backup og meta

ကိုယ်ဝန်ဆောင်နဲ့ ဗိုက်ကြောပြတ် ရာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 10/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်နဲ့ ဗိုက်ကြောပြတ် ရာများ

    ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ အရင်တုန်းကနဲ့ မတူတော့ဘဲ ခန္ဓာကိုယ်ရဲ့ အတွင်းရော အပြင်မှာပါ ပြောင်းလဲမှုတွေ ဖြစ်လာပါတယ်။ ဒီထဲမှာ ဗိုက်ကြောပြတ် တာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဗိုက်ကြောပြတ် တာက ဘာဖြစ်လဲဆိုတော့ ဘာမှတော့ မဖြစ်ပါဘူး။ အမေရော ကလေးအတွက်ပါ အန္တရာယ်မရှိပါဘူး။ ဒါပေမယ့် အကြည့်ရ ဆိုးတယ်လေ။

    ကိုယ်ဝန်ရှိတုန်းကလည်း ဗိုက်မှာ အကြောပြတ်ရာတွေ ထောင်ထောင်နဲ့၊ မွေးပြီးတော့လည်း ဗိုက်က လေရှုံ့ထားတဲ့ ဘောလုံးလို ကျုံ့သွားတဲ့ အပြင် အကြောပြတ်ရာတွေ ကလည်း အကြောင်းလိုက်ကျန်နေတော့ ရုပ်ဆိုးတာပေါ့။ မွေးခါစဆိုရင်တော့ ပြဿနာမရှိပေမယ့် ကြာလာတဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုမဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ။ အကြောပြတ်ရာတွေ ဘာလို့ ပေါ်လာလဲဆိုတာ ဆက်ကြည့်ရအောင်။

    ဘာကြောင့် ကိုယ်ဝန်ဆောင်တွေ ဗိုက်ကြောပြတ် ရတာလဲ။

    အကြောပြတ်ရာ ဆိုတာက အရေပြားအောက်လွှာက ပြဲသွားတာကြောင့် ဖြစ်လာတဲ့ အမာရွတ်လေးတွေပါ။ ဘာနဲ့တူလဲဆိုတော့ သားရေပင်တွေလိုပါပဲ။ ဆွဲအားကို အတိုင်းအတာတစ်ခုထိပဲ ခံနိုင်တာပါ။ ကျော်သွားရင် ပြတ်ထွက်သွားပါတယ်။ဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့

    • ကိုယ်ဝန်ဆောင်ချိန်မှာ ရုတ်တရက် ကိုယ်အလေးချိန်တက်လာပြီး ဗိုက်လည်း ပူလာတာကြောင့် ဗိုက်ကြောပြတ်လာတာပါ။ ဒီလိုဆိုလို့ အစားလျှော့ပြီး ဝိတ်ချဖို့ မစဥ်းစားပါနဲ့။ ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရဓာတ်လိုအပ်တာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်ပြီး မျှတအောင် စားပါ။
    • တချို့ကျတော့လည်း မျိုးရိုးလိုက်တတ်တယ်လို့ ပြောကြပါတယ်။ ဆိုလိုတာက သင့်အမေကိုယ်ဝန်ဆောင်တုန်းက ဗိုက်ကြောပြတ်ဖူးရင် သင်ကိုယ်ဝန်ဆောင်ရင်လည်း ဗိုက်ကြောပြတ်နိုင်ချေ ရှိပါတယ်။
    • နောက်ပြီး အသားဖြူတဲ့သူတွေက ပိုဖြစ်နိုင်ပါတယ်။ အသားရောင်ရင့်တဲ့သူတွေက ဗိုက်ကြောပြတ်ခဲပါတယ်။ ပြတ်ခဲ့ရင်တောင် အသားရောင်နဲ့ ရောနေလို့ မသိသာပါဘူး။
    • ကိုယ်ဝန်ဆောင်တွေမှာ ဟော်မုန်းအပြောင်းအလဲ ဖြစ်တာ၊ ရေဓာတ်ခမ်းခြောက်တာတွေကြောင့်လည်း ဗိုက်ကြောပြတ်တယ်လို့ ဆိုကြပါတယ်။

    ဘယ်အချိန်မှာ ဗိုက်ကြောစပြတ်သလဲ။

    ကိုယ်ဝန်ပတ် ၁၃ပတ်ကနေ ၂၁ပတ်ကြားလောက်ဆိုရင် ဗိုက်ကြောတွေ စပြတ်လာပါပြီ။ ဗိုက်ကြောပြတ်တာနဲ့ ပတ်သတ်လို့ စိတ်ဓာတ်မကျပါနဲ့။ ကိုယ်ဝန်ဆောင်တွေရဲ့ ၉၀ ရာခိုင်နှုန်းက ဗိုက်ကြောပြတ် တတ်ပါတယ်။ဒါကို ခုနောက်ပိုင်းမှာ ” ကိုယ်ဝန်ဆောင်အလှတရား ”  လို့ လက်ခံလာကြပါပြီ။ ဗိုက်ကြောပြတ်လို့ ပြောပေမယ့် ဗိုက်အပြင် တင်ပါး၊ ပေါင်၊ လက်မောင်းရင်းနဲ့ ရင်သားတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ဗိုက်ကြောပြတ်တဲ့ အရောင်တွေကတော့ အသားအရောင်ပေါ် မူတည်ပြီး ပန်းရောင်၊ အနီရောင်၊ အဝါရောင် တစ်ခါတစ်လေ ခရမ်းရောင်ကနေ အညိုရောင် အထိဖြစ်နိုင်ပါတယ်။

    ဗိုက်ကြောပြတ် ရာတွေ ပျောက်အောင် ဘယ်လိုလုပ်ကြမလဲ။

    ကိုယ်ဝန်ဆောင်ချိန်မှ ဗိုက်ကြောပြတ်ရာတွေ ပေါ်လာပြီ ဆိုတာနဲ့ အောက်က နည်းလမ်းတွေ သုံးလို့ ရပါပြီ။ ကိုယ်ဝန်ဆောင်တွေ သုံးမှာ ဖြစ်တဲ့ အတွက် လွယ်ကူတဲ့နည်းလမ်းတွေကိုပဲ ပြောပြပေးပါ့မယ်။

    အရေပြား ပြဿနာဆိုတာနဲ့ ရှားစောင်းလက်ပပ်က မပါမဖြစ်ပါပဲ။ ရှားစောင်းလက်ပပ် အနှစ်ကို ယူပြီး အကြောပြတ်တဲ့ နေရာကို လိမ်းပြီး အသာအယာ နှိပ်နယ်ပေးပါ။ မိနစ် ၂၀လောက်နေရင် ရေနွေးနွေးနဲ့ ဆေးချပါ။ ဒါကို နေ့တိုင်းနီးပါး လုပ်ပေးနိုင်ရင် တဖြည်းဖြည်း မှိန်သွားမှာပါ။

  • ကိုကိုးလ်ထောပတ် ( cocoa butter )
  • ကိုကိုးလ်ထောပတ်က အကြောပြတ်ရာတွေ အတွက်တော့ ဆရာပါပဲ။ ကိုယ်ဝန်ဆောင်ချိန်မှာရော ကလေးမွေးပြီးရင်ရော သေချာလိမ်းပေးမယ်ဆိုရင် အကြောပြတ်ရာတွေ ပါးသွားတာကို တွေ့ရမှာပါ။ ညအိပ်ခါနီးရင် လိမ်းအိပ်ပြီး မနက်ထိထားလိုက်တာက ပိုပြီး ထိရောက်ပါတယ်။

    • သံပုရာသီးနဲ့ သခွားသီး

    သံပုရာသီးရဲ့ အက်စစ်ဓာတ်က အမာရွတ်တွေကို မှေးမှိန်စေတဲ့ သတ္တိရှိပါတယ်။ သခွားသီး ကတော့ အရေပြားကို အေးမြစေပါတယ်။  ဒါကြောင့် သံပုရာရည်နဲ့ သခွားသီးအရည်ကို ဆတူရောပြီး အကြောပြတ်တဲ့ နေရာကို လိမ်းပေးပါ။ ၁၀မိနစ်လောက်နေရင် ရေနွေးနွေးလေးနဲ့ ဆေးချပါ။

    • ဗာဒံစေ့နဲ့ အုန်းဆီ

    ဗာဒံစေ့ရဲ့ အဆီဖြစ်ဖြစ်၊ အမှုန့်ဖြစ်ဖြစ်ကို အုန်းဆီနဲ့ ဆတူရောလိုက်ပါ။ အကြောပြတ်တဲ့ နေရာကို စိမ့်ဝင်အောင် လိမ်းပြီး ခဏကြာရင် ရေဆေးချပါ။ သဘာဝပစ္စည်းတွေ ဖြစ်လို့ ဘေးထွက်ဆိုးကျိုးလည်း မရှိပါဘူး။

  • ကြက်ဆူဆီ
  • ကြက်ဆူဆီက အကြောပြတ်ကို သက်သာစေတဲ့အပြင် အရေပြားကို အားဖြည့်ပြီး အစိုဓာတ်ကို ထိန်းပေးပါတယ်။ အရေပြားကို နူးညံ့စေပြီး ရေရှည်လိမ်းမယ်ဆိုရင် မှိန်သွားမှာပါ။

    အပေါ်မှာ ပြောထားတဲ့ နည်းလမ်းတွေက သဘာဝနည်းလမ်းတွေပဲ မို့လို့ ကိုယ်ဝန်ဆောင်တွေ စိတ်ချ လက်ချ သုံးလို့ရပါတယ်။ ဘယ်နည်းလမ်းပဲ ဖြစ်ဖြစ် ရေရှည်လိမ်းမယ်ဆိုရင် သိသာတဲ့ ရလဒ်ရမှာပါ။

    အကြောပြတ်ရာကို ဘယ်လို ကာကွယ်ကြမလဲ။

    စိတ်မကောင်းတာက အကြောပြတ်ရာကို ကာကွယ်လို့ မရပါဘူး။ နည်းလမ်းပေါင်းစုံ ပြောနေကြပေမယ့် လက်ရှိမှာတော့ သိပ္ပံနည်းကျအတည်ပြုထားတဲ့ နည်းမရှိသေးပါဘူးတဲ့။ ဒါပေမယ့် ဖြစ်လာရင်တော့ အပေါ်က နည်းလမ်း အတိုင်း သက်သာအောင် လုပ်လို့ရပါတယ်။

    ဗိုက်ကြောပြတ် တာတွေက ဘယ်အချိန်လောက်ဆို ပျောက်မှာလဲ။

    အချိန်တော့ ယူရမှာပါ။ ဗိုက်ကြောပြတ်ရာတွေက လုံးဝပျောက်သွားတာမျိုး မဟုတ်ပါဘူး၊၊ မှိန်ပြီး မသိသာတာပဲ ရှိပါတယ်၊၊

    ကံကောင်းတာက ကလေးမွေးပြီးသွားရင် အကြောပြတ်ရာတွေက အထိုက်အလျောက်တော့ မှိန်သွားပါတယ်။ အသားနဲ့ ရောသွားလို့ သိပ်မသိသာတော့ပါဘူး။ အပေါ်က နည်းလမ်းတွေပါ လိုက်လုပ်ရင်တော့ ပိုပြီး မှိန်သွားနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 10/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement