backup og meta

မီးဖွားပြီး ခရီးသွား မယ်ဆိုရင် ဘာတွေသိထားသင့်သလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 06/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မီးဖွားပြီး ခရီးသွား မယ်ဆိုရင် ဘာတွေသိထားသင့်သလဲ။

    မီးဖွားတယ်ဆိုတာ ရိုးရိုးပဲ မွေးမွေး၊ ခွဲပြီးပဲ မွေးမွေး အပြောင်းအလဲတွေ အများကြီးနဲ့ ကြုံတွေ့ရမယ့် ကိစ္စ တစ်ခုပါ။ အနေအထိုင်ဆင်ခြင်ရမယ်၊ အာဟာရရှိတာတွေ စားရမယ်၊ အိပ်ရေးဝဝအိပ်ရမယ် စတာတွေပေါ့။ ဒါတွေအားလုံးလည်း ဂရုစိုက်ဆင်ခြင်တယ် မိခင်ရော ကလေးရော ကျန်းမာနေတယ် ခရီးလည်း သွားချင်တယ်။ ဒါဆို မီးဖွားပြီး ခရီးသွား ဖို့ ဘယ်လောက်စောင့်ရမလဲ။

    မီးဖွားပြီး ခရီးသွား တဲ့အခါ

    • မီးဖွားပြီးနောက်ပိုင်း ကာလဆိုတာ ကိုယ်ဝန်ဆောင်ချိန်၊ မီးဖွားချိန်တုန်းက ပင်ပန်းခဲ့ရတဲ့ကိုယ်ခန္ဓာ အနားယူရမယ့်အချိန်ပါ။ အနားယူတယ်ဆိုတာ တစ်ပတ်လောက်နဲ့တင်မရပါဘူး။ အချိန်တော်တော်ယူပြီးမှ ကိုယ်ခန္ဓာကို အနားပြန်ပေးဖို့လိုပါတယ်။ ခရီးသွားတယ်ဆိုတာ ပျော်ရပေမယ့် မသိမသာ စိတ်ဖိစီးမှုလေးတွေ ရှိတတ်ပါတယ်။ အနားယူဖို့လိုနေတဲ့အချိန် ဖိစီးမှုတွေ ဝင်လာတာက မိခင်ရဲ့ ကျန်းမာရေးကို သက်ရောက်မှုလေးတွေ ရှိတတ်ပါတယ်။
    • နို့ထွက်တယ်၊ မထွက်ဘူးဆိုတဲ့ ကိစ္စဟာလည်း မိခင်ရဲ့ စိတ်အခြေအနေ၊ ပတ်ဝန်းကျင် အခြေအနေ၊ အစားအသောက်နဲ့ သက်ဆိုင်တဲ့အတွက် ခရီးထွက်လိုက်ခြင်းကြောင့် နို့မထွက်တော့တာမျိုးတွေ ဖြစ်တတ်ပါသေးတယ်။
    • မီးဖွားတုန်းက ပင်ပန်းထားရတဲ့ မိန်းမကိုယ်လည်း အနာကျက်ဖို့လိုသေးတာကြောင့် လှုပ်လှုပ်ရှားရှား ပြင်းပြင်းထန်ထန်လုပ်လိုက်ရင် အနာမကျက်တော့ဘဲ ပိုဆိုးသွားနိုင်ပါတယ်။

    ဒါဆိုမီးဖွားပြီး ဘယ်အချိန်လောက်လို ခရီးပြန်သွားလို့ရပြီလဲ။ 

    မီးဖွားခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ရှိနေရင်

    • မီးဖွားပြီးနောက်ပြီး သွေးသွန်တာတို့၊ ချုပ်ရိုးက နာနေသေးတာတို့၊ သွေးတိုးနေလို့၊ ဆီးချိုတက်နေလို့ စတဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေ ရှိမယ်ဆိုရင် ရိုးရိုးမွေးထားတဲ့သူရော၊ ခွဲမွေးထားတဲ့သူရော ခရီးမသွားသင့်သေးပါဘူး။ နောက်ပြီး ခရီးသွားမယ်ဆို ကိုယ်တစ်ယောက်တည်း မဟုတ်တော့ပါဘူး။ ကိုယ့်ကလေးရဲ့ ကျန်းမာရေး အခြေအနေတွေကိုလည်း သိထားဖို့ လိုပါသေးတယ်။

    မီးဖွားပြီး ခရီးသွား မယ်ဆိုရင် ဘာတွေသိထားသင့်သလဲ။

    နောက်ဆက်တွဲ ဆိုးကျိုးတွေ မရှိဘူး။ အားလုံးကျန်းကျန်းမာမာရှိတယ်ဆိုရင်ရော

    • ရိုးရိုးမွေးထားရင် အနည်းဆုံး ၂ပတ်လောက်စောင့်ပြီးမှ ခရီးသွားပါ။
    • ခွဲမွေးထားရင်တော့ အနည်းဆုံး ၁ လလောက်တော့ စောင့်စေချင်ပါတယ်။

    မှတ်ထားသင့်တာက ကလေးမီးဖွားပြီးတဲ့အချိန်ဆိုတာ ကလေးကိုရော အမေကိုရော ဂရုစိုက်နေရမယ့် ကာလဖြစ်တာကြောင့် ဘယ်ကိုပဲ သွားသွား၊ ဘာကိုပဲ လုပ်လုပ် ကိုယ့်ဆရာဝန်တွေဆီ သွားတိုင်ပင်ပါ။ နောက်ပြီး အဆင်ပြေလို့ ခရီးသွားဖြစ်ခဲ့တယ်ဆိုရင်လည်း ခုပြောထားတွေကို လိုက်နာပါ။

    ကိုယ်သွားမယ့် ခရီးကို ပြင်ဆင်တဲ့အခါ

    • ဆေးရုံနဲ့ အနီးဆုံး တည်းခိုခန်း ၊ ဟိုတယ်တွေကို ကြိုရှာထားပါ။ ဒါမှ အရေးပေါ် အခြေအနေဖြစ်လာရင် ကုသမှု အမြန်ဆုံး ခံယူနိုင်မှာ ဖြစ်ပါတယ်။
    • သက်သောင့်သက်တာ ရှိတဲ့ အဝတ်အစားတွေကိုပဲ ရွေးထည့်သွားပါ။
    • ခရီးဆောင်အိတ်ထဲမှာ ပိုက်ဆံ၊ မှတ်ပုံတင်တို့အပြင် ကိုယ်မီးဖွားတုန်းကမှတ်တမ်း၊ ဆေးမှတ်တမ်း အားလုံးကိုပါထည့်သွားပါ။

    မီးဖွားပြီး ခရီးသွား မယ်ဆိုရင် ဘာတွေသိထားသင့်သလဲ။

    ခရီးသွားနေချိန် အတွင်းမှာလည်း

    • တစ်ချိန်လုံးထိုင်မနေဘဲ၊ တစ်နာရီတစ်ခါလောက် မတ်တပ်ရပ်ပါ။ ခြေထောက် အကွေးအဆန့်ပြုလုပ်ပေးပါ။ ကားနဲ့ ခရီးသွားခဲ့ရင်လည်း လမ်းတစ်ထောက် ခဏခဏ နားပေးပါ။ မတ်တပ် ခဏခဏ ရပ်ပေးခြင်းကြောင့် မီးဖွားပြီးနောက်ပိုင်း အဖြစ်များတဲ့ သွေးခဲခြင်းကို သက်သာစေမှာပါ။
    • ရေများများသောက်ပါ။ ခရီးသွားရင် ရေမသောက်ဖြစ်တတ်တာများတော့ ရေများများသောက်ဖို့ကိုလည်း မမေ့ပါနဲ့။ ကလေးနို့တိုက်ဖို့ကလည်း လိုသေးတယ်လေ။
    • တွေ့ရာ အစားအသောက်တွေကို လျှောက်မစားပါနဲ့။ ကိုယ်မသန့်တာတွေ စားမိရင် ကိုယ်လည်း ဝမ်းလျှော ကလေးလည်း ဝမ်းလျှောနိုင်လို့ပါ ။ ။

    ရေးသားသူ- Dr Thin Yadanar @ Frances

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 06/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement