backup og meta

ကလေးမီးဖွားတော့မှာလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးမီးဖွားတော့မှာလား

    ကိုးလကျော် ကိုယ်ဝန်ဆောင်အပြီးမှာ သင်အမျှော်လင့်ဆုံးနေ့ကတော့ ကလေးမွေးဖွားမယ့် နေ့ပဲဖြစ်ပါတယ်။

    ဒါပေမယ့် ကလေးဘယ်နေ့မှာ မွေးမယ်ဆိုတာ သေချာ မသိနိုင်ပါဘူး။ ကလေးမမွေးဖူးတဲ့ မိခင်တွေဟာ ကလေးမွေးရမယ့် နေ့ရက်နီးလာရင် ကလေးမွေးမယ့် အရိပ်အယောင်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်စိတ်ဝင်လာကြပါတယ်။

    ဘယ်တော့ ဖြစ်လာမှာလဲ။ ဘယ်လိုခံစားရမှာလဲ။ လက္ခဏာတွေက ဘာတွေလဲ။ ဒါဟာ အချိန်ကျပြီလို့ ဘယ်လိုသိမှာလဲ။ မိခင်တစ်ဦးနဲ့တစ်ဦး မတူညီတာကြောင့် ပထမ မေးခွန်းနှစ်ခုကို ဖြေဖို့ခက်ခဲပေမယ့် မိခင်မြောက်မြားစွာ ဝေမျှခဲ့ကြတဲ့ ကလေးမွေးမယ့်အရိပ်အယောင်တွေ အကြောင်းကို ဒီဆောင်းပါးမှာ ဝေမျှပေးမှာဖြစ်ပါတယ်။

    ကလေးမမွေးခင် တစ်ပတ်ကနေ လေးပတ်

    ကလေးခေါင်းဆင်းခြင်း

    ကလေးမမွေးခင် ရက်သတ္တပတ်ပေါင်းများစွာအလိုမှာ သင့်ဗိုက်ဟာ ရင်ခေါင်းဆောင့်ပြီး ပြန်ကျတာကို ခံစားမိမှာပါ။ ဒီအခြေအနေမှာ သင့်ကလေးဟာ ထွက်လာဖို့ပြင်ဆင်တဲ့အနေနဲ့ တင်ပါးဆုံအတွင်းပိုင်းကို ဆင်းလာမှာဖြစ်ပြီး မွေးတဲ့အခါ လွယ်အောင် လှုပ်ရှားမှု ပြုမှာဖြစ်ပါတယ်။

    ကလေးခေါင်းဟာ အောက်ကိုဆင်းလာပြီး နေရာယူမှာ ဖြစ်ပါတယ်။ သင့်ကလေးဟာ ဆီးအိမ်ကို ဖိတာကြောင့် ဒီအဆင့်ရောက်ရင် မတည်ငြိမ်မှုကို ခံစားရပြီး ဆီးမကြာခဏ သွားနိုင်ပါတယ်။

    သားအိမ်ခေါင်းကျယ်ခြင်း

    သင့်ကလေး သားအိမ်ကနေ ထွက်ဖို့ သားအိမ်ခေါင်းဟာ ပါးပြီး ကျယ်ဖို့ လိုအပ်ပါတယ်။ သင့်ဆရာဝန်က သားအိမ်ခေါင်းအကျယ်ကိုတိုင်းတာပြီး သင့်ကို မမွေးခင် ဘယ်နှစ်ရက်လိုသေးတယ်ဆိုတာ ခန့်မှန်းပေးမှာဖြစ်ပါတယ်။

    ဒီရက်အရေအတွက်ဟာ ခန့်မှန်းခြေသာဖြစ်ပြီး သားအိမ်ခေါင်းကျယ်နှုန်းဟာ အခြားအမျိုးသမီးတွေထက် နှေးခဲ့ရင်လည်း ဒါဟာ ပုံမှန်ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မတူတတ်ပါဘူး။

    သင်ဟာ ဗိုက်နာခြင်းတွေ၊ ခါးနာခြင်းတွေကို ပိုခံစားရနိုင်ပါတယ်။

    ခါးနာခြင်း၊ ဗိုက်နာခြင်းတွေဟာ ဒီအဆင့်မှာ ပြန်ဖြစ်လာတတ်ပါတယ်။ အထူးသဖြင့် ဒီကိုယ်ဝန်ဟာ သင့်သားဦးကိုယ်ဝန် မဟုတ်ဘူးဆိုရင်ဖြစ်ပါတယ်။ ဘာလို့လဲဆိုတာ့ ကြွက်သားတွေနဲ့ အဆစ်တွေဟာ ကလေးမွေးရန် ပြင်ဆင်ဖို့အတွက် ဆန့်ခြင်း၊ နေရာရွေ့ခြင်းတွေ ပြုလုပ်နေတာကြောင့် ဖြစ်ပါတယ်။

    ဒီလိုနေရမသက်သာခြင်းဟာ ခါးမှာ အသိသာဆုံးဖြစ်ပြီး ဗိုက်အောက်ပိုင်းမှာလည်း ခံစားရနိုင်ပါတယ်။

    ဝမ်းလျှောခြင်း

    ကိုယ်ခန္ဓါရဲ့ အခြားကြွက်သားတွေလိုပဲ ကိုယ်ဝန်ဟော်မုန်းတွေကြောင့် အစားဟောင်းအိမ်ဟာ ကျယ်သွားပါတယ်။ ဒါဟာ အူလှုပ်ရှားမှုတွေကို နှေးကွေးစေပါတယ်။ စိတ်တိုစရာကောင်းပေမယ့် ဒါဟာ ပုံမှန်ဖြစ်ပါတယ်။ ရေဓါတ်ကိုထိန်းသိမ်ပြီး ဒါဟာ ကောင်းတဲ့ လက္ခဏာဖြစ်တယ်ဆိုတာ သတိရသင့်ပါတယ်။

    သင်ဟာ ပိုမိုမောပန်းခြင်း (သို့) ပုံမှန်ထက်ပိုပြီး အားပြည့်ခြင်းတွေ ဖြစ်နိုင်ပါတယ်။

    သင့်ကလေးဟာ ထွက်လာဖို့ ကြိုးစားနေပြီ ဖြစ်တာကြောင့် အိမ်သာ မကြာခဏသွားခြင်း၊ အဆစ်၊ ကြွက်သားတွေ ရောင်ခြင်းနဲ့ မခန့်မှန်းနိုင်တဲ့ အားအင်ပမာဏတွေကို ကြုံတွေ့ရနိုင်ပါတယ်။ တစ်ခါတရံမှာ သင်ဟာ အလွန်ပင်ပန်းနေပြီး အကြာကြီးအိပ်ချင်တာ တစ်ခုသာ သိမှာပါ။

    တစ်ခါတရံမှာတော့ ဂနာမငြိမ်ဖြစ်ပြီး အိမ်တစ်ခုလုံးကို ရှင်းချင် ရှင်းနေပါလိမ့်မယ်။ အလွန်အကျွံမဟုတ်မချင်း ဒါဟာ အဆင်ပြေပါတယ်။

    သင့်မိန်းမကိုယ်က ထွက်တဲ့အရည်တွေဟာ အရောင်ရော၊ အပျစ်အကျဲပါ ကွာခြားမှု ရှိနိုင်ပါတယ်။

    တကယ်လို့ သင့်အတွင်းခံ ဘောင်းဘီအတွင်းမှာ အကျိအချွဲတွေ များပြားစွာ ပါဝင်နေတယ်ဆိုရင် မကြောက်သွားသင့်ပါဘူး။ ကလေးမွေးဖို့ နီးကပ်လာတာနဲ့ အမျှ အကျိအချွဲတွေဟာ သားအိမ်နဲ့ အပြင်ကမ္ဘာကို ပိတ်ထားရာက ပွင့်လာမှာဖြစ်ပါတယ်။ ဒီလိုအရည်ဆင်းခြင်းဟာ ကလေးမွေးတယ်မယ်လို့ ဆိုလိုတဲ့ ကောင်းတဲ့ လက္ခဏာ တစ်ခု ဖြစ်ပါတယ်။

    ကလေးမမွေးခင် နာရီပိုင်းအလို

    သားအိမ်ညှစ်ခြင်းကို ကြုံတွေ့ရမှာဖြစ်ပါတယ်။

    သားအိမ်ညှစ်ခြင်းဟာ ကလေးမွေးခြင်းရဲ့ လက္ခဏာတစ်ခုပဲဖြစ်ပါတယ်။ ဂရုစိုက်ပါ။ အချို့မိခင်တွေကဟာ ကလေးမမွေးခင် သားအိမ်ညှစ်ခြင်းကို ရက်ပေါင်း၊ အပတ်ပေါင်းများစွာ ကြိုတင် ခံစားရလေ့ရှိပါတယ်။ ဒါကို Braxton-Hicks contractions အယောင်ပြခြင်းလို့ခေါ်ပါတယ်။

    ဒီသားအိမ်ညှစ်ခြင်းဟာ ကလေးမွေးမယ့် လက္ခဏာအစစ်မဟုတ်ပါဘူး။ ကလေးမွေးခြင်းရဲ့ တကယ့် လက္ခဏာ အစစ်တွေကတော့

    • တကယ်လို့ သင်ဟာ လုပ်ရှားမယ်ဆိုရင် သားအိမ်ညှစ်ခြင်းဟာ သက်သာမှုမရှိပဲ ပိုဆိုးလာမှာ ဖြစ်ပါတယ်။
    • ပုံစံကိုပြောင်းလိုက်ရင်လည်း ဗိုက်နာတာ မသက်သာပါဘူး။
    • ဒီသားအိမ်ညှစ်ခြင်းကြောင့် နာကျင်မှုဟာ ခါးနောက်ပိုင်းမှာ စတင်ပြီး ဗိုက်အောက်ပိုင်းနဲ့ ခြေထောက်တွေအထိ ရောက်လာနိုင်ပါတယ်။
    • သားအိမ်ညှစ်ခြင်း ဆက်လက်ဖြစ်ပေါ်မှာဖြစ်ပါတယ်။ အကြိမ်ရေ ပိုစိတ်လာပြီး ဗိုက်ပိုနာလာမှာဖြစ်ကာ ပုံမှန်ဖြစ်လာမှာဖြစ်ပါတယ်။

    အစောပိုင်းအဆင့်

    လက္ခဏာများ။ ဒီအဆင့်မှာတော့ သားအိမ်ညှစ်ခြင်းဟာ ၃၀-၆၀ စက္ကန့်အထိ ကြာတတ်ပြီး မိနစ် ၂၀ ခြားတစ်ခါ ဖြစ်ရာကနေ ၅ မိနစ်ခြားအထိ ရောက်လာတတ်ပါတယ်။ သင်လှုပ်ရင် ဆက်နာနေတဲ့၊ ပိုဆိုးလာတဲ့၊ ခါးနောက်ကနေ စလာပြီး အရှေ့ကိုရောက်လာတဲ့ သားအိမ်ညှစ်မှုကို ရှာဖွေသင့်ပါတယ်။

    ဘယ်လောက်ကြာမလဲ ။ ပထမ သားဦးမွေးမယ့် မိခင်တွေအတွက် ၆-၈ နာရီကြာပြီး ကလေးမွေးဖူးသူတွေအတွက် ၂-၅ နာရီကြား ကြာနိုင်ပါတယ်။

    သက်သာအောင် ဘာလုပ်သင့်သလဲ ။ သင့်ကို အပန်းပြေစေမယ့် အရာတွေကိုလုပ်ဆောင်နိုင်ပါတယ်။ အနားယူပါ၊ အစာအနည်းငယ်စားပါ။ လမ်းလျှောက်ပါ။ အသက်ဖြည်းဖြည်း ရှူပါ။

    ကလေးမွေးတဲ့အဆင့်

    လက္ခဏာများ ။ သားအိမ်ညှစ်ခြင်းဟာ ပိုမို ဆိုးလာပြီး ၄၅-၆၀ စက္ကန့် ကြာမြင့်ကာ ၃-၅ မိနစ်ခြားတစ်ခါ ဖြစ်နိုင်ပါတယ်။ အချို့အမျိုးသမီးတွေဟာ ခါးနောက်ပိုင်း၊ တင်ပါးဆုံနဲ့ ခြေဖဝါး၊ ခြေထောက်တွေမှာ မသက်မသာဖြစ်ပြီး ဒီအချိန်မှာ အမျိုးသမီးတွေဟာ အနာသက်သာဆေးကို တောင်းဆိုတတ်ကြပါတယ်။ ဒါပေမယ့် နာကျင်မှုသက်သာသွားရင်တောင် ကလေးမွေးခြင်းဟာ အမျိုးသမီးတွေကို စိတ်ထိခိုက်စေပါတယ်။

    ဘယ်လောက်ကြာမလဲ ။ ပထမ သားဦးမွေးမယ့် မိခင်တွေအတွက် ၃-၆ နာရီကြာပြီး ကလေးမွေးဖူးသူတွေအတွက် ၁-၃ နာရီကြား ကြာနိုင်ပါတယ်။ Pitocin အစရှိတဲ့ သားအိမ်ညှစ်ခြင်း ဖြစ်စေတဲ့ ဆေးတွေသောက်ထားမယ်ဆိုရင် ဒီအဆင့်ဟာ ခဏတာသာ ကြာမြင့်နိုင်ပါတယ်။ ခါးထုံဆေးအသုံးပြုမယ်ဆိုရင်တော့ ပိုကြာမြင့်နိုင်ပါတယ်။

    သက်သာအောင် ဘာလုပ်သင့်သလဲ ။ ဒီအဆင့်မှာတော့ သင့်ကို ဆေးရုံ (သို့) ကလေးမွေးမယ့်နေရာကို ပို့ဆောင်ပေးထားပြီဖြစ်ပါတယ်။ သင်ဟာ ခါးထုံဆေးကို အသုံးပြုထားရင် အိပ်ရာပေါ်က ထနိုင်မှာ မဟုတ်ပေမယ့် ကိုယ်ခန္ဓါပုံစံကို နာရီဝက်ခြားတစ်ခါ ပြောင်းလဲသင့်ပါတယ်။ အိပ်ရာပေါ်က ထနိုင်ရင် လမ်းထလျှောက်ခြင်း၊ မိနစ်အနည်းငယ် လှေကားဆင်းခြင်းတွေ ကို ပြုလုပ်သင့်ပါတယ်။

    ဒီလိုလှုပ်ရှားမှုတွေဟာ သားအိမ်ခေါင်း ပွင့်စေပြီး ကလေးငယ်ကို မွေးဖွားမယ့် ပုံစံကို လှည့်ပေးနိုင်ပါတယ်။ ကလေးမွေးဖို့ တက်ထားတဲ့ သင်တန်းတွေမှာ သင်ရတဲ့ စိတ်အပန်းပြေစေတဲ့ နည်းလမ်းတွေကို အသုံးပြုဖို့ အချိန်ကြပြီဖြစ်ပါတယ်။ သင့်အိမ်ထောင်ဖက်ကလည်း ကူညီသင့်ပါတယ်။ ဆေးရုံက နားကြပ်၊ လက်နဲ့ ကိုင်ရတဲ့ Doppler ကိရိယာ သို့ လျှပ်စစ်ကိရိယာ နဲ့ ကလေးနှလုံးခုန်သံကို တိုင်းတာမှာ ဖြစ်ပါတယ်။

    ပြောင်းလဲတဲ့အဆင့်

    လက္ခဏာများ။ သားအိမ်ညှစ်ခြင်းဟာ ပိုမိုပြင်းထန်လာပြီး စက္ကန့် ၆၀-၉၀ အထိ ကြာမြင့်ကာ မိနစ်ဝက်ကနေ ၂ မိနစ်ကြားတစ်ခါ ဖြစ်နိုင်ပါတယ်။ တင်ပါးဆုံနဲ့ စအိုရဲ့ ဖိအားတွေကို ခံစားရနိုင်ပြီး ချမ်းတုန်ခြင်း၊ အပူဖျန်းခြင်း၊ ခြေဖျားအေးခြင်း၊ ပျို့အန်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ သင်ဟာ စိတ်ထိခိုက်နိုင်ပြီး အားမရှိသလို ခံစားရနိုင်ပါတယ်။

    ဘယ်လောက်ကြာမလဲ ။ ဒါဟာ အတိုဆုံးနဲ့ အပြင်းထန်ဆုံး အဆင့် ဖြစ်ပါတယ်။ ၁၀ မိနစ်ကနေ ၂ နာရီခန့်ကြာမြင့်နိုင်ပါတယ်။

    သက်သာအောင် ဘာလုပ်ရမလဲ ။ သင်ဟာ လုံခြုံစိတ်ချရတဲ့ နေရာမှာရောက်နေတယ်လို့ ခံစားကြည့်လိုက်ပါ။ ကမ်းခြေမှာ သစ်ပင်အောက်မှာ အနားယူနေခြင်း (သို့) သင့်ကလေးရဲ့ အခန်းထဲက လှုပ်နေတဲ့ခုံမှာ ထိုင်နေတယ်လို့ မြင်ယောင်ကြည့်လိုက်ပါ။ အသက်ဝဝရှူပြီး ဒီလိုပုံရိပ်တွေကို မြင်ကြည့်ပါ။

    သင်ဘာကို မြင်ရပါသလဲ။ ဘာအနံ့ရပါသလဲ။ ဘာကို ကြားပါသလဲ။ တကယ်လို့ သင်ခန့်မှန်းထားတာထက် ပိုနာနေမယ်ဆိုရင် နာကျင်မှု သက်သာအောင် တောင်းဆိုသင့်ပါတယ်။ ဒါပေမယ့် သင်နာကျင်မှုသက်သာတဲ့ ဆေးတွေ ရမရဆိုတာက မေ့ဆေးဆရာဝန် အားမအားဆိုတာ ပေါ် မူတည်ပါတယ်။

    ရေမြွှာပေါက်ခြင်း

    ရေမြွှာပေါက်ရင်တော့ ကလေးမွေးတော့မှာဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာလိုမဟုတ်ဘဲ ရေမြွှာပေါက်ခြင်းဟာ ကလေးမွေးတဲ့ အဆင့်တွေရဲ့ နောက်ဆုံးအဆင့်ဖြစ်ပါတယ်။ ဒါကြောင့် ကလေးမွေးခြင်းရဲ့ အစပိုင်းအဆင့်လို့ မယူဆသင့်ပါဘူး။ ဒါ့ပြင် ဒီလိုဖြစ်ခြင်းဟာ ကလေးမွေးခြင်းရဲ့ ၁၅ ရာခိုင်နှုန်းလောက်မှာပဲ ဖြစ်နိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement