ကိုယ်ဝန်ဆောင်ချိန်မှာ မေမေကိုယ်တိုင်ရော ဗိုက်ထဲက ဘေဘီလေးပါ ကျန်းမာစေဖို့အတွက် အစားအသောက် အနေအထိုင် အားလုံး ဂရုစိုက်ရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ အရေးပါတဲ့ အချက် တစ်ခု ရှိပါတယ်။
ဒါကတော့ ရေဓာတ် ပြည့်ဝဖို့ပါ။ ခန္ဓာကိုယ် ကျန်းမာစေဖို့အတွက် ပုံမှန်အချိန်မှာလည်း ရေဓာတ် ပြည့်ဝစွာ ရရှိနေဖို့ လိုပါမယ်။ ကိုယ်ဝန်ဆောင်ချိန်မှာတော့ ခန္ဓာကိုယ်မှာ ရေဓာတ် ပြည့်ဝနေမှ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ကောင်းကောင်း ထောက်ကူပေးနိုင်မှာပါ။
ဒီလိုပြောရတာက မေမေရဲ့ ခန္ဓာကိုယ်မှာရော ဘေဘီလေးရဲ့ ခန္ဓာကိုယ်မှာပါ အများဆုံး ပါဝင်ဖွဲ့စည်းထားတာက ရေဓာတ် ဖြစ်နေတာကြောင့်ပါ။ ဒါကြောင့် ဘေဘီလေး ရှိလာတာကြောင့် လိုအပ်တဲ့ သွေးပမာဏ တိုးလာစေဖို့ရော ကလေးကျန်းမာစေဖို့အတွက် ထောက်ကူပေးနိုင်ဖို့ လုံလောက်တဲ့ ရေမြွာရည် ရရှိဖို့ အတွက်ပါ ကိုယ်ဝန်ဆောင်ချိန်မှာ ရေဓာတ်ပြည့်ဝဖို့ လိုအပ်နေမှာပါ။
ဒီလို ရေဓာတ် ပြည့်ဝစေဖို့ဆိုတဲ့နေရာမှာ အရည်တိုင်းကို သောက်လို့ မရပါဘူး။ ဒီတော့ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့အတွက် လုံလောက်တဲ့ ရေဓာတ် ပြည့်ဝစေဖို့အတွက် ဘယ်လို သောက်စရာတွေကို မသောက်သင့်ဘူးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ကြည့်လိုက်ရအောင်နော်။
ကိုယ်ဝန်ဆောင်ချိန်မှာ ဘာတွေ မသောက်ရဘူးလဲ
ကိုယ်ဝန်ဆောင်ချိန်မှာ ဘာတွေ မသောက်ရဘူးလဲ ဆိုတော့
- အယ်လ်ကိုဟော
ကိုယ်ဝန်ဆောင်ချိန်မှာရော ဘေဘီလေးကို မွေးဖွားပြီးလို့ နို့တိုက်နေချိန်မှာပါ အယ်လ်ကိုဟောကို လုံးဝ ရှောင်ဖို့ လိုပါမယ်။ အယ်လ်ကိုဟောက အရည်ဆိုပေမယ့် ကိုယ်တွင်းကို ရေဓာတ် ပြည့်ဝစေတဲ့ အရည်မျိုး မဟုတ်ဘဲ ကိုယ်တွင်းက ရေဓာတ်ကို ဆုံးရှုံးစေနိုင်တဲ့ အရည်ပါ။ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကိုရော မေမေရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အယ်လ်ကိုဟော ပါတာမှန်သမျှကို မသောက်ပါနဲ့။
- ပိုးသတ်မထားတဲ့ သစ်သီးဖျော်ရည်တွေ၊ နွားနို့
ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခံအားက ပုံမှန်ထက် နည်းနေတတ်ပါတယ်။ ဒါကြောင့် ပိုးသတ်သန့်စင်ထားတဲ့ အစားအစာတွေကိုပဲ စားသုံးရပါမယ်။ ဒါမှ ကလေးရော မေမေပါ ကျန်းမာစေမှာပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဘေဘီလေးကိုပါ ထိခိုက်မှု ကင်းစေဖို့အတွက် ပိုးသတ်မထားတဲ့ သစ်သီးဖျော်ရည်တွေ နဲ့ နွားနို့တွေကို မသောက်ပါနဲ့။
- ကဖင်းပါတဲ့ သောက်စရာတွေ
ကဖင်းကို လုံးဝ ရှောင်ရတာတော့ မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်မေမေ အနေနဲ့ တစ်နေ့တာကို ကဖင်း ၂၀၀ မီလီဂရမ်အထိ သောက်သုံးပေးလို့ ရပါတယ်။ အကြမ်းဖျင်း နားလည်လွယ်အောင် ပြောပြရရင် တစ်နေ့ကို ကဖင်းပါတဲ့ သောက်စရာ ၁၂ အောင်စ အထိ သောက်ပေးလို့ ရပါတယ်။ အများကြီးတော့ မသောက်ပါနဲ့။ ကိုယ်တွင်းရေဓာတ် ဆုံးရှုံးတာနဲ့ သံဓာတ် အားနည်းတာမျိုး ဖြစ်နိုင်တာကြောင့်ပါ။
- ဆိုဒါ
အချိုရည်တွေမှာ အများဆုံး ပါဝင်နေတာက သကြားတွေပါ။ ကဖင်းလည်း ပါဝင်နေတတ်ပါတယ်။ ဒီဓာတ်တွေက မေမေရော ဘေဘီလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။
- သစ်သီးဖျော်ရည်တွေ
သစ်သီးဖျော်ရည်ဆိုတဲ့ နေရာမှာ သဘာဝ အသီးစစ်စစ်ကို ဘာမှ ဖြည့်စွက်မထားဘူးဆိုရင် သောက်ပေးလို့ ရပါတယ်။ အများကြီးတော့ မဟုတ်ပါဘူး။ နည်းနည်းပါ။ အကြောင်းကတော့ သစ်သီးတွေကို ကြိတ်ခြေပြီး ဖျော်လိုက်တဲ့အခါ အမျှင်ဓာတ်တွေ ပျက်စီးသွားပါတယ်။ သစ်သီးစားတာလောက် အမျှင်ဓာတ်မရတော့ပါဘူး။ အမျှင်ဓာတ်က ကိုယ်ဝန်ဆောင်ချိန်မှာ လေပွတာ၊ ဝမ်းချုပ်တာတွေကို သက်သာစေနိုင်ပါတယ်။
သဘာဝသစ်သီးဖျော်ရည်တွေ မဟုတ်တဲ့ ပုလင်းဖျော်အချိုရည်တွေကိုတော့ နည်းနိုင်သမျှနည်းနည်းပဲ သောက်သင့်ပါတယ်။ သကြားဓာတ်များတာကြောင့် အဝလွန်နိုင်လို့ပါ။
[embed-health-tool-due-date]