backup og meta

နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါကို စောင့်ရှောက်သူတဦးအနေဖြင့် သိထားရမည့် အချက်များ


Dr. Sandar Lin မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါကို စောင့်ရှောက်သူတဦးအနေဖြင့် သိထားရမည့် အချက်များ

    ကျွန်ုပ်တို့သည် မိမိချစ်သောသူတို့ကို ကမ္ဘာပေါ်တွင် အကောင်းဆုံးသော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးချင်ကြသည်။ ကျန်မာရေးစောင့်ရှောက်မှုပေးရာတွင် အချို့သည် ဝတ်ကျေတန်းကျေမျှသာဖြစ်ပြီး အချို့မှာ လူရောစိတ်ရောနှစ်ကာစေတနာထားတတ်သူများလည်းရှိပေသည်။ ထိုသို့လူနာများကိုစောင့်ရှာက်ရာတွင် မိမိကျန်းမာရေးအတွက်လည်း လုံခြုံမူရှိစေရန် အောက်ပါအချက်အချို့ကို သိထားသင့်သည်။

    ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသူတစ်ယောက်အနေဖြင့်-

    ၁။ သင့်ကိုယ်သင်ဂရုစိုက်ပါ။

    လူနာကိုစောင့်ရှောက်သလို သင့်ကျန်းမာရေးကိုလည်း ဂရုထားရန်မမေ့လျော့ပါနှင့်။ အနားယူပါ။ လေ့ကျင့်ခန်းပြုလုပ်ပါ။ အားရှိစေသောအစာများ ကိုစားပါ။ သင်ကျန်းမာနေမှ သင့်လူနာအတွက် စံနမူနာကောင်းတယောက်အဖြစ် ရပ်တည်နိုင်မည်ဖြစ်သည်။

    သင့်လူနာ၏ရောဂါများ သင့်ထံမကူးစက်စေရန် အတတ်နိုင်ဆုံးကြိုးစားနေထိုင်သင့်သည်။

    ၂။ စိတ်ဖိစီးမှုကင်းအောင်ကြိုးစားနေထိုင်ပါ။

    သင်သည်လည်း လူသားတဦးဖြစ်သည့်အတွက် ပင်ပန်းနွမ်းနယ်မှုများရှိနိုင်ပါသည်။ ဥပမာ သင်သည် အဆုတ်ရောဂါရှိသူတဦးကို စောင့်ရှောက်မှုပေးနေရလျှင် သင့်တွင်လည်း ကျန်းမာရေးပြသနာများရှိလာနိုင်သည်။

    ဖြစ်လေ့ရှိသော စိတ်ဖိစီးမှုများမှာ

    · အလိုလိုနေရင်း ဝမ်းနည်းခြင်း

    · စိတ်ထိခိုက်လွယ် ၍ ငိုကြွေးခြင်း

    · အားအင်ချိနဲ့ခြင်း

    · သင်ကိုယ်သင် အချိန်မပေးနိုင်သောသူ အဖြစ်ခံစားမိခြင်း

    · အိပ်ပျော်ရန်ခက်ခြင်းနှင့် မနက်ဖက်တွင် အိပ်ရာမထချင်ခြင်း

    · အစားအသောက်မူမမှန်ခြင်း၊ လွန်ကဲစွာစားခြင်း

    · အပေါင်းအသင်း ဆွေမျိုးများနှင့်အတွေ့နည်းလာခြင်း

    · သူငယ်ချင်းများ မိသားစုများနှင့်ဖြတ်သန်းလေ့ရှိသော နေ့စဉ်လှုပ်ရှားမှုနှင့် ဝါသနာပါသောအရာများတွင် စိတ်ဝင်စားမှုမရှိတော့ခြင်း

    · နောက်ဆုံး သင်စောင့်ရှောက်နေသောသူ နှင့်ပတ်ဝန်းကျင်ရှိလူများအပေါ် ဒေါသထွက်ခြင်းတို့ဖြစ်သည်။

    သင်သည် လူမမာကိုစောင့်ရှောက်နေရသောကြောင့် ထိုသို့သောစိတ်ဖိစီးမှုများ ခံစားရနိုင်ပါသည်။

    သင့်အတွက်အချိန်ပေးပါ။ ပြေးလွှားခြင်း၊ ယောဂကျင့်ခြင်းနှင့် တရားထိုင်ခြင်းတို့ဖြင့် စိတ်ဖိစီးမှု လျော့နည်းအောင်နေထိုင်ပါ။

    ၃။ လိုအပ်လျှင် အခြားသူများထံ အကူအညီတောင်းပါ။

    သင်တယောက်တည်းလုပ်ကိုင်၍ အခက်အခဲများရှိပါက အခြားသောမိသားစုဝင်၊ ဆရာဝန်နှင့် အထောက်အကူပြုအဖွဲ့အစည်းများ၏ အကူအညီကိုရယူနိုင်သည်။ ကျန်းမာရေးစောင့်ရှောက်သူများအတွက် အကြံဉာဏ်ကောင်းများပေးနိုင်သော အခြားအဖွဲ့အစည်းများစွာလည်း ရှိပါသည်။ အများစုသည် အခြားသူအတွက်ဝန်ထုပ်ဝန်ပိုးဖြစ်မည်စိုး၍သော်လည်းကောင်း ၊သူတို့၏ တာဝန်တစ်ခုအနေဖြင့် အပြီးအပိုင်ခံယူထား၍သော်လည်းကောင်း လူနာစောင့်ရှောက်မှုတာဝန်ကို အခြားသူလက်ထဲလွှဲပေးရန် ဝန်လေးတတ်ကြသည်။

    သို့သော် သင်သည် စူပါဟီးရိုးမဟုတ်ပါ။၁ ရက် ၂ရက် လွှဲပေးရုံနှင့် အခြားသူအတွက် စိတ်ကသိကအောင့်ဖြစ်စေမည် မဟုတ်ကြောင်းသင်တွေ့ရလိမ့်မည်။ လွှဲပြောင်းပေးရမည့် သင့်တာဝန်များကို စာရင်းပြုစုပါ။ ဥပမာအားဖြင့် သင့်တာဝန်များကို လူနာ၏မိသားစုဝင် သို့မဟုတ် သူငယ်ချင်းထံသို့ တစ်နာရီခန့်ဖြစ်စေ တပတ်တရက်ဖြစ်စေ လွှဲပေးလိုက်ပါက သင်လည်း အတော်စိတ်လက်ပေါ့ပါးလာမည်ကို ခံစားရလိမ့်မည်။

    ထိုသို့အားဖြင့် သင်ရရှိသည့်အချိန်ကို အညောင်းပြေအနှိပ်ခံခြင်းဖြင့်၊ သူငယ်ချင်းများနှင့်အတူ နေ့လည်စာစားခြင်း၊ ရုပ်ရှင်ကြည့်ခြင်းတို့ဖြင့် အနားယူနိုင်သည်။ သင့်လူနာသည် အပန်းဖြေခရီးတိုထွက်ခြင်းများကိုနှစ်သက်ကောင်းနှစ်သက်ပေလိမ့်မည်။

    ၄။ အခြားသော ကူညီးထောက်ပံ့သည့်အဖွဲ့အစည်းများနှင့်ဆက်သွယ်ပါ။

    လောကတွင် သင်တယောက်တည်းမဟုတ်ပါ။ အခြားသော စောင့်ရှောက်မှုပေးနေသူများနှင့် စကားပြောကြည့်ပါကသင့်ကို စိတ်ဓါတ်ခွန်အားများ ဖြစ်လာစေနိုင်သည်။

    ထိုအဖွဲ့အစည်းမှ သင့်နည်းတူ ကြုံတွေ့နေရသောအခက်အခဲများအတွက် အကြံဉာဏ်ကောင်းများပေးနိုင်ပါလိမ့်မည်။

    အင်တာနက်ကွန်ရက်ပေါ်တွင်လည်းကောင်း ၊ သင်နေထိုင်ရာ ပတ်ဝန်းကျင်တွင်လည်းကောင်း ထိုအဖွဲ့အစည်းများကိုရှာဖွေနိုင်သည်။ သူငယ်ချင်းအသစ်များဖွဲ့ခြင်း၊ သင့်စိတ်ဖိစီးမှုများကို အခြားသူတယောက်အားပြောပြခြင်းတို့က သင့်ကို စိတ်သက်သာရာရစေလိမ့်မည်။

    ၅။ သင့်ကိုယ်သင် သူရဲကောင်းတစ်ယောက်အဖြစ်ခံယူပါ။

    နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါသည်တဦးကို အချိန်ပြည့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်မှာ ထင်သလောက် မလွယ်ကူလှပါ။

    ထိုလူနာများ သည် သင့်ကို သူ့ဘဝ၏သူရဲကောင်းတဦးအဖြစ် ယူဆထားကြသည်။

    ထိုကြောင့် သင်သည် ကျန်းမာရမည်။ စိတ်ဓါတ်ကြံ့ခိုင်ရမည်။ ကိုယ်ချင်းစာတရားထား၍ပေးဆပ်နိုင်သူဖြစ်ရမည်။

    သင်မရှိလျှင် သင့်လူနာအတွက် တွယ်ရာမဲ့ဖြစ်သွားနိုင်သည်ကိုဆင်ခြင်ကာ သင်တတ်စွမ်းမျှကိုဆောင်ရွက်ပေးရင်း မိမိကိုယ်ကို ချီးမြှောက်နိုင်ပါစေ။

    အချုပ်ဆိုရသော် သင်သည် အိမ်ထောင်ဖက်၊ မိသားစုဝင်၊ သူငယ်ချင်း ၊ အထူးကျန်းမာရေးစောင့်ရှောက်သူ ၊မည်သူပင်ဖြစ်နေပါစေ နာတာရှည်အဆုတ်လေပြွန်ကျဉ်းရောဂါသည်တဦးကို ရေရှည် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် မလွယ်လှပါ။ စိတ်ဖိစီးမှုများရှိလာနိုင်သလို သင့်ပျော်စရာအချိန်များ ၊ကိုယ်ပိုင်လွတ်လပ်ခွင့်များ ဆုံးရှုံးမှုရှိလာနိုင်သည်။

    ထို့ကြောင့် မိမိနှင့်အတူ လူနာ၏ ဘဝတန်ဖိုးမြင့်တက်လာစေရန်ကြိုးစားသင့်သည်။ ထိုမှသာ သင်ချစ်သောသူများကိုလည်း ကောင်းကျိုးပြုရာ ရောက်ပေမည်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Sandar Lin မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement