backup og meta

ကိုယ်ဝန်ဆောင်မေမေတွေနဲ့ အသည်းရောင် အသားဝါရောဂါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်မေမေတွေနဲ့ အသည်းရောင် အသားဝါရောဂါ
    သားသမီးတွေကို အကောင်းဆုံးတွေပဲဖြစ်စေချင်တာက မိဘတွေရဲ့ဆန္ဒပါ။ ကိုယ့်ကြောင့် တစ်ခုခုထိခိုက်သွားမှာကို အရမ်းစိုးရိမ်တတ်တာကလည်း မိဘမေတ္တာပေါ့။ ဒီတစ်ခေါက်တော့ မေမေတွေသိချင်နေတဲ့ ကိုယ့်မှာ အသည်းရောင် အသားဝါ ရောဂါပိုးရှိရင် သားသမီးလေးကို ကူးစက်စေနိုင်မလားဆိုတဲ့ ကိစ္စလေးကိုဆွေးနွေးချင်တာပါနော်။ ကိုယ်ဝန်ဆောင်မေမေတွေနဲ့ အသည်းရောင် အသားဝါရောဂါ အကြောင်း အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

    ကိုယ်ဝန်ဆောင်မေမေတွေနဲ့ အသည်းရောင် အသားဝါရောဂါ

    အသည်းရောင် အသားဝါဆိုတာက အသည်းကို ပြင်းပြင်းထန်ထန်ထိခိုက်စေနိုင်တဲ့ ရောဂါတစ်မျိုးပါ။ ကိုယ်ဝန်ရှိနေမယ်ဆိုရင် မိခင်ကနေတဆင့်မွေးလာမယ့် ကလေးငယ်ကို ကူးစက်နိုင်ခြေတော့ ရှိပါတယ်။

    အသည်းရာင်အသားဝါပိုးက တစ်ခါတလေမှာ ကူးစက်ခံထားရရင်တောင် ကူးစက်ခံထားရမှန်းမသိတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါဆို အသည်းရောင်အသားဝါပိုးတွေက မွေးလာမယ့် ကလေးငယ်ကို ထိခိုက်စေနိုင်လား။ ကိုယ်ဝန်ကိုရော ထိခိုက်စေနိုင်လားဆိုတာ ဆက်ကြည့်လိုက်ရအောင်ပါနော်။

    အသည်းရောင် အသားဝါ စီပိုး

    သွေးကနေတဆင့် ကူးစက်နိုင်တာပါ။ ဆေးထိုးအပ်မျှသုံးတာကြောင့် ကူးစက်နိုင်ပါတယ်နော်။ မိခင်ဝမ်းထဲမှာနေနေစဉ်၊ မွေးဖွားတဲ့အချိန်နဲ့ မွေးဖွားပြီးချိန်တွေမှာ ကူးစက်နိုင်ပါတယ်။ များသောအားဖြင့်ကတော့ မမွေးခင်မှာ ကူးစက်ခံရနိုင်ခြေက တော်တော်လေးနည်းပါတယ်။ များသောအားဖြင့် မွေးနေရင်း သွေးကနေတဆင့် ကူးတာများပါတယ်။

    မိခင်အနေနဲ့ အသည်းရောင်အသားဝါ စီပိုးရှိနေမယ်ဆိုရင် ဘယ်လိုမွေးရမလဲဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။ စီပိုး ရှိရုံသက်သက်ကတော့ ခွဲမွေးစရာ မလိုပါဘူး။မွေးပြီးတဲ့အခါ နို့တိုက်ကျွေးလို့တော့ရပါတယ်နော်။ အသည်းရောင်အသားဝါ စီပိုးက မိခင်နို့ကနေတဆင့် မကူးနိုင်ပါဘူး။ ဒါပေမယ့် နို့သီးခေါင်းမှာ အက်ကွဲတာ၊ သွေးထွက်နေတာမျိုး မရှိရပါဘူး။

    ကိုယ်ဝန်ဆောင်ကာလမှာ အသည်းရောင်အသားဝါ စီပိုးကုသမှုကို ရပ်ထားဖို့လိုပါမယ်။ ကလေးမွေးပြီး၊ နို့တိုက်ပြီးတဲ့အချိန်မှပဲ ကုသမှုကို ဆက်လက်လုပ်ဆောင်သင့်ပါတယ်။

    အသည်းရောင် အသားဝါ ဘီပိုး

    ဒီရောဂါပိုးကလည်း အသည်းကို ထိခိုက်စေနိုင်ပါတယ်။ ကလေးမမွေးခင်၊ မွေးဖွားနေစဉ်နဲ့ မွေးဖွားပြီးချိန်တွေမှာ မိခင်ကနေတဆင့် ကလေးကို ကူးစက်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်၊ မွေးဖွားချိန်နဲ့ မွေးဖွားပြီးချိန်တွေမှာ ကူးစက်နိုင်ပါတယ်။

    မိခင်မှာ ရောဂါပိုးရှိနေတာက လွန်ခဲ့တဲ့ ၆ လလောက်ကမှ ဖြစ်နေမယ်ဆိုရင် ကလေးမှာ အသည်းရောင်အသားဝါ ဘီ ကူးစက်ခံရနိုင်ခြေက ၉၀ ရာခိုင်နှုန်းအထိရှိနေနိုင်ပါတယ်။ ကူးစက်ခံထားရတာက ကြာနေပြီဆိုရင်တော့ ရောဂါကူးစက်ခံရနိုင်ခြေက ၁၀ ရာခိုင်နှုန်း ကနေ ၂၀ ရာခိုင်နှုန်းလောက်ပဲရှိမှာပါ။

    မိခင်ကနေ ကလေးကို ကူးစက်နှုန်းက အသည်းရောင် အသားဝါ စီထက်စာရင် ဘီက ပိုများပါတယ်။ ကုသဖို့ဆေးလည်း မရှိပါဘူး။

    ဒါကြောင့် အသည်းရောင်အသားဝါ ဘီပိုးရှိနေတဲ့ မိခင်ကနေ ကလေးကို မွေးဖွားလိုက်ပြီဆိုရင် ကလေးကိုမွေးပြီးပြီးချင်းမှာ အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေး စထိုးရပါမယ်။ ၁၂ နာရီအတွင်းမှာ hepatitis B immune globulin လို့ခေါ်တဲ့ ပဋိပစ္စည်းကို ထပ်ထိုးရပါမယ်။ ဒီလိုလုပ်ပေးခြင်းက ကလေးကိုရောဂါကူးစက်နိုင်ခြေနည်းသွားစေမှာပါ။ ဒါပြီးရင်တော့ ပုံမှန်အတိုင်း  ၆ လအတွင်းမှာ နောက်ထပ် ကာကွယ်ဆေးနှစ်ကြိမ် ထပ်ထိုးပေးဖို့ လိုအပ်ပါမယ်။

    ဘီပိုး ရှိရုံသက်သက်ကတော့ ခွဲမွေးစရာ မလိုပါဘူး။ မွေးပြီးရင်လည်း နို့တိုက်လို့ ရပါတယ်။ အသည်းရောင်အသားဝါ ဘီပိုးက မိခင်နို့ကနေတဆင့် မကူးနိုင်ပါဘူး။ ဒါပေမယ့် နို့သီးခေါင်းမှာ အက်ကွဲတာ၊ သွေးထွက်နေတာမျိုး မရှိရပါဘူး။

    အသည်းရောင် အသားဝါ အေပိုး

    အပေါ်က နှစ်ခုလောက်တော့ မပြင်းထန်ပါဘူး။ ဒါပေမယ့် အသည်းရောင်အသားဝါအေ ပိုးက သာမန်လူတွေထက် ကိုယ်ဝန်ဆောင်ကာလမှာ ပြင်းပြင်းထန်ထန်ထိခိုက်စေနိုင်ပါတယ်။

    ရောဂါပိုးရှိသူရဲ့ မစင်နဲ့ထိတွေ့မိတာ၊ မသန့်ရှင်းတဲ့အစားအစာတွေ၊ သောက်စရာတွေကို စားသုံးမိတာ၊ ညစ်ပေနေတဲ့ လက်တွေနဲ့ အစားစားတာတွေကနေတဆင့် ရောဂါပိုး ကူးစက်ခံရနိုင်ပါတယ်။ ဒီရောဂါပိုးက ကုသစရာမလိုဘဲ သူ့အလိုလိုပြန်ကောင်းသွားတတ်ပါတယ်။

    ကိုယ်ဝန်ဆောင်မေမေဆီကနေ ဘေဘီလေးဆီကို ကူးစက်တာကတော့ဖြစ်ခဲပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ဒီရောဂါပိုး ကူးစက်ခံရမယ်ဆိုရင် လမစေ့ဘဲ ကလေးမွေးဖွားတာ၊ မွေးမယ့်ရက်မတိုင်ခင် အချင်းကွာတာမျိုးတွေဖြစ်နိုင်ပါတယ်။ အထူးသဖြင့် လနုချိန်မှာ ကူးခံရရင် ဖြစ်နိုင်ခြေများပါတယ်။

    အကောင်းဆုံးအကြံပေးချင်တာကတော့ ကာကွယ်ဆေးတွေကို ထိုးနှံထားဖို့ပါ။ ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးဖွားမယ်လို့ ဆုံးဖြတ်ထားတဲ့မေမေတို့အနေနဲ့ ကိုယ်တိုင်အတွက်ရော ရင်းသွေးလေးအတွက်ပါ ထိခိုက်မှုမရှိအောင် ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်နော်။ ဖြစ်ပြီးမှ ရင်တမမနဲ့ စိတ်ပူနေရမှာထက်စာရင် မဖြစ်ခင်က ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကာကွယ်ဆေးတွေကို ထိုးနှံထားဖို့ တိုက်တွန်းပါရစေနော်……….

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement