backup og meta

မိုးမိလို့ ဖျားတယ်ဆိုတာ တကယ်လား၊ ဂျင်းသက်သက်လား


Ye Myo Myat မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိုးမိလို့ ဖျားတယ်ဆိုတာ တကယ်လား၊ ဂျင်းသက်သက်လား

    ကျွန်တော်တို့ ငယ်ငယ်တုန်းက မိုးရေထဲထွက်ဆော့ရင် အအေးမိဖျားနာ ဖြစ်လိမ့်မယ်ဆိုပြီး လူကြီးမိဘတွေ ပြောဆိုခဲ့တာ မှတ်မိမယ်ထင်ပါတယ်။ ပြောစကားနားမထောင်ပဲ မိုးရေထဲ ထွက်ဆော့မိလို့ ဖျားပြီဆိုရင် စကားနားမထောင်ရကောင်းလား ဆိုပြီး ဆူခံထိတာလည်း ခဏခဏပါပဲ။ အဲ့လိုနဲ့ပဲ အအေးမိဖျားနာတာဟာ မိုးမိတာရဲ့ သက်ရောက်မှုဆိုပြီး လူတွေက ထင်လာကြပါတယ်။ ဒါဆိုရင် တချို့သူတွေက မိုးမိလျက်နဲ့ ဘာလို့ မဖျားနာတာလဲလို့ မေးစရာ ဖြစ်လာပါတယ်။

    မိုးမိလို့ အအေးမိဖျားနာ ဖြစ်နိုင်လား။

    လူအများစု ယုံကြည်ထားကြတဲ့ မိုးမိလို့ အအေးမိဖျားနာ ဖြစ်တယ်ဆိုတာ မဟုတ်ပါဘူး။ သာမန် အအေးမိခြင်းဟာ Rhinovirus လို့ ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးအပြင် တခြားသော ပိုးပေါင်း ၂၀၀ကျော်ကနေ တစ်ဆင့် ကူးဆက်တဲ့ ရောဂါတွေပဲ ဖြစ်ပါတယ်။ အလွန်အမင်း မောပန်းနေတဲ့အချိန်၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေတဲ့အချိန်မှာ ကိုယ်ခံအားကျဆင်းနေတဲ့အတွက် ပိုးဟာ ကိုယ်ခန္ဓာထဲဝင်ရောက်လာတဲ့အခါမှာ အလျင်အမြန်ပွားလာပြီး အအေးမိဖျားနာတာ ဖြစ်နိုင်ပါတယ်။

    ဒါဆိုရင် အေးတဲ့ ရာသီတွေမှာ ဘာလို့ အအေးမိတာအဖြစ်များတာလဲ။

    ရာသီဥတုအေးတဲ့အခါမှာ အိမ်ထဲမှာပဲ နီးနီးကပ်ကပ်နေကြတဲ့အတွက် တစ်ယောက်မှာ ရောဂါပိုးရှိရင် ကျန်တဲ့အိမ်သားတွေကို အလွယ်တကူ ကူးစက်နိုင်ပါတယ်။ ကလေးသူငယ်တွေဆိုရင်လည်း ကျောင်းမှာ ဆော့ကစားရင်း လက်ကို သေချာမဆေးမိတဲ့အခါမျိုးမှာ ကူးစက်ဖို့ လွယ်ကူပါတယ်။ နောက်တစ်ခုက ဗိုင်းရပ်စ်ပိုးတွေဟာ ခြောက်သွေ့တဲ့လေထုထဲမှာ အလျင်အမြန် ပြန့်နှံ့နိုင်တဲ့အတွက် မိုးတွင်း၊ ဆောင်းတွင်းလိုမျိုး ရာသီဥတုမှာ ဖြစ်ပွားတဲ့နှုန်းက တခြားအချိန်ထက် ပိုများနိုင်ပါတယ်။

    အအေးမိ၊ တုပ်ကွေးမဖြစ်အောင် ဘယ်လိုကာကွယ်နိုင်မလဲ။

    ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးမွှားတွေဟာ လေထဲကတစ်ဆင့် ကူးစက်နိုင်သလို၊ ဖျားနေသူရဲ့ အသုံးအဆောင်ပစ္စည်းတွေကို ကိုင်တွယ်ကြည့်ပြီး လက်သေချာမဆေးမိတဲ့အခါ ကူးစက်နိုင်ပါတယ်။ ဒါကြောင့် အပြင်ကနေပြန်လာတိုင်း လက်ကို ဆပ်ပြာနဲ့ သေချာ နှံ့စပ်စွာဆေးကြောပေးဖို့ လိုပါတယ်။ တစ်နှစ် တစ်ကြိမ် တုပ်ကွေးကာကွယ်ဆေး ထိုးထားရပါမယ်။ ဖျားနေတယ်လို့ သံသယရှိတဲ့ သူတွေနဲ့ ဝေးဝေးမှာ နေထိုင်ပါ။ ပိုးမွှားတွေဟာ အသက်ရှူလမ်းကြောင်းကနေတစ်ဆင့် ကူးစက်တာဖြစ်လို့ မျက်နှာ အထူးသဖြင့် နှာခေါင်းနဲ့ ပါးစပ်ကို မလိုအပ်ပဲ ကိုင်တွယ်တာ၊ ဆပ်ပြာနဲ့ လက်မဆေးပဲ ပွတ်သပ်တာမျိုး ရှောင်ကြဉ်သင့်ပါတယ်။

    အအေးမိပြီဆိုရင် ဘာတွေလုပ်ပေးသင့်လဲ။

    အရည်များများသောက်ပါ။ ကိုယ်ခံအားစနစ်ကို ပြန်လည်ကောင်းမွန်လာဖို့ တစ်နေ့တာ လိုအပ်တဲ့ အစာအာဟာရတွေကို ပြည့်ဝစွာ စားသုံးဖို့ လိုပါတယ်။ ကြက်စွပ်ပြုတ်ပူပူနွေးနွေး၊ ရေနွေးကြမ်းတွေဟာ ပိတ်နေတဲ့ နှာခေါင်းပေါက်ကို ပြန်ပွင့်စေပြီ လည်ချောင်းခြောက်သွေ့ယားယံတာကို သက်သာစေပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement