backup og meta

ကလေးမွေးဖို့ပြင်ဆင် ထားရမယ့် အချက်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 24/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးမွေးဖို့ပြင်ဆင် ထားရမယ့် အချက်များ

    ကလေးမွေးဖို့ပြင်ဆင် ပြီးပြီလားလို့ မေးရင် မေမေတို့ ဘာကိုအရင်ဆုံးတွေးမိလဲ။ ဆေးရုံသွားဖို့ ခြင်းပြင်တာလား၊ ဆေးရုံရွေးတာလား၊ ရိုးရိုးမွေးမလား၊ ခွဲမွေးမလား ရွေးတာလား။ ဒါတွေလည်း အရေးကြီးပေမယ့် ဒီဆောင်းပါးမှာတော့ ဆေးရုံမှာ မွေးရင် ဘာတွေ ပြင်ထားမယ်၊ အိမ်မှာဆို ဘာတွေ ပြင်ထားမယ်ဆိုတာတွေ  ပြောပြပေးပါမယ်။

    ကလေးမွေးဖို့ပြင်ဆင် မယ်ဆိုရင်

    ကလေးမွေးမယ်ဆိုရင် အရေးကြီးဆုံးက မေမေရော ကလေးလေးပါ ကျန်းကျန်းမာမာရှိနေဖို့ပါပဲ။ ဘယ်နေရာမှာပဲ မွေးမွေး၊ ရိုးရိုးမွေးမွေးခွဲမွေးမွေး ဒီအချက်က အရေးကြီးဆုံးပါ။ မြန်မာနိုင်ငံအနေနဲ့ကတော့ မြို့ပေါ်မှာ နေပြီး ဆေးရုံနဲ့ လက်လှမ်းမီတဲ့သူတွေကျ ဆေးရုံမှာ မွေးတာများပါတယ်။ တချို့ကျတော့လည်း သွားရေး လာရေး မလွယ်တာ၊ ကိုယ့်အိမ်ကိုယ်ရာမှာပဲ မွေးချင်တာကြောင့် အိမ်မှာပဲ မွေးကြပါတယ်။ ဘယ်မှာပဲ မွေးမွေး အောက်ကအချက်တွေကို လိုက်နာဖို့ လိုပါတယ်။

    • ဆေးရုံမှာ မွေးမယ်ဆိုရင်

    ဆေးရုံမှာမွေးမယ်ဆိုရင်တော့ ကောင်းတဲ့အချက်က တစ်ခုခုဆို အနားမှာ တတ်ကျွမ်းနားလည်တဲ့ သူတွေ ရှိနေတာကြောင့် ချက်ချင်းကုသမှု ခံယူနိုင်တာပါပဲ။ ဆေးရုံမှာ မွေးတယ်ဆိုပေမယ့် ကိုယ်ဝန်လနုစဉ်တည်းက ကိုယ်ဝန်မှန်မှန်အပ်ထားဖို့ လိုပါတယ်။ ဒါမှ တစ်ခုခုကို အစအဆုံး ပြန်စစ်နေစရာ မလိုဘဲ ချက်ချင်း လုပ်ပေးလို့ရမှာပါ။

    ဆေးရုံတက်မွေးမယ်ဆိုရင်တော့ ဂျူးဒိတ်မရောက်ခင် တစ်လလောက် အလိုတည်းက ခြင်းလေး ကြိုပြင်ထားတာကောင်းပါတယ်။ ဒီခြင်းထဲမှာ မေမေနဲ့ ကလေးလေးအတွက် လိုတာအကုန် ထည့်ထားရမှာပါ။

    မေမေအတွက်ဆိုရင်

    – သက်သောင့်သက်သာဖြစ်မယ့် အဝတ်တွေ၊ ထမီအပိုတွေ၊ အတွင်းခံတွေ

    -အောက်ကခင်းမယ့် အခင်းတွေ၊ စောင်တွေ

    -နို့မထွက်ရင် ညှစ်ဖို့ ပန့်တွေ၊ နို့သက်ရင် ခံဖို့ အဝတ်စ (pad)တွေ

    ကလေးမွေးဖို့ပြင်ဆင် ထားရမယ့် အချက်များ

    မီးနေသွေးဆင်းရင် ခံဖို့ padတွေ

    -တစ်ကိုယ်ရည်သုံးပစ္စည်းတွေ (ဥပမာ သွားပွတ်တံ၊ မျက်နှာသစ်ဆပ်ပြာ၊ တစ်ရှူး စသဖြင့်)

    -ဗိုက်နာချိန်မှာ အာရုံလွဲနိုင်အောင် ဖတ်ဖို့ စာအုပ်၊ စိပ်ပုတီးတွေ စတာတွေ လိုပါတယ်။

    ကလေးလေးအတွက်ကတော့

    -အနှီးတွေ (ပရုပ်လုံး မသိပ်ထားပါနဲ့။)

    -ခေါင်းစွပ်၊ ခြေအိတ်၊ လက်အိတ်လေးတွေ

    အဝတ်အစားတွေ၊ စောင်တွေ စတာတွေ လိုပါမယ်။

    တခြားအရေးကြီးတဲ့ ပစ္စည်းတွေဖြစ်တဲ့ ကိုယ်ဝန်ဆောင်စဉ်တစ်လျှောက် ပြသခဲ့တဲ့ ဆေးမှတ်တမ်းတွေ၊ ပိုက်ဆံတွေ၊ ဖုန်းအားသွင်းမယ့်ကြိုးတွေ စတာတွေကို တစ်အိတ်သက်သက် ထည့်ထားပါ။

    ဒါ့ပြင် မွေးမယ့်ရက်နီးလာရင် ဘယ်မှမသွားပါနဲ့။ ညကြီးအချိန်မတော် ဗိုက်နာရင် ဆေးရုံသွားဖို့ ကား၊ အတူလိုက်မယ့်သူ စတာတွေကို ကြိုပြင်ထားပါ။ ဒီအချိန်မှာ ပျာယာခတ်နေတတ်လို့ တစ်လအလိုလောက် ခေါင်းအေးတုန်းမှာ ကြိုပြင်ထားပါ။ ဒါ့ပြင် ကိုယ့်ကိုယ်ဝန်အနေအထားက သွေးထွက်များနိုင်တယ်၊ သွေးသွင်းရနိုင်တယ်ဆိုရင် သွေးလှူရှင်တွေ ကြိုရှာထားပါ။

    • အိမ်မှာမွေးမယ်ဆိုရင်

    အိမ်မှာမွေးမယ်ဆိုရင်တော့ ဆေးရုံမှာ မွေးသလို ဟိုဟိုဒီဒီ ပြင်စရာမလိုဘူးပေါ့။ ကိုယ့်အိမ်မှာပဲဆိုတော့ သက်သောင့်သက်သာလည်း ရှိတာပေါ့။ ဒါက အားသာချက်တွေပါ။ ဒါပေမယ့် သူ့မှာလည်း အားနည်းချက် တချို့တော့ရှိပါတယ်။

    -အရင်ဆုံး မွေးပေးမယ့် သားဖွားဆရာမ (လက်သည်၊ ဝမ်းဆွဲသည် မဟုတ်) ရှာထားရမယ်။ သားဖွားဆရာမနဲ့ မွေးမှ ကလေးကို မွေးပြီးတာနဲ့ ကာကွယ်ဆေးထိုးလို့ရမှာပါ။ သားဖွားသင်တန်းပြီးထားတဲ့အတွက် စိတ်လည်းချရပါတယ်။

    -ရှာထားရုံတင် မဟုတ်၊ ဗိုက်လည်း အပ်ထားဖူးရပါမယ်။ ဒါမှ ကိုယ်ဝန်ဆောင် ကျန်းမာရေး ပြဿနာတွေကို စောစောစီးစီး သိနိုင်မှာပါ။

    -သားဖွားဆရာမနဲ့ဆိုရင်တော့ ရိုးရိုးပဲ မွေးလို့ရမယ်ဆိုတာ သိထားရမယ်။

    -အန္တရာယ်ရှိတဲ့ကိုယ်ဝန် (ဥပမာ ကလေးအနေအထားမမှန်တာ၊ အချင်းရှေ့ရောက်နေတာ)၊ ခွဲမွေးရမယ့်ကိုယ်ဝန်ဆို အိမ်မှာမွေးလို့မရပါဘူး။ ဆေးရုံမှာပဲ မွေးရပါမယ်။

    -အိမ်မှာ မွေးနေရင်းနဲ့ သွေးလွန်တာဖြစ်ဖြစ်၊ တစ်ခုခုဖြစ်လာခဲ့ရင် ဆေးရုံကို သွားရမယ်ဆိုတာလည်း သိထားရပါမယ်။

    ဒါကတော့ အိမ်မှာမွေးမယ်ဆို ကြိုတွေးထားရမယ့် ကိစ္စတွေပါ။ ပြင်ဆင်ထားရမယ့် အချက်တွေကတော့

    -သားဖွားဆရာနဲ့ ကြိုပြီး ဆက်သွယ်ထားပါ။ အချိန်မတော် ဗိုက်နာလာရင် သားဖွားဆရာမကို ခေါ်ဖို့ ကားဖြစ်ဖြစ်၊ တစ်ခုခုစီစဉ်ထားပါ။

    -အိမ်မှာ မီးနေခန်းကြိုပြင်ထားပါ။ အလင်းရောင် ကောင်းကောင်းရပြီး လေဝင်လေထွက်ကောင်းပါစေ။ အမေဘေးမှာ ကလေးထားဖို့ နေရာသီးသန့်ရှိပါစေ။

    -ကလေးအနှီးတွေ၊ ခေါင်းစွပ်၊ စောင်၊ ခြေအိတ်၊ လက်အိတ်တွေ စုထားပါ။

    ကလေးမွေးဖို့ပြင်ဆင် ထားရမယ့် အချက်များ

    အမေ့အတွက် ထမီအပိုတွေ၊ သက်သောင့်သက်သာဖြစ်မယ့် အင်္ကျီတွေ၊ မီးနေသည် padတွေ၊ ပိုးသတ်ထားတဲ့ ဂွမ်းတွေ စတာတွေ အကုန်လုံး အခန်းထဲမှာ အလွယ်တကူယူနိုင်အောင် ထားထားပါ။

    -ကလေးကို သုတ်ဖို့ မျက်နှာသုတ်ပဝါတွေ၊ သန့်ရှင်းရေး လုပ်ပေးဖို့ ရေဇလုံတွေ၊ အချင်းထည့်ဖို့ အမှိုက်ပုံးတွေ စတာတွေ အားလုံး ပြင်ထားပါ။

    -မတော်တဆများ အိမ်မှာ မမွေးနိုင်တော့ရင် ဖြစ်ဖြစ်၊ ခွဲမွေးမှရတော့မယ့် အနေအထားဖြစ်လာရင် ဖြစ်ဖြစ် ဆေးရုံချက်ချင်းသွားနိုင်အောင်  စီစဉ်ထားပါ။

    Takeaways

    ဆေးရုံမှာပဲ မွေးမွေး၊ အိမ်မှာပဲ မွေးမွေး မေမေရော၊ ကလေးရော ကျန်းမာဖို့ အရေးကြီးပါတယ်။ တကယ်မွေးတဲ့အချိန်ကျရင် စိတ်လှုပ်ရှားနေတာကြောင့် ဟိုဟိုဒီဒီ မေ့တတ်ပါတယ်။ ဒါကြောင့် ကြိုတင်ပြီး ကလေးမွေးဖို့ပြင်ဆင် ထားကြဖို့ အကြံပြုလိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 24/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement