backup og meta

နာတာရှည် အဆုတ်လေပြွန်ကျဉ်း ရောဂါအတွက် ဘယ်လို အစားအစာတွေ စားသင့်သလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Zin Thu Thu Win မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နာတာရှည် အဆုတ်လေပြွန်ကျဉ်း ရောဂါအတွက် ဘယ်လို အစားအစာတွေ စားသင့်သလဲ

    သင်သည် နာတာရှည် အဆုတ်လေပြွန်ကျဉ်း ရောဂါ ခံစားနေရပြီဆိုလျှင် သင့်တင့်လျောက်ပတ်သော စားသောက်နေထိုင်မှု ပုံစံမျိုးဖြင့် နေထိုင်သင့်သည်။ ဥပမာ -အစာအိမ် လေပွစေသော၊ ဂက်စ်များသော အစားအစာတို့ကို ရှောင်ကျဉ်ခြင်းမျိုး ဖြစ်သည်။ ထိုသို့ နေထိုင်ခြင်းဖြင့် ရောဂါပျောက်ကင်း မသွားနိုင်သော်လည်း ပိုမဆိုးလာနိုင်အောင် ထိန်းသိမ်းပေးနိုင်သည်။ အောက်ပါ ဆောင်ရန်ရှောင်ရန် အချက်များကို လေ့လာပါ။

    နာတာရှည် အဆုတ်လေပြွန်ကျဉ်း ရောဂါအတွက် စားသုံးသင့်သော အစားအစာများ

    ကျန်းမာသော စားသောက်နေထိုင်မှုမျိုး ရရှိရန် စားသုံးသင့်သည့် အစာအမျိုးမျိုး ရှိပါသည်။ အစာကို တစ်ခါတည်းနှင့် ပမာဏများစွာ စားမည့်အစား ပမာဏနည်းနည်းစီကို တနေ့လျှင် ၆ ခါလောက် ခွဲစားသင့်သည်။

    • အဆီနည်းသော အသားများသည် အစာအိမ် လေပွခြင်းနှင့် အစာမကြေ ဖြစ်ခြင်းကို လျော့နည်းစေသည်။ အဆီဓါတ်သည် ထိုဆိုးကျိုးကို ပိုဖြစ်စေသည်။ ထို့ကြောင့် အဆီမပါသော အသားများနှင့် ဆာလမွန်၊ မက်ကရယ်၊ ဆာဒင်းကဲ့သို့သော ငါးများကို စားသုံးသင့်သည်။

    • အမျှင်ဓါတ်များစွာ ပါဝင်သော ကာဗွန်ဟိုက်ဒရိတ် အစားအစာများသည်လည်း အစာခြေဖျက်မှု စွမ်းရည်ကို ပိုမြင့်စေပြီး အညစ်အကြေး စွန့်ထုတ်မှု စနစ်ကို ပိုကောင်းမွန်စေသည်။ ပေါင်မုန့်ကြမ်း၊ ဆန်လုံးညို၊ ပဲတောင့်ရှည်၊ မတ်ပဲ၊ စားတော်ပဲ၊ ကွေကာအုပ် စသည်တို့ကို စားသုံးပါ။

    • သန့်ရှင်းလတ်ဆတ်သော အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များသည် ဗိုက်တာမင်၊ သတ္တု ဓါတ်နှင့် အမျှင်ဓါတ်များစွာ ပါဝင်သောကြောင့် ကျန်းမာရေးကို အထူးကောင်းမွန်စေသည်။

    • သင်သည် ဆီးဆေးများကို သောက်နေရလျှင် ပိုတက်ဆီယံဓါတ် လျော့နည်းမှုကို ကာကွယ်ရန် ငှက်ပျောသီး၊ လိမ္မော်သီး၊ ထောပတ်သီး၊ ကညွတ်နှင့် အစိမ်းရင့်ရောင် အသီးအရွက်များ၊ ခရမ်းချဉ်သီး၊ အာလူးနှင့် ကန်စွန်းဥ စသည်တို့ကို စားသုံးပေးသင့်သည်။

    • အရည်သောက်သုံးမှု ပုံစံ မှန်ကန်မှု ရှိပါစေ။ အစာစားနေစဉ် သောက်လျှင် လေပိုပွစေသောကြောင့် ရေနှင့် အရည်များကို အစာစားပြီးမှသာ သောက်သင့်သည်။ ရေနွေးကြမ်းသည် အသက်ရှု လမ်းကြောင်းကို ကောင်းမွန်စေသည်။ စိတ်ကို တည်ငြိမ်စေသည်။

    နာတာရှည် အဆုတ်လေပြွန်ကျဉ်း ရောဂါအတွက် ရှောင်သင့်သော အစားအစာများ

    အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း လေပွစေသော ဂက်စ်များသော အငန်ဓါတ်များသော၊ အဆီများသော၊ အာဟာရတန်ဖိုး နည်းသော အစားအစာများကို ရှောင်ကျဉ်သင့်သည်။

    • အငန်ဓါတ် လျှော့စားပါ။ အရံသင့် အစားအစာများကို ဝယ်လျှင် ဆိုဒီယံဓါတ် ပါဝင်မှုကို သတိပြုပါ။ ဆားနှင့် ဆိုဒီယံဓါတ်များသည် သင့်ခန္ဓါကိုယ်တွင်း ရေပမာဏကို ပိုများစေကာ သင့်ရောဂါကို ပိုဆိုးစေနိုင်သည်။ ဆရာဝန် သို့မဟုတ် အစာအာဟာရ ပညာရှင်နှင့် တိုင်ပင်ကာ ဆားအစားထိုးများကို ရွေးချယ်သုံးစွဲပါ။

    • အသီးအနှံများသည် ကျန်းမာရေးအတွက် ကောင်းမွန်သော်လည်း ပန်းသီး၊ မက်မွန်၊ မက်မန်း၊ ဖရဲသီး၊ သခွားမွှေးသီးတို့သည် လေပွစေကာ သင့်ရောဂါကို ပိုဆိုးစေသည်။

    • တချို့သော ဟင်းသီးဟင်းရွက်များသည် သင့်ရောဂါကို ပိုဆိုးစေသည်။ ပဲအမျိုးမျိုး၊ အညွန့်များ၊ ဂေါ်ဖီထုပ်၊ ဂေါ်ဖီပန်း၊ ပြောင်းဖူး၊ ငရုတ်ကောင်း၊ ကြက်သွန်မြိတ် စသည်တို့သည် အစာအိမ် လေပွစေပြီး အဆုတ်တွင် ဖိအားသက်ရောက်ကာ အသက်ရှု ပိုကြပ်စေသည်။

    • သင့် အစာချေဖျက်နိုင်မှု စွမ်းရည်ပေါ် မူတည်ပြီး နို့နှင့် နို့ထွက် ပစ္စည်းများသည် ချွဲပိုထစေကာ အသက်ရှု လမ်းကြောင်းတွင် အဟန့်အတား ဖြစ်စေနိုင်သည်။ သို့သော် တချို့သော သူများတွင် ထိုသို့သော ပြဿနာ မဖြစ်ပေါ်ပါ။

    • အစပ်များသော အစားအစာများနှင့် ဆီကြော်၊ နှစ်ပြန်ကြော် စသည်တို့သည်လည်း ကျန်းမာရေးအတွက် မကောင်းပါ။ ၎င်းတို့သည် အစာအိမ်တွင် ဂက်စ် များစေသောကြောင့် လေပွစေကာ သင့်ရောဂါကို ပိုဆိုးစေသည်။

    စည်သွတ်ဘူး အချိုရည်များသည်လည်း ထိုနည်းတူပင် ဖြစ်သည်။

    အချုပ်ဆိုရသော် နာတာရှည် အဆုတ်လေပြွန်ကျဉ်း ရောဂါသည် သင့်အတွက် စိန်ခေါ်မှု တရပ်ပင် ဖြစ်သည်။ ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင်ခြင်း၊ စိတ်ဖိစီးမှု ကင်းအောင် နေထိုင်ခြင်း၊ အထက်ပါ ဆောင်ရန် ရှောင်ရန်များကို လိုက်နာကာ မှန်ကန်သော အစားအစာများကို စားသုံးခြင်းဖြင့် ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများကို လျှော့ချနိုင်ပါသည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Zin Thu Thu Win မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement