backup og meta

ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ ခံစားရနိုင်တဲ့ လက္ခဏာတွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 05/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ ခံစားရနိုင်တဲ့ လက္ခဏာတွေ

    ကိုယ်ဝန်ဆောင်တဲ့အခါ ခန္ဓာကိုယ်မှာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာပါတယ်။ ဒီပြောင်းလဲမှုတွေက ကိုယ်ဝန်စရှိချိန်မှာ ဖြစ်လာတဲ့ ဟော်မုန်းအပြောင်းအလဲတွေကြောင့်ပါ။ ဒီပြောင်းလဲမှုတွေက ကိုယ်ဝန်ရှိတာကို စပြီးသတိထားမိစေနိုင်တဲ့ ကိုယ်ဝန်အစောပိုင်းလက္ခဏာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ ခံစားရနိုင်တဲ့ လက္ခဏာတွေ အကြောင်း ပြောပြပေးချင်ပါတယ်။

    ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ ခံစားရနိုင်တဲ့ လက္ခဏာတွေ

    ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ ခံစားရနိုင်တဲ့ လက္ခဏာတွေ ရှိပါတယ်။ လက္ခဏာတွေ အများကြီးရှိပြီး တစ်ယောက်နဲ့ တစ်ယောက် ခံစားရပုံခြင်း ကွာခြားနိုင်ပါတယ်။

    • ရင်သားတွေ ကြီးလာမယ်၊ တင်းပြီးနာမယ်

    ရင်သားတွေက ကိုယ်ဝန်ရှိနေပြီဆိုတာကို အရင်ဆုံးသိရှိစေတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေပေါ့။ ကိုယ်ဝန်စရှိပြီး နှစ်ပတ်လောက်ကာလအတွင်းမှာ ဟော်မုန်းပြောင်းလဲမှုကြောင့် ရင်သားတွေပြည့်တင်းလာပြီး နာကျင်မှုကို ခံစားရနိုင်ပါတယ်။

  • ခြေကုန်လက်ပန်းကျမယ်
  • ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ ပရိုဂျက်စတင်ဟော်မုန်းတက်လာတာကြောင့် ပင်ပန်းနွမ်းနယ်တာ၊ နည်းနည်းလောက်လှုပ်ရှားမိရင်ကို ခြေကုန်လက်ပမ်းကျတာမျိုး ကြုံရနိုင်ပါတယ်။ ပုံမှန်လှုပ်ရှားမှုလေးတွေ လုပ်ရင်းနဲ့ကို ခြေကုန်လက်ပန်းကျသလို ခံစားရနိုင်ပါတယ်။

    • သွေးနည်းနည်းဆင်းမယ်

    တစ်ခါတလေမှာ ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ သွေးအနည်းငယ်ဆင်းတာမျိုးကြုံရနိုင်ပါတယ်။ အများကြီးတော့မဟုတ်ပါဘူး။ သန္ဓေအောင်သွားတဲ့ မျိုးဥက သားအိမ်နံရံမှာ တွယ်ကပ်တာကြောင့် သွေးအနည်းငယ်ဆင်းတာပါ။ ဒါကို implantation bleedingလို့ ခေါ်ပါတယ်။ တချို့အမျိုးသမီးတွေက ဒါကို ရာသီလာတာနဲ့ မှားတတ်ပါတယ်။

    • ဗိုက်နည်းနည်းအောင့်မယ်

    ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ ဝမ်းဗိုက်အောက်ပိုင်းနဲ့ ဆီးစပ်က ရာသီလာစဉ်နာကျင်ကိုက်ခဲသလိုမျိုး အနည်းငယ်ခံစားရနိုင်ပါတယ်။ ဒါကလည်း အပေါ်မှာပြောခဲ့သလို သန္ဓေအောင်တဲ့ မျိုးဥက သားအိမ်နံရံကို တွယ်ကပ်တာကြောင့်ပါ။

    • ပျို့မယ်

    ကိုယ်တွင်းမှာ ဟော်မုန်းအပြောင်းအလဲတွေ ရုတ်တရက်ဖြစ်လာတာကြောင့် ရင်ပြည့်ရင်ကယ်သလိုမျိုး မအီမသာဖြစ်တာတွေ ခံစားရနိုင်ပါတယ်။  ဟင်းနံ့တွေမခံနိုင်တာ၊ စီးကရက်နံ့တွေနဲ့ အခြားသောအနံ့စူးစူးတွေရတဲ့အခါ ပျို့တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒါကို morning sicknessလို့ ခေါ်ပေမယ့် မနက်မှာတင်မကဘဲ ဘယ်အချိန်မှာမဆို ခံစားရနိုင်ပါတယ်။

    • ခေါင်းကိုက်မယ်

    ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ ဟော်မုန်းအပြောင်းအလဲကြောင့် သွေးစီးဆင်းမှုတိုးလာပြီး ခေါင်းကိုက်တာကို ခံစားရနိုင်ပါတယ်။ သိပ်မပြင်းထန်ပေမယ့် ခဏခဏခေါင်းကိုက်တာမျိုး ခံစားရနိုင်ပါတယ်။

    • ဝမ်းချုပ်မယ်

    ဝမ်းချုပ်တာကလည်း ကိုယ်ဝန်ဆောင်အစောပိုင်းကာလ လက္ခဏာတွေထဲက တစ်ခုပါ။ ပရိုဂျက်စတင်ဟော်မုန်းများလာတာကြောင့် အူလှုပ်ရှားမှု နှေးသွားပြီး အစာမကြေတာအပြင် ဝမ်းချုပ်တာ၊ လေပွတာတွေပါ ခံစားရတတ်ပါတယ်။

    • စိတ်အပြောင်းအလဲမြန်မယ် 

    ကိုယ်ဝန်ရှိစမှာ ဟော်မုန်းပြောင်းလဲမှုတွေကြောင့် အမျိုးသမီးတွေရဲ့  ဦးနှောက်အတွင်းက neurotransmitter တွေပါ အပြောင်းအလဲဖြစ်လာပါတယ်။ ရလဒ်ကတော့ စိတ်အပြောင်းအလဲ ဖြစ်လွယ်တာပါ.

    ကိုယ်ဝန်ဆောင်တစ်ဦးစီက ဒါကို မတူညီတဲ့ ပုံစံမျိုးနဲ့ ခံစားရပါတယ်။ တချို့က ငိုလွယ်လာတယ်၊ စိုးရိမ်မှုပိုလာတယ်၊ စိတ်ကျလာတတ်ပါတယ်။

    • မူးဝေမယ်

    ကိုယ်ဝန်အတွက် သွေးလည်ပတ်မှုကောင်းစေဖို့ သွေးကြောတွေ ကျယ်လိုက်ရတဲ့အတွက် သွေးပေါင်ချိန်ကျပြီး မူးဝေတတ်ပါတယ်။ နောက်ပြီး ကိုယ်ဝန်ရှိစမှာ သွေးတွင်းသကြားဓာတ်ကျတာကြောင့်လည်း မူးတတ်ပါတယ်။

    • ချင်ခြင်းတက်ခြင်း သို့မဟုတ် အစားအသောက်ပျက်ခြင်း

    ကိုယ်ဝန်ဆောင်စမှာ အစားအစာ တစ်ခုခုကို ချင်ခြင်းတက်တာ ဒါမှမဟုတ် အစားအသောက်ပျက်တာတွေ ခံစားရတတ်ပါတယ်။ သိပ္ပံပညာရှင်တွေတောင် ဒီအရသာနဲ့ ပတ်သက်တဲ့ ပြောင်းလဲမှုက ဘာကြောင့်လဲဆိုတာ မသိကြပါဘူး။ ဒါပေမယ့် ဟော်မုန်းတွေကြောင့်လို့တော့ ယုံကြည်ထားကြပါတယ်။

    ဘယ်လောက်ကြာကြာဖြစ်လဲဆိုတာကတော့ လူတစ်ဦးချင်းဆီပေါ်မှာ မူတည်ပါတယ်။

    ဒီလက္ခဏာတွေကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ အတွေ့ရများတဲ့ လက္ခဏာတွေပါ။ ကိုယ်ဝန်ဆောင်တိုင်း ဒီလက္ခဏာတွေကို ခံစားရချင်မှ ခံစားရမှာပါ။ တချို့ကိုယ်ဝန်ဆောင်တွေက ဒီထဲမှာ မပါတဲ့ တခြားလက္ခဏာတွေလည်း ခံစားရနိုင်ပါတယ်။

    ကိုယ်ဝန်ရှိမှန်း သေချာစေဖို့ ဘာလုပ်ရမလဲ။

    ဒီလက္ခဏာတွေက ကိုယ်ဝန်အစောပိုင်းလက္ခဏာတွေ ဆိုပေမယ့် ဒီလက္ခဏာတွေရှိတိုင်း ကိုယ်ဝန်ဟုတ်ချင်မှ ဟုတ်မှာပါ။ သာမန်နေထိုင်မကောင်းဖြစ်တာ၊ ရာသီရက်နီးနေတာ၊ ပင်ပန်းတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

    ဒီတော့ သေချာချင်ရင် ဆီးစစ်ကြည့်လိုက်တာပါပဲ။ ဆီးစစ်လိုက်လို့ နှစ်ကြောင်းပေါ်နေရင် ကိုယ်ဝန်ရှိတာဖြစ်ဖို့ များပါတယ်။ လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ ဆက်လုပ်ဖို့ ကိုယ်ဝန်အပ်သင့်ပါပြီ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 05/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement