backup og meta

ကိုယ်ဝန်ရှိခြင်းရဲ့ လက္ခဏာ (၉)ခု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Aung Myat Thu မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ရှိခြင်းရဲ့ လက္ခဏာ (၉)ခု

    သင်မှာ ကိုယ်ဝန်ရှိနေတယ်လို့ ထင်ပါသလား။ တကယ်က အမျိုးသမီး‌တွေမှာ ကိုယ်ဝန်ရှိခြင်းရဲ့ လက္ခဏာက တစ်ယောက်နဲ့ တစ်ယောက်မတူညီနိုင်ပါ။ တစ်ယောက်တည်းမှာတောင်မှ ပထမကိုယ်ဝန်နဲ့ နောက်ကိုယ်ဝန်မှာတောင် ဟော်မုန်းပြောင်းလဲခြင်းကြောင့် မတူညီနိုင်ပါ။ ဒါကြောင့် ကိုယ်ဝန်ရှိခြင်းရဲ့ လက္ခဏာ (၉)ခု ကို ပြောပြပေးချင်ပါတယ်။

    ကိုယ်ဝန်ရှိခြင်းရဲ့ လက္ခဏာ (၉)ခု

    ၁။ ရင်သားနာကျင်ခြင်း။

    ရင်သားများ ကိုက်ခဲနာကျင်ခြင်းက ကိုယ်ဝန်ရဲ့ ရှေ့ဦးလက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ ရင်သားပိုကြီးလာခြင်း၊ နို့သီးခေါင်းကွင်း ပိုမည်းလာခြင်းနဲ့ ပိုလေးလံလာခြင်းတို့ကို ခံစားရတတ်ပါတယ်။ ဒီလို ဖြစ်ရတာက ပရိုဂျက်စရုန်းဟော်မုန်းပမာဏ ပိုများလာတာကြောင့် ဖြစ်ပါတယ်။

    အခြားအကြောင်းရင်းတစ်ခုကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်က ရေဓာတ်ကို ပိုမိုသိမ်းဆည်းထားတတ်တာကြောင့် ဖြစ်ပါတယ်။ ဒါက ရင်သားကိုတင်းပြီး နာကျင်စေပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားကို ကောင်းကောင်း ထောက်ပံ့နိုင်တဲ့ အတွင်းခံကို ဝတ်ဆင်သင့်ပါတယ်။ ကိုယ်ဝန်ရင့်လာတာနဲ့အမျှ အရင်တုန်းက ဝတ်ခဲ့တဲ့ အတွင်းခံတွေ မတော်တော့တာကြောင့် ဆိုဒ်ကြီး ပြောင်းဝတ်သင့်ပါတယ်။

    ၂။ အားမရှိသလို ခံစားရခြင်း။

    Progestrone ဟော်မုန်းပမာဏများတာက ရင်သားများကို နာကျင်စေရုံသာမကပါဘူး။ အချို့သော အမျိုးသမီးများတွေမှာ ကိုယ်ဝန်စရှိပြီး ပထမ ၃ လပတ်အတွင်း အားမရှိသလို၊ နုံးသလို ဖြစ်စေတတ်ပါတယ်။ အထူးသဖြင့် သန္ဓေအောင်ပြီး တစ်ပတ်အကြာကစပြီး အရင်ကထက် ပိုပင်ပန်းတာကို ခံစားရတတ်ပါတယ်။

    ဒီလို အားမရှိ  နုံးချိခြင်းက ကိုယ်ဝန်ရှိခြင်းနဲ့ ဆက်စပ်နေလေ့ရှိပြီး ကောင်းကောင်းအနားယူဖို့ လိုအပ်ပါတယ်။ အသားဓာတ်နဲ့ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေက မောပန်းခြင်းကို သက်သာစေနိုင်ပါတယ်။

    ၃။ စိတ်အပြောင်းအလဲဖြစ်ခြင်း။

    ကိုယ်ဝန်အစောပိုင်းမှာ စိတ်ခံစားချက်တွေ ပြောင်းလဲတတ်ပါတယ်။ အထူးသဖြင့် စိတ်ဖိစီးမှုများခြင်း (သို့) အလွန်အကျွံ စိတ်ခံစားတတ်ခြင်းတို့ ဖြစ်တတ်ပါတယ်။ ဟော်မုန်းပမာဏ သိသာစွာပြောင်းလဲတာကြောင့် စိတ်ခံစားချက်ကို ထိန်းချုပ်တဲ့ အာရုံကြောပိုင်းဆိုင်ရာ ဆက်သွယ်ချက်ပစ္စည်းပမာဏ ကျဆင်းသွားတာကြောင့် ဖြစ်ပါတယ်။

    စိတ်အပြောင်းအလဲဖြစ်ခြင်းများက ကိုယ်ဝန်ဆောင်ပထမ ၃ လပတ်နဲ့ မီးဖွားဖို့ နီးလာတဲ့ တတိယ ၃ လပတ်တို့မှာ ဖြစ်တတ်ပါတယ်။ တကယ်လို့ စိတ်ကျတဲ့ ဝေဒနာ ပြင်းထန်လာရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။

    ၄။ ခေါင်းမူးခြင်း။

    အချို့သော အမျိုးသမီးများက ကိုယ်ဝန်အစောပိုင်းမှာ ခေါင်းမူးခြင်း (သို့) ရီဝေဝေဖြစ်ခြင်းတို့ကို ခံစားရတတ်ပါတယ်။ အချို့မှာ ဖြူဖျော့ဖျော့ ဖြစ်သွားတတ်ပါတယ်။

    ဒီလိုဖြစ်ရတာက ဟော်မုန်းအပြောင်းအလဲ (သို့) သွေးပေါင်ကျခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ သွေးတွင်း သကြားဓာတ်လျော့နည်းတာကြောင့်ဆိုရင်တော့ တစ်နေ့တာအတွင်း အစာကို နည်းနည်းနဲ့ ခဏခဏ စားပေးပါ။

    ၅။ ပျို့အန်ခြင်း။

    ကိုယ်ဝန်ဆောင်ချိန် ပျို့အန်ခြင်းက ဘယ်အချိန်မှာမဆို ဖြစ်တတ်ပါတယ်။ ဒါပေမယ့် မနက် အစောပိုင်းမှာ ပိုအဖြစ်များပါတယ်။ အမျိုးသမီးတိုင်းတော့ မဖြစ်တတ်ပါဘူး။ ဖြစ်ရတဲ့ အကြောင်းရင်းအတိအကျကိုလည်း မသိကြသေးပါဘူး။ ကိုယ်ဝန်ဆောင်ချိန်တွင်း ထွက်ပေါ်တဲ့ ဟော်မုန်းများကြောင့်လို့ ယူဆထားကြပါတယ်။

    ဒီလက္ခဏာတွေက ကိုယ်ဝန် ၁၂ ပတ်မှ ၁၆ ပတ်ကြာရင် ပျောက်ကွယ်သွားတတ်ပါတယ်။ ပျို့အန်တာ သက်သာစေဖို့ အစာကို နည်းနည်းနဲ့ ခဏခဏစားပေးတာ၊ အသားဓာတ်ကြွယ်ဝတဲ့ အစားအစာများကို စားပေးပါ။ ရေဓာတ်ပြည့်ဝအောင် သောက်တာကလည်း သက်သာစေပါတယ်။

    ၆။ အစာစားလိုစိတ် ပြောင်းလဲခြင်း။

    အချို့သောအမျိုးသမီးတွေက ကိုယ်ဝန်ဆောင်ချိန်မှာ အနံ့အာရုံကို ပြင်းထန်စွာ ခံစားတတ်လာကြပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင် ပထမ ၃ လပတ်မှာ အချို့သော အစားအစာများကို မစားနိုင်ကြခြင်း၊ (သို့) အချို့က ထူးဆန်းသော အရသာများကို ရရှိတတ်ကြပါတယ်။ ဥပမာ- ပါးစပ်အတွင်း ဘာစားစား သတ္တုအရသာ ရနေခြင်း။

    ကျန်းမာတဲ့ ရင်သွေးလေး မွေးလာစေဖို့ အစားအစာကို အလုံအလောက်စားဖို့ လိုပါတယ်။ ကိုယ်ဝန်ဆောင်ချိန်လိုအပ်တဲ့ ဗီတာမင်များကို သောက်သုံးတာကလည်း မွေးရာပါ ချို့ယွင်းချက်များကို ကာကွယ်နိုင်ပြီး အာဟာရလည်း ပြည့်ဝစေပါတယ်။

    ၇။ ဆီးခဏခဏသွားခြင်း။

    သန္ဓေအောင်ပြီး ၆ ပတ် (သို့) ၈ ပတ်ဝန်းကျင်မှာ ဆီးခဏခဏ သွားတတ်ကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကျောက်ကပ်က ဆီးပိုပြီး ဖြစ်စေပါတယ်။ တဖြည်းဖြည်း ကြီးလာတဲ့ သားအိမ်က ဆီးအိမ်ကို ဖိလာတာကြောင့် ဆီးခဏခဏ သွားရတတ်ပါတယ်။

    ဒီလို အိမ်သာခဏခဏသွားရတာကို ဆီးပိုးရှိတယ်လို့ ယူဆပြီး ကိုယ့်သဘောနဲ့ကိုယ် ပိုးသတ်ဆေးများ မသောက်သင့်ပါ။

    ၈။ သွေးဆင်းခြင်း။

    ပုံမှန်ရာသီလာရက်ထက် အနည်းငယ်စောပြီး ဓမ္မတာကိုက်ခဲခြင်းနဲ့ သွေးအနည်းငယ်ဆင်းခြင်းတို့ ဖြစ်ခြင်းက သန္ဓေအောင်မျိုးဥလေး သားအိမ်နံရံကို ကပ်တွယ်တာကြောင့် ဖြစ်နိုင်ပါတယ်။ (သန္ဓေအောင်ပြီး ၆ ရက်မှ ၁၂ ရက်အတွင်း) သွေးဆင်းခြင်းအပြင် မိန်းမကိုယ်မှ အဖြူဆင်းခြင်းသည်လည်း ဖြစ်တတ်ပါတယ်။

    အဖြူဆင်းခြင်းသည် ကိုယ်ဝန်ဆောင်ချိန်တလျှောက်လုံး ဖြစ်နိုင်ပါတယ်။ ဘေးအန္တရာယ်မဖြစ်ပါ၊ ကုသရန်လည်း မလိုအပ်ပါ။ ဒါပေမယ့် အနံ့အသက်မကောင်းတာ၊ ယားယံတာတွေ ခံစားရရင်တော့ ဆရာဝန်နဲ့ ပြသစစ်ဆေးသင့်ပါတယ်။

    ၉။ ရာသီသွေးမပေါ်ခြင်း။

    ရာသီသွေးမပေါ်ခြင်းက ကိုယ်ဝန်ရဲ့ သိသာထင်ရှားသော အစောပိုင်းလက္ခဏာဖြစ်ပါတယ်။ ဒါပေမယ့် ရာသီသွေးမပေါ်တိုင်း ကိုယ်ဝန်ရှိတာကြောင့် ဟုတ်ချင်မှ ဟုတ်မှာပါ။ ကိုယ်အလေးချိန်တက်လာတာ (သို့) ကျသွားတာ၊ ဟော်မုန်းပြဿနာများ၊ မောပန်းနွမ်းနယ်ခြင်းနဲ့ စိတ်ဖိစီးမှုများတာလိုမျိုး ပြဿနာများကလည်း ရာသီသွေးမပေါ်ခြင်းကို ဖြစ်စေနိုင်ပါတယ်

    ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်က ခုပြောခဲ့တဲ့ လက္ခဏာများအားလုံးဖြစ်စေ၊ တစ်ခု၊ နှစ်ခုကိုဖြစ်စေ ခံစားရတတ်ပါတယ်။ ဒီလက္ခဏာတွေက ကိုယ်ဝန်ဆောင်မဟုတ်တဲ့သူတွေမှာလည်း ဖြစ်တတ်တာကြောင့် လက္ခဏာတွေကို ကြည့်ပြီး ကိုယ်ဝန်ရှိမရှိ လုံးဝမဆုံးဖြတ်သင့်ပါ။  သေချာတဲ့ နည်းလမ်းကတော့ ကိုယ်ဝန်ရှိမရှိဆီးစစ်ခြင်းနဲ့ အယ်ထွာဆောင်း (Ultrasound) ရိုက်ခြင်းပဲ ဖြစ်ပါတယ်။

    တကယ်လို့ အခြားသိလိုတဲ့ မေးခွန်းတွေရှိရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးခြင်းက သင့်အတွက် အကောင်းဆုံးဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Aung Myat Thu မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement