပါတယ်။ ကြက်စွပ်ပြုတ်လိုပဲ ရေနွေးကြမ်းက နှာပိတ်ခြင်းနဲ့ ချွဲသလိပ်‌တွေကို ရှင်းလင်းစေတဲ့ သဘာဝဆေးတစ်လက်ပါ။

    သတိထားရမှာက ထိုက်သင့်သလောက် ပူတဲ့ အနေအထားကိုပဲ သောက်သင့်ပါတယ်။ လည်ချောင်းကို ထိခိုက်စေနိုင်လို့ အရမ်းပူတာ မသောက်ပါနဲ့။

    (၃) ပျားရည်

    ပျားရည်မှာ ဘက်တီးရီးယားကို သေစေတဲ့ အစွမ်းသတ္တိတွေ ပါရှိပြီး ကိုယ်ခံအားစနစ်ကို အထောက်အပံ့ ပေးပါတယ်။ ပျားရည်ကျွေးပေးရင် ချောင်းဆိုး သက်သာစေနိုင်ပါတယ်။

    နွားနို့နွေးနွေး တစ်ခွက်ထဲ ပျားရည် ဇွန်းတစ်ဝက် ထည့်ပြီး သောက်ပါ။ ရေဓာတ် ဖြည့်တင်းပေးပြီး ရောဂါပိုးကို သေစေတဲ့ အာနိသင် ရှိပါတယ်။

    (၄) ငှက်ပျောသီး

    ငှက်ပျောသီးက ပိုတက်စီယမ် ကြွယ်ဝပြီး ချွေးစေးထွက်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း တွေကို သက်သာစေပါတယ်။ အစာကြေလွယ်စေပြီး ကိုယ်ပူကျစေတယ်၊ ဆုံးရှုံးထားတဲ့ ဓာတ်ဆားဓာတ်ကို ပြန်လည် ဖြည့်တင်းပေးနိုင်ပါတယ်။

    (၅) ဗီတာမင် C ကြွယ်ဝတဲ့ အစားအစာ

    ဗီတာမင် C က ရောဂါပိုးတွေ ခုခံတိုက်ဖျက်တဲ့ နေရာမှာ လူသိများတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါ။ ဗီတာမင် C ကိုဆေးအဖြစ် သောက်ရင် လွန်ကဲမှု ဖြစ်စေနိုင်ပြီး ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်တာကြောင့် ဗီတာမင် C ကြွယ်ဝတဲ့ အစားအစာတွေကို စားတာ ပိုကောင်းပါတယ်။ ပန်းငရုတ်ပွ၊ အရည်ရွှမ်းတဲ့ အချဉ်သစ်သီးတွေ၊ အချဉ်သီးဖျော်ရည်တွေ၊ ကီဝီသီး၊ ဘယ်ရီသီး၊ ခရမ်းချဉ်သီး၊ ပန်းဂေါ်ဖီစိမ်းတို့မှာ ဗီတာမင် C ကြွယ်ဝပါတယ်။

    (၆) အစပ်လေးတွေ

    တုပ်ကွေး ဖြစ်နေရင် အပူအစပ်လေး နဲ့မှ ပွင့်သွားတယ်တို့ ဘာတို့။ နှာခေါင်းပိတ်၊ ခေါင်းကိုက်၊ ချွေးမထွက်ဘဲ ကွေးနေရတယ် ဆိုရင် ပူပူစပ်စပ်လေး (အရည်သောက်ဆို ပိုကောင်းပါတယ် ။ ဥပမာ ရခိုင်မုန့်တီ) တစ်ခုခု စားလိုက်ရင် ချွေးထွက်လာပြီး နေရသက်သာသွားနိုင်ပါတယ်။ အစပ်မစားနိုင်ရင် ကြက်ပြုတ်ရည်ကို ငရုတ်ကောင်းလေး နည်းနည်း ခတ်သောက်တာမျိုးလည်း ရပါတယ်။ အစာအိမ်ပြဿနာနဲ့ ရင်ပူခြင်း အတွက်တော့ သတိထားစားပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 7 ရက် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement