backup og meta

သင့်အမေ မသိခဲ့တဲ့ မွေးလမ်းကြောင်းချဲ့ခြင်းအကြောင်း


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 23/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်အမေ မသိခဲ့တဲ့ မွေးလမ်းကြောင်းချဲ့ခြင်းအကြောင်း

    မွေးလမ်းကြောင်းချဲ့တယ်ဆိုတာမိန်းမကိုယ်နဲ့စအိုကြားနေရာကိုမီးဖွားနေစဉ်အချိန်မှာကတ်ကြေးနဲ့ညှပ်ပြီးချဲ့တာကိုခေါ်တာပဲ ဖြစ်ပါတယ်။ ဒီနေရာဟာကြွက်သားတွေအများစုရှိတဲ့နေရာဖြစ်ပါတယ်။ ကလေးမမွေးမီအချိန်လေးမှာအဆိုပါနေရာကိုသင့်ဆရာဝန်ကညှပ်ပြီးမွေးလမ်းကြောင်းကိုကျယ်အောင်လုပ်ပါလိမ့်မယ်။

    ရှေးခေတ်ကမွေးလမ်းကြောင်းချဲ့ခြင်း

    လွန်ခဲ့တဲ့ဆယ်စုနှစ်ပေါင်းများစွာကတည်းကမွေးလမ်းကြောင်းချဲ့ခြင်းကိုရည်ရွယ်ချက်ကောင်းကောင်းနဲ့ ပြုလုပ်ခဲ့ကြပါတယ်။ မီးဖွားတဲ့အချိန်မှာမိန်းမကိုယ်ပြင်းထန်စွာစုတ်ပြဲတာကိုကာကွယ်နိုင်ဖို့အတွက်မွေးလမ်းကြောင်းချဲ့ခြင်းကိုလုပ်ခဲ့ကြတာပါ။ ဒါ့အပြင်ဒီလိုမွေးလမ်းကြောင်းကြိုချဲ့ထားတာဟာပုံမှန်သဘာဝအတိုင်းပြဲသွားတာထက်အနာပိုကျက်ဖို့လွယ်တယ်လို့လည်းယုံကြည်ခဲ့ကြပါတယ်။ ကလေးမွေးပြီးနောက်ပိုင်းကြုံတွေ့ရတတ်တဲ့ ပြဿနာတွေဖြစ်တဲ့ဆီးထွက်ကျတတ်တာ၊လိင်ဆက်ဆံရင်နာကျင်တာစတဲ့ ပြဿနာတွေကိုလည်းလျော့နည်းစေတယ်လို့ကျွမ်းကျင်သူတွေကယူဆကြတဲ့အပြင်ဒီလိုညှပ်လိုက်တာဟာသဘာဝအတိုင်းစုတ်ပြဲတာထက်ကောင်းတယ်လို့လည်းလက်ခံထားကြပါတယ်။

    အမျိုးအစားတွေ

    လေ့လာချက်တချို့ရဲ့အဆိုအရ၈၅%သောအမျိုးသမီးတွေဟာမီးဖွားချိန်မှာ (နည်းနည်းပဲဖြစ်ဖြစ်) မွေးလမ်းကြောင်းစုတ်ပြဲလေ့ရှိကြပါတယ်လို့ဆိုပါတယ်။ သဘာဝအတိုင်းစုတ်ပြဲတာ (နဲ့မွေးလမ်းကြောင်းချဲ့တာ)မှာအနည်းငယ်စုတ်ပြဲတာကနေအကြီးအကျယ်စုတ်ပြဲတာဆိုပြီးအမျိုးမျိုးရှိနိုင်ပါတယ်(ဆရာဝန်တွေကတော့အဆင့်လေးဆင့်ခွဲပြီးသတ်မှတ်ပါတယ်)။ အဆိုးဆုံးအခြေအနေတွေမှာစအိုကြွက်သားတွေနဲ့စအိုနားတဝိုက်စုတ်ပြဲထိခိုက်ပြီးဝမ်းသွားတဲ့အခါ ပြဿနာတွေတက်စေပါတယ်။

    အတွေ့ရအများဆုံးမွေးလမ်းကြောင်းချဲ့တဲ့ပုံစံတွေကအလယ်ညှပ်တဲ့ပုံစံနဲ့ဘေးတစောင်းညှပ်တဲ့ပုံစံပဲဖြစ်ပါတယ်။ နှစ်မျိုးလုံးဟာသူ့ဟာနဲ့သူကောင်းကျိုးဆိုးပြစ်တွေရှိကြပါတယ်။

    အလယ်ညှပ်တဲ့ပုံစံမှာမိန်းမကိုယ်(ယောနိ)ရဲ့အောက်အလယ်တည့်တည့်ကနေစအိုနားအထိညှပ်ပါတယ်။ အမေရိကနဲ့ကနေဒါနိုင်ငံတွေမှာဒါမျိုးအညှပ်များပါတယ်။ သူ့ရဲ့ကောင်းတဲ့အချက်က ပြန်ချုပ်ရလွယ်တယ်၊အနာကျက်မြန်ပါတယ်။ ဒါ့အပြင်သိပ်လည်းမနာသလိုနောက်ပိုင်းကာလတွေမှာနာကျင်နေတာမျိုးနဲ့လိင်ဆက်ဆံတဲ့အချိန်မှာနာကျင်တာတွေလည်းအဖြစ်နည်းပါတယ်။ အလယ်ညှပ်တာဟာသွေးလည်းအထွက်နည်းပါတယ်။

    မကောင်းတဲ့အဓိကအချက်ကတော့စအိုကြွက်သားတွေပါစုတ်ပြဲထိခိုက်ဖို့ရာခိုင်နှုန်းများတာပါပဲ။ ဒီလိုဖြစ်သွားပြီဆိုရင်ဝမ်းတွေထွက်ကျတာ၊ဝမ်းမထိန်းနိုင်တာစတဲ့ ပြဿနာတွေကိုရေရှည်မှာရင်ဆိုင်ရနိုင်ပါတယ်။

    တစောင်းညှပ်ရင်လည်းမိန်းမကိုယ်ရဲ့အောက်အလယ်ကနေစပါတယ်။ ဒါပေမယ့်သူကအောက်တည့်တည့်စအိုဆီမညှပ်ဘဲတင်ပါးဖက်ကို၄၅ဒီဂရီလောက်တစောင်းလေးညှပ်ချရပါတယ်။ ဒီလိုညှပ်နည်းမျိုးကိုခုနကနှစ်နိုင်ငံမှတပါးကမ္ဘာအနှံ့ကတခြားသောနိုင်ငံတွေမှာသုံးကြပါတယ်။

    တစောင်းညှပ်ခြင်းရဲ့အဓိကကောင်းတဲ့အချက်ကစအိုကြွက်သားတွေကိုထိခိုက်နိုင်ချေအင်မတန်နည်းတာပါပဲ။ ဒါပေမယ့်မကောင်းတဲ့အချက်လေးတွေတော့ပိုများပါတယ်။

    • သွေးထွက်များမယ်။
    • ပိုနာမယ်။
    • ချုပ်ရခက်မယ်။
    • နောက်ပိုင်းပြဿနာတွေရှိမယ် (အထူးသဖြင့်လိင်ဆက်ဆံတဲ့အခါနာကျင်တာမျိုး)။

    မွေးလမ်းကြောင်းချဲ့တာနဲ့ပတ်သက်ပြီးကျွန်တော်တို့ဘာတွေသိထားလဲ။

    မကြာသေးမီကသုတေသန ပြုချက်တွေအရမွေးလမ်းကြောင်းချဲ့ခြင်းဟာအကျိုးထက်အပြစ်တွေကိုပိုဖြစ်စေတယ်လို့သိရပါတယ်။ ကူးစက်ပိုးဝင်တာအပြင်တခြားသောနောက်ဆက်တွဲ ပြဿနာတွေကို ဖြစ်စေတယ်လို့ဆိုပါတယ်။ မွေးလမ်းကြောင်းချဲ့ခြင်းဟာသဘာဝအတိုင်းစုတ်ပြဲတာထက်ပိုပြီးဒါဏ်ရာကြီးသွားတတ်တဲ့အတွက်စအိုကြွက်သားတွေကိုပါထိခိုက်စေနိုင်ပါတယ်။ ဒီလိုစအိုကြွက်သားတွေထိခိုက်ဒါဏ်ရာရသွားပြီဆိုရင် ပြန်ကောင်းဖို့အချိန်ကြာမှာ ဖြစ်သလိုနေရထိုင်ရတာလည်းအတော်လေးကသိကအောင့်ဖြစ်စေပါတယ်။

    ဒီလိုအချက်တွေရှိတာမို့မွေးလမ်းကြောင်းချဲ့တာကိုတော်တန်ရုံပြုလုပ်လေ့မရှိပေမယ့်တချို့လူနာတွေမှာတော့မွေးလမ်းကြောင်းချဲ့တာကို ပြုလုပ်ဖို့လိုကောင်းလိုပါလိမ့်မယ်။ အောက်ပါအချက်တွေရှိရင်မွေးလမ်းကြောင်းချဲ့တာကို ပြုလုပ်ပါလိမ့်မယ်။

    • မီးဖွားတဲ့အခါမိန်းမကိုယ် ပြင်းထန်စွာစုတ်ပြဲနိုင်ချေများရင်။
    • ကလေးအနေအထားမမှန်ရင်။
    • ကလေးကပုံမှန်ထက်ပိုကြီးနေရင်။
    • ကလေးကိုဗိုက်ထဲကစောစောထုတ်ဖို့လိုရင်။

    တကယ်လို့မွေးလမ်းကြောင်းချဲ့ရမယ်ဆိုရင်ဒီကိစ္စနဲ့ပတ်သက်ပြီးဆရာဝန်ကိုအသေအချာမေးမြန်းပါ။ ဘာလို့မွေးလမ်းကြောင်းချဲ့ဖို့လိုအပ်တာလဲ။ ဒီလိုချဲ့လိုက်လို့ဘာတွေပိုပြီးကောင်းသွားမလဲ၊အကျိုးရှိသွားမလဲဆိုတာတိတိကျကျသိရအောင်မေးရပါမယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 23/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement