backup og meta

ကလေးမွေး တဲ့အခါ ဗိုက်သိပ်မနာမယ့် နည်းလမ်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 21/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးမွေး တဲ့အခါ ဗိုက်သိပ်မနာမယ့် နည်းလမ်းများ

    ကလေးမွေး တဲ့ မေမေတိုင်းက လရင့်လာလေလေ မွေးရမှာ ကြောက်လေပါပဲ။ လူကြီးတွေက ဗိုက်ကြီးသည်တွေက တစ်နေ့ ၃ခါ သင်္ချိုင်းမျက်စောင်းထိုးရတယ်လို့ ပြောကြတာကိုး။ မွေးနေရင်းနဲ့ သွေးတွေများကြီး ထွက်နေမလား။ ကလေးများ ထွက်မလာဘဲ အထဲမှာ အကြာကြီး တစ်နေမလား။ မွေးရင်းတန်းလန်း သတိများ လစ်သွားမလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။

    ဒီကြားထဲမှာ ထူးထူးဆန်းဆန်း ဆရာမရယ် ကလေးတော့ မွေးချင်ပါတယ်။ ဗိုက်တော့မနာချင်ပါဘူးဆိုတဲ့ မေမေတွေလည်း တွေ့ဖူးသား။ ဒါလည်း ဟုတ်တာပဲ။ ကလေးမွေးတဲ့အချိန် ဗိုက်နာတာက ဘာနဲ့မှ ပြောပြလို့မရဘူးတဲ့။ ခန္ဓာကိုယ်က အရိုးတွေ ချိုးခံရသလို နာတာပါတဲ့။ ဒီတော့ မေမေလောင်းလျာလေးတွေလည်း ကြောက်တော့မှာပေါ့။ ခု ကလေးမွေးတဲ့အချိန်မှာ အနာသက်သာအောင် ဘာတွေ လုပ်လို့ ရလဲဆိုတာ ပြောပြပေးမယ်နော်။

    ကလေးမွေး ချိန် အနာသက်သာစေမယ့် နည်းလမ်းများ

    ကလေးမွေးတဲ့အချိန်မှာ ဗိုက်နာသက်သာချင်တယ်ဆိုရင် ကိုယ်ဝန်ဆောင်ကတည်းက ကြိုပြီး ပြင်ဆင်ထားရမှာပါ။ မွေးတဲ့အချိန်မှာလည်း နာတာသက်သာအောင် လုပ်ပေးနိုင်တဲ့ နည်းလမ်းတွေကို လိုက်နာရမှာပါ။

    ကိုယ်ဝန်ဆောင်ချိန်မှာ

    ခုခေတ်က တိုးတက်လာတော့ ကိုယ်ဝန်ဆောင်တွေအတွက် လေ့ကျင့်ခန်း လုပ်လို့ရတဲ့ သင်တန်းတွေ ပေါ်လာပါပြီ။ ကိုယ်ဝန်အနေအထားပေါ်မူတည်ပြီး ကိုယ်နဲ့သင့်တော်တဲ့ လေ့ကျင့်ခန်းတွေ လုပ်လို့ရနေပါပြီ။ နောက်ပြီး ယောဂလည်း လေ့ကျင့်လို့ရပါတယ်။ အရင်က ယောဂ မလုပ်ဖူးရင်တောင် ကိုယ်ဝန်ဆောင်ချိန်မှာ ယောဂလုပ်ဖို့ အကြံပေးချင်ပါတယ်။ ကိုယ်နိုင်သလောက် ပုံမှန်လုပ်သွားပေးရင် တကယ်မွေးခါနီး ဖွားခါနီးအချိန်မှာ အကြောတွေ ပြေလျော့နေမှာပါ။ ဒါက အနာသက်သာစေသလို မွေးဖွားရလည်း လွယ်စေပါတယ်။ မွေးတဲ့အချိန်မှာလည်း လျောလျောရှူရှူနဲ့ မွေးရဖွားရ လွယ်စေပါတယ်။

    နောက်ထပ်နည်းလမ်းတွေကတော့ ရေကြက်သီးနွေးနဲ့ မကြာခဏ ရေချိုးပေးတာ၊ နှိပ်နယ်ပေးတာ စတာတွေကလည်း အကြောတွေ ပြေလျော့စေပြီး အနာသက်သာစေပါတယ်။ ပြီးတော့ လမ်းလျှောက်တာ၊ တရားထိုင်တာတွေလည်း လုပ်ထားပေးပါ။ စာအုပ်တွေ၊ အင်တာနက်ကနေ တခြားမိခင်တွေရဲ့ အတွေ့အကြုံတွေ၊ အနာသက်သာအောင် ဘယ်လိုလုပ်ခဲ့လဲဆိုတာတွေကို ကြိုလေ့လာထားပါ။ ဒါမှ ကလေးမွေးဖို့ အဆင်သင့်ပြင်ပြီးသား ဖြစ်မှာပါ။

    ကလေးမွေး ချိန်မှာ

    တကယ်တမ်း မွေးမယ်ဟေ့ဆိုရင် မိခင်က အနည်းနဲ့ အများတော့ ကြောက်နေမှာပါ။ မွေးခါနီးရင် ရေမြွာတွေ ပေါက်မယ်။ သားအိမ်ညှစ်မယ်။ သားအိမ်ညှစ်တိုင်း ဗိုက်က လုံးလုံးတက်လာပြီး နာမယ်။ ဗိုက်နဲ့ ခါးနဲ့ ညှပ်နာမယ်။ ဆီးစပ်တွေ ကိုက်မယ် စသဖြင့် တစ်ကိုယ်လုံး အထူးသဖြင့် အောက်ပိုင်း တစ်ပိုင်းလုံး ကိုက်ခဲနာကျင်နေမှာပါ။ စစချင်းမှာတော့ ခပ်ကျဲကျဲနားပြီး နောက်ပိုင်း မွေးခါနီးလေလေ ပိုပိုစိပ်ပြီး နာလာမှာပါ။ ခုဗိုက်နာ ခုမွေး မဟုတ်တော့ မေမေတွေက နာရီပိုင်းလောက် ဒုက္ခခံရမှာပါ။ ဒါပေမယ့် ဒီဝေဒနာတွေကို နာရီပိုင်းမပြောနဲ့။ မိနစ်ပိုင်းလောက်ဆိုရင်တောင် တော်တော်ခံနေရပါပြီ။

    ပြီးတော့ ကလေးကလည်း ညှစ်ချင်။ ဒါပေမယ့် သားအိမ်က မပွင့်သေးတော့ ဒီချိန်ညှစ်လည်း အလကားပဲ။ အားကုန်ရုံပဲမို့လို့ မညှစ်နဲ့လို့ ဆရာဝန်တွေကတား။ ဗိုက်ကလည်းနာ၊ ညှစ်ကလည်း ညှစ်ချင်၊ ကလေးကလည်း မထွက်သေးတဲ့ မေမေတို့အတွက် စိတ်ရှုပ်စရာပါပဲ။ ဒါကြောင့် မေမေတွေ အနာသက်သာဖို့ အောက်က နည်းလမ်းတွေ လိုက်လုပ်ကြည့်ရအောင်။

    ကလေးမွေးတဲ့အခါ ဗိုက်သိပ်မနာမယ့် နည်းလမ်းများ

    • သင့်တော်တဲ့ ပတ်ဝန်းကျင်ကို ရှာပါ။

    သင့်တော်တဲ့ ပတ်ဝန်းကျင်ဆိုတာ မေမေ လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရတဲ့ နေရာကိုပြောတာပါ။ မွေးခါနီးမို့လို့ အိပ်ရာပေါ်မှာပဲ လှဲနေရမယ်လို့ မဟုတ်ပါဘူး။ မေမေအနေနဲ့ မလှဲချင်ရင် လမ်းထလျှောက်မယ်။ ထိုင်မယ်။ မတ်တပ်ရပ်မယ်။ ဆောင့်ကြောင့်ထိုင်မယ်။ နံရံကို မှီထားမယ် စသဖြင့် သူသက်သာတဲ့ အနေအထားမှာ နေလို့ရတဲ့ ပတ်ဝန်းကျင်ပေါ့။ ဒီလို အနေအထား ပြောင်းတာက အနာ သက်သာစေတာမို့လို့ မေမေတွေ လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရတဲ့ နေရဖြစ်ဖို့ လိုတယ်လို့ ပြောတာပါ။

    • ဆရာဝန်တွေနဲ့ အနီးကပ်ရှိပါစေ။

    မွေးခါနီးအချိန်မှာ နာတာအပြင် တခြား ပြဿနာတွေလည်း ရှိနိုင်တဲ့အတွက် ဆရာဝန်၊ သူနာပြုတွေနဲ့ အနီးအနားမှာ ရှိပါစေ။ သူတို့က အတွေ့အကြုံရှိပြီးသားတွေမို့လို့ ဘယ်လိုနေ ဘယ်လိုထိုင်ဆိုပြီး အကြံပေးပါလိမ့်မယ်။

    •  ခံစားချက်တွေ ဖွင့်ထုတ်ပါ။

    မွေးခန်းထဲကို ရောက်ဖူးကြလား မသိ။ မွေးခန်းထဲမှာ အရှက်ကုန်ဆိုတာ တကယ်ပါ။ မွေးခန်းထဲမှာ နာလို့ ဘယ်သူ ဘယ်ဝါရယ် ကယ်ပါဦးလို့ အော်တဲ့ အမေတွေရော၊ ခုမှ ယောကျာ်းကြောင့်ဆိုပြီး မေတ္တာထပို့တဲ့ အမေတွေရော၊ ဆရာရေ ကယ်ပါဦးဆိုတာတွေရော စုံလို့ပါပဲ။ ပြောမယ့်သာ ပြောတာ ဒီလို ခံစားရတာတွေကို အော်ထုတ်လိုက်တာက အနည်းနဲ့ အများတော့ အနာသက်သာ ပါတယ်တဲ့။

    ဒါပေမယ့် တချို့မေမေတွေကတော့ ဒီလို အော်ရမှာ ရှက်မှာပါပဲ။ မအော်ချင်ရင် ကိုယ်နဲ့အတူပါလာတဲ့ အမျိုးသား၊ အမေကို ကိုယ်ဘယ်လောက်နာတဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ်။

    ဒါအရေးကြီးပါတယ်။ အနာသက်သာစေသလို မွေးချိန်မှာ သိပ်မပင်ပန်းအောင် လုပ်ပေးနိုင်ပါတယ်။ သားအိမ်ညှစ်လို့ ဗိုက်ကြီး လုံးတက်လာတာနဲ့ အသက်ကို မျှင်းပြီး ဆွဲရှူပါ။ ရှည်ရှည်ရှူပြီး နှာခေါင်းနဲ့ ပါးစပ်ကနေ လေကို ဖြည်းဖြည်းချင်း ပြန်ထုပ်ပါ။ ဒီနည်းက အသက်ရှူတဲ့နေရာမှာ စိတ်ရောက်နေတဲ့အတွက် နာတာကို သိပ်သတိမထားမိတော့ပါဘူး။

    • အာရုံပြောင်းပါ။

    နာနေတဲ့အချိန်မှာ အာရုံပြောင်းတဲ့အနေနဲ့ ကိုယ်နှစ်သက်တဲ့ပုံလေးတွေ ကြည့်တာ၊ သီချင်းလေးတွေ နားထောင်တာမျိုး လုပ်လို့ရပါတယ်။ ပြီးတော့ ဘေးနားက မိသားစုဝင်တွေရဲ့ အားပေးစကားသံကို နားထောင်တာကလည်း နာတာကို အာရုံသိပ်မရောက်တော့ဘဲ အနာသက်သာသွားပါတယ်။

    • ရေနွေးနွေးနဲ့ ရေချိုးပါ။

    သားအိမ်ကောင်းကောင်းမပွင့်သေးဘူး။ မွေးဖို့ လိုသေးတယ်ဆိုရင် ရေနွေးနွေးလေးနဲ့ ရေချိုးပေးနိုင်ပါတယ်။ အကြောတွေ ပြေလျော့လို့ အနာသက်သာစေတဲ့အပြင် စိတ်လည်း ကြည်စေပါတယ်။ ဒါကြောင့် တချို့နိုင်ငံတွေမှာ water birth လို့ ခေါ်တဲ့ နည်းလမ်းနဲ့ မမွေးခင်မှာ လေထိုးကန်ထဲကို ရေနွေးလေးထည့်ပြီး စိမ်လေ့ရှိပါတယ်။

    • လှုပ်လှုပ်ရှားရှားနေပါ။

    ခုနကပြောသလိုပဲ အိပ်ရာထဲမှာပဲ လှဲနေစရာမလိုပါဘူး။ ကိုယ်သက်သာတဲ့ အနေအထားနဲ့ နေလို့ရပါတယ်။ လမ်းလျှောက်တာ၊ ထိုင်လိုက် ထလိုက်လုပ်တာ စသဖြင့်သက်သာသလို နေပါ။

    • ရေနွေးအိတ်လေး ကပ်ပေးပါ။

    ရေမချိုးချင်ဘူး။ တစ်ခုခုဖြစ်မှာ ကြောက်တယ်ဆိုရင် ရေနွေးအိတ်လေးနဲ့ နာတဲ့နေရာ (ဆီးစပ်၊ ဝမ်းဗိုက်၊ ခါး)ကို ရေနွေးအိတ်လေး ကပ်ပေးပါ။

    • ပွတ်သပ်နှိပ်နယ်ပါ။

    ခန္ဓာကိုယ်မှာ နာတာကို လက်ခံတဲ့ အာရုံကြောရှိတယ်။ ထိတာကို သိတဲ့ အာရုံကြောရှိတယ်။ အထိအတွေ့အာရုံကြောက နာကျင်တဲ့အာရုံကြောကို မသိအောင် တားနိုင်ပါတယ်။ ဒါကြောင့် တစ်ခုခုနဲ့ တိုက်မိလို့ နာသွားရင်  ပွတ်လိုက်တာနဲ့ သက်သာသွားတာပေါ့။

    ခုလည်း ဒီလိုပါပဲ။ နာတဲ့နေရာကို ပွတ်သပ်တာ၊ ညင်ညင်သာသာ နှိပ်နယ်ပေးရင် နာတာ သက်သာသွားပါတယ်။

    ကလေးမွေး ချိန်မှာ အနာသက်သာစေဖို့

    ဒါတွေက ကလေးမမွေးခင်မှာ ဗိုက်နာတာကို သက်သာစေနိုင်တဲ့ သဘာဝနည်းလမ်းတွေပါ။ တစ်ခါတစ်လေ မွေးတဲ့အချိန် မနာအောင်လို့ ဆေးပေးတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် အပေါ်ကနည်းလမ်းတွေရော ဆေးတွေရော လုံးဝမနာအောင် မတတ်နိုင်ပါဘူး။
    သက်သာအောင်ပဲ လုပ်နိုင်တာပါ။ သဘာဝအရလည်း နာမှ အမေက ညှစ်ဖို့ တွန်းအားတစ်ခုဖြစ်ပြီး ကလေးကောင်းကောင်းမွေးနိုင်မှာပါ။ ဘာပဲဖြစ်ဖြစ် ဒီနည်းလမ်းတွေက ကလေးမမွေးခင် အချိန်ပိုင်းလေးမှာ နာတာနည်းနည်းသက်သာအောင်တော့ ကူညီပေးနိုင်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 21/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement