backup og meta

တရားဝင် ကိုယ်ဝန်ဖျက်ချခြင်းကို ဘယ်အခါမှာ လုပ်နိုင်သလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 09/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တရားဝင် ကိုယ်ဝန်ဖျက်ချခြင်းကို ဘယ်အခါမှာ လုပ်နိုင်သလဲ။

    တရားဝင် ကိုယ်ဝန်ဖျက်ချခြင်းကို ဘယ်အခါမှာ လုပ်နိုင်သလဲ။ ဆိုတာကို ဗဟုသုတ အနေနဲ့ ပြောပြပေးချင်ပါတယ်။ Therapeutic abortion သို့မဟုတ် legal abortion ဆိုတာဟာ ဥပဒေနဲ့အညီ တရားဝင် ကိုယ်ဝန်ဖျက်ချခြင်းကို ဆိုလိုပါတယ်။ ဒီလို တရားဝင် ကိုယ်ဝန်ဖျက်ချခြင်းနဲ့ ပတ်သက်တဲ့ ဥပဒေတွေဟာ နိုင်ငံပေါ် မူတည်ပြီး မတူကွဲပြားကြပါတယ်။ အချို့သော နိုင်ငံတွေဟာ ဘယ်လိုမျိုးအကြောင်းပြချက်နဲ့မှ ကိုယ်ဝန်ဖျက်ချခွင့် မပေးထားဘဲ တချို့နိုင်ငံတွေကျပြန်တော့ ကိုယ်ဝန်ဆောင်မိခင်ရဲ့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမျိုးမှာ ကိုယ်ဝန်ကို ရပ်ဆိုင်းခွင့် (ဖျက်ချခွင့်)ပေးထားပါတယ်။ ကိုယ်ဝန်ဆောင်မိခင်ရဲ့ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာ အကြောင်းပြချက်နဲ့တင် ကိုယ်ဝန်ဖျက်ချခွင့်ပြုတဲ့ နိုင်ငံတွေရှိသလို ဗိုက်ထဲက ကလေးမှာ မွေးရာပါ ချို့ယွင်းချက် ဆိုးဆိုးရွားရွား ရှိနေပြီဆိုရင်လည်း (ဆန္ဒရှိရင်) ကိုယ်ဝန်ဖျက်ချခွင့် ပေးတဲ့ နိုင်ငံတွေလည်း ရှိနေပါတယ်။

    တရားဝင် ကိုယ်ဝန်ဖျက်ချခြင်းကို ဘယ်အခါမှာ လုပ်နိုင်သလဲ။

    ကျွန်တော်တို့နိုင်ငံမှာတော့ မိခင်က ကိုယ်ဝန်ဆက်ဆောင်လို့ သူ့အသက်အန္တရာယ်ကို ထိခိုက်စေမယ်ဆိုတဲ့ အခြေအနေမျိုးမှာပဲ တရားဝင်ကိုယ်ဝန်ဖျက်ချခြင်းကို ခွင့်ပြုထားပါတယ်။ တခြားအကြောင်းရင်းကြောင့် ကိုယ်ဝန်ဖျက်ချတာကို ဥပဒေနဲ့ တားမြစ်ထားပါတယ်။ ပြင်ပမှာ ကိုယ်ဝန်ဖျက်ချပေးတဲ့ ဆေးခန်းတွေ ရှိနေပေမယ့် ဒါတွေက တရားမဝင်ပါဘူး။ ကိုယ်ဝန်ဖျက်ချတာကို အစိုးရဆေးရုံတွေမှာပဲ လုပ်လို့ရပါတယ်။

    တရားဝင် ကိုယ်ဝန်ဖျက်ချခြင်း ဆိုတာဘာလဲ

    အမျိုးသမီးတဦးရဲ့ ကိုယ်ဝန်ကို ရည်ရွယ်ချက်ရှိရှိနဲ့ အဆုံးသတ်ခြင်းကို တရားဝင် ကိုယ်ဝန်ဖျက်ချခြင်း လို့ခေါ်ပါတယ်။ ယေဘုယျအားဖြင့်တော့ ဆေးဝါးတွေရဲ့ အကူအညီနဲ့ တရားဝင် ကိုယ်ဝန်ဖျက်ချခြင်းကို လုပ်ဆောင်ပါတယ်။ ဒီလို လုပ်ဆောင်တဲ့အခါ ကိုယ်ဝန်လနုတုန်း လုပ်ဆောင်ရမှာဖြစ်ပြီး ကိုယ်ဝန် ၁၂ပတ်ခန့်အထိ ပြုလုပ်နိုင်ပါတယ်။ ၁၂ပတ်ကျော်သွားရင်တော့ ခွဲစိတ်ပြီး ကိုယ်ဝန်ကို ဖယ်ရှားရပါတယ်။

    မြန်မာနိုင်ငံမှာတော့ ဆေး ဒါမှမဟုတ် သားအိမ်ခြစ်ပြီး ဖျက်ပေးပါတယ်။

    ဘယ်လိုအခြေအနေတွေမှာ တရားဝင် ကိုယ်ဝန်ဖျက်ချခြင်း ပြုလုပ်နိုင်ပါသလဲ

    တရားဝင် ကိုယ်ဝန်ဖျက်ချခြင်းကို ဘယ်အခါမှာ လုပ်နိုင်သလဲ။ ဆိုတော့ မြန်မာနိုင်ငံမှာတော့ ကိုယ်ဝန်က မိခင်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးစေပြီး ဒီကိုယ်ဝန်ကိုသာ ဆက်ဆောင်နေရင် အမေက  အသက်အန္တရာယ်ဖြစ်လာနိုင်တယ်ဆိုတဲ့ အနေအထားမျိုးမှာ တရားဝင် ကိုယ်ဝန်ဖျက်ချခြင်းကို သက်ဆိုင်ရာ ဆေးပညာဘုတ်အဖွဲ့ရဲ့ ထောက်ခံချက်နဲ့ အစိုးရဆေးရုံတွေမှာ ပြုလုပ်နိုင်ပါတယ်။

    ဥပမာ ပြောရရင် မိခင်မှာ ပြင်းထန်နှလုံးရောဂါရှိနေတယ်။ ကိုယ်ဝန်သာ ဆက်ဆောင်မယ်ဆိုရင် နှလုံးရောဂါအခြေအနေပိုဆိုးလာပြီး အမေအသက်အန္တရာယ်ရှိလာမယ်။ ဒီလိုဆိုရင် ပေးလုပ်ပါတယ်။ နှလုံးရောဂါရှိတိုင်းတော့ ကိုယ်ဝန်ဖျက်ချလို့ မရပါဘူး။ ဒီနေရာမှာ ‘မိခင်ကို အသက်အန္တရာယ်ဖြစ်စေတဲ့ ကိုယ်ဝန်’ ဆိုတာက အသက်ပါ။

    ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ရှိလာနိုင်သလဲ

    အရပ်လက်သည်နဲ့ ဖျက်ချတာမျိုး မဟုတ်ဘဲ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေရဲ့ အကူအညီကို ရယူပြီး ဆေးရုံမှာ တရားဝင် ပြုလုပ်တာ ဖြစ်တဲ့အတွက် ဘေးထွက်ဆိုးကျိုးအန္တရာယ်တွေ မရှိသလောက် ရှားပါးပါတယ်။ ဒါပေမယ့် အန္တရာယ်မရှိတဲ့ ဆေးကုသမှု၊ ခွဲစိတ်မှုဆိုတာလည်း မရှိပါဘူး။ အောက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးပြဿနာလေးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

    • ကူးစက်ပိုးဝင်ခြင်း။
    • ဓာတ်မတည့်ပြဿနာများ ဖြစ်ပေါ်လာခြင်း။
    • အလွန်အကျွံသွေးဆင်းခြင်း
    • မိခင်ဗိုက်ထဲမှာ သန္ဓေသားအပိုင်းအစ ကျန်ရှိခြင်း။

    ဒီလို တရားဝင် ကိုယ်ဝန်ဖျက်ချရာမှာ ၅ – ၁၀% အထိ မအောင်မြင်တာမျိုး ရှိတတ်ပါတယ်။ ဒါမျိုး ဖြစ်လာပြီဆိုရင်တော့ ကိုယ်ဝန်ပျက်ဖို့ ဆေးဝါးတွေ ထပ်မံသုံးစွဲရတာ ဒါမှမဟုတ် ခွဲစိတ်တာမျိုးတွေ ပြုလုပ်ဖို့ လိုအပ်ကောင်းလိုအပ်လာပါလိမ့်မယ်။ တရားဝင် ကိုယ်ဝန်ဖျက်ချတဲ့အခါ ကိုယ်ဝန်လနုလေ ကောင်းလေပဲ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်ဝန်လရင့်လာလေ ဘေးထွက်ဆိုးကျိုးအန္တရာယ်တွေ ပိုလာလေမို့ပဲ ဖြစ်ပါတယ်။

    တရားဝင် ကိုယ်ဝန်ဖျက်ချခြင်းကို ဘယ်လိုဆောင်ရွက်သလဲ

    တရားဝင် ကိုယ်ဝန်ဖျက်ချတာကို ဆရာဝန် တစ်ဦးတစ်ယောက်တည်းက ဆုံးဖြတ်တာမျိုး မလုပ်ပါဘူး။ သားကြောဖြတ်သလိုပဲ ဘုတ်အဖွဲ့လုပ်ပြီး ဆုံးဖြတ်ချက်ချကြတာ ဖြစ်ပါတယ်။

    ကိုယ်ဝန်ဖျက်ချတော့မယ်ဆိုရင်

    • သင့်ကိုယ်ဝန် ဘယ်နှပတ်ရှိပြီလဲဆိုတာကို စမ်းသပ်ပါလိမ့်မယ်။
    • ကိုယ်ဝန်ရှိကြောင်း သေချာစေဖို့အတွက် သွေး/ဆီး စတာတွေကို စစ်ဆေးပါမယ်။
    • ကိုယ်ဝန်ရက်သတ္တပတ်ပမာဏကို ပိုမိုသေချာစေဖို့အတွက် အာထရာဆောင်း ရိုက်ခိုင်းပါလိမ့်မယ်။

    ကိုယ်ဝန်ဖျက်ချတဲ့အခါ များသောအားဖြင့် ထုံဆေး၊ မေ့ဆေးတွေ အသုံးပြုဖို့ မလိုအပ်ပါဘူး။ ဆရာဝန်က သင့်ကို ဆေးပေးပါလိမ့်မယ်။ ထိုးဆေး/သောက်ဆေး/မိန်းမကိုယ်အတွင်း ထည့်သွင်းရတဲ့ဆေး စသဖြင့် အမျိုးမျိုး ရှိပါတယ်။ နောက်ထပ် ၁ – ၃ ရက်အတွင်းမှာ ဆေးတမျိုး ထပ်ပေးပါလိမ့်မယ်။ ဒုတိအကြိမ် ဆေးသုံးပြီးမှာတော့ မိန်းမကိုယ်ကနေ သန္ဓေသားအပိုင်းအစလေးတွေ ဆင်းလာပါလိမ့်မယ်။ နောက်ဆုံးမှာတော့ ကိုယ်ဝန်ဖျက်ချခြင်း အောင်မြင်မှုရှိမရှိ သေချာစေဖို့အတွက် အာထရာဆောင်းတခါ ထပ်ရိုက်ပါလိမ့်မယ်။

    ဆေးနဲ့ ဖျက်ချတာအပြင် ကိုယ်ဝန်လပေါ် လိုက်ပြီး ခွဲစိတ်တာ၊ သားအိမ်ခြစ်တာ စတဲ့နည်းလမ်းတွေနဲ့လည်း ဖျက်ချနိုင်ပါတယ်။

    တရားဝင် ကိုယ်ဝန်ဖျက်ချရင် နာမှာလား။ ဘာတွေ ထိခိုက်မှုရှိနိုင်သလဲ

    များသောအားဖြင့်တော့ ဘာပြဿနာမှ မရှိပါဘူး။ ဒါပေမယ့်

    • သွေးဆင်းတဲ့အခါ မူးခနဲ၊ မိုက်ခနဲဖြစ်ခြင်း။
    • သားအိမ်ညှစ်တဲ့အတွက် ပြင်းထန်စွာ ဗိုက်အောင့်ခြင်း။
    • ပျို့အန်ပြီး မအီမသာဖြစ်ခြင်း။
    • တချို့တွေမှာ အဖျားတက်ခြင်း၊ ချမ်းတုန်ဖျားခြင်း စတာတွေကို ခံစားရနိုင်ပါတယ်။

    ဒီဝေဒနာတွေက များသောအားဖြင့် မပြင်းထန်ပါဘူး။ သာမန် အကိုက်အခဲပျောက်ဆေး၊ အဖျားကျဆေးတွေကို သုံးစွဲလိုက်ရင် သက်သာသွားနိုင်ပါတယ်။

    တရားဝင် ကိုယ်ဝန်ဖျက်ချပြီးတဲ့အခါ ဘာတွေဆက်လုပ်ရမလဲ

    • ဗိုက်အောင့်ခြင်း၊ သွေးဆင်းခြင်းတွေကို ရက်အနည်းငယ်လောက် ဆက်ပြီး ခံစားရနိုင်ပါတယ်။
    • ဆရာဝန်မှ အထူးတလည် ညွှန်ကြားခြင်းမရှိဘဲ မိန်းမကိုယ်အတွင်း ဆေးကြောခြင်း၊ ဆေးဝါးတမျိုးမျိုး ထည့်သွင်းခြင်းကို မပြုလုပ်ရပါဘူး။
    • ရေချိုးနိုင်ပါတယ်။ ပုံမှန်စားသောက်နိုင်ပါတယ်။
    • မိမိ ခံနိုင်ရည်ပေါ် မူတည်ပြီး သွားလာလှုပ်ရှားနိုင်ပါတယ်။
    • လိင်ဆက်ဆံခြင်းကိုတော့ အနည်းဆုံးတပတ်လောက် ရှောင်ကြဉ်ရပါမယ်။ ကိုယ်ဝန်မယူသေးဘူးဆိုရင် သားဆက်ခြားဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။
    • နှစ်ရက်၊ သုံးရက်အကြာမှာ သင့်ကျန်းမာရေးအခြေအနေတွေ အကောင်းပကတိ ဖြစ်နေသင့်ပါပြီ။
    • ဆရာဝန်ပြန်ခေါ်တဲ့ ရက်ချိန်းအတိုင်း အတိအကျ သွားရပါမယ်။
    • ကိုယ်ဝန်ဖျက်ချထားတာကြောင့်ရော၊ ဟော်မုန်းအပြောင်းအလဲတွေကြောင့်ရော အပြစ်ရှိသလို ခံစားရတာ၊ ဒေါသထွက်တာ၊ ဝမ်းနည်းပူဆွေးကြေကွဲတာ၊ နောင်တရတာ စတဲ့ ခံစားမှုမျိုးစုံ ရောပြွမ်းနေနိုင်ပါတယ်။ ဒါကြောင့် တတ်ကျွမ်းနားလည်တဲ့ ပညာရှင်တွေဆီမှာ နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်းကို ခံယူဖို့ ဆရာဝန်တွေက အကြံပြုလေ့ရှိပါတယ်။

    ဒါတွေဟာ Therapeutic abortion လို့ခေါ်တဲ့ တရားဝင်ကိုယ်ဝန်ဖျက်ချခြင်းအကြောင်း သိကောင်းစရာလေးတွေပါ။ ကျွန်တော်တို့ နိုင်ငံမှာ ဒီဥပဒေမရှိသေးတဲ့အတွက် အရေးပေါ်သေရေးရှင်ရေး အခြေအနေကလွဲပြီး ကိုယ်ဝန်ကို မိမိသဘောနဲ့မိမိ ဖျက်ချခြင်း မပြုရပါဘူး။

    ဒါပေမယ့် လိင်အသိပညာပေးအားနည်းလှတဲ့ ဒီနိုင်ငံမှာ မလိုလားအပ်တဲ့ ကိုယ်ဝန်ရရှိနှုန်း မြင့်မားနေရုံသာမက အရပ်လက်သည်နဲ့ဖြစ်ဖြစ်၊ ကိုယ့်ဖာသာ ကြိတ်ပြီးတော့ပဲဖြစ်ဖြစ် ကိုယ်ဝန်ဖျက်ချလို့ ရေတိမ်နစ်ခဲ့ရသူတွေလည်း မနည်းပါဘူး။ ဒါကြောင့် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေရဲ့ အကူအညီကို ယူပြီး ဆေးရုံတွေမှာ တရားဝင် ဖျက်ချခွင့်ရှိမယ်ဆိုရင် အသေအပျောက်နှုန်းတွေ နည်းသွားမလားဆိုတာ စဉ်းစားစရာပါပဲ။

    ဒါပေမယ့် ဒီဥပဒေ ပြဋ္ဌာန်းဖို့ဆိုတာလည်း စိန်ခေါ်မှုများစွာ ရှိနေပါသေးတယ်။ မိတ်ဆွေရဲ့ အမြင်ကရော ဘယ်လိုလဲ။ တရားဝင် ကိုယ်ဝန်ဖျက်ချခွင့်ကို ကျွန်တော်တို့နိုင်ငံမှာ ခွင့်ပြုသင့်သလား။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 09/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement