backup og meta

ကလေးကိုဗိုက်ခွဲမွေး ဖို့ချည်း စဉ်းစားနေမယ်ဆို ဒါတွေသိထားသင့်တယ်နော်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 31/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးကိုဗိုက်ခွဲမွေး ဖို့ချည်း စဉ်းစားနေမယ်ဆို ဒါတွေသိထားသင့်တယ်နော်

    မိန်းကလေးတွေအနေနဲ့ ဗိုက်ခွဲကလေးမွေးတာကို ထပ်ခါထပ်ခါရွေးချယ်ဖို့ သင့်တော်ရဲ့လား။ ၂ ကြိမ်၊ ၃ ကြိမ်လောက် ကလေးကိုဗိုက်ခွဲမွေး ပြီးရင် ဘာတွေဖြစ်လာနိုင်လဲ။ ဘာတွေဂရုစိုက်ဖို့လိုအပ်သလဲ စတဲ့သိသင့်တဲ့အချက်လေးတွေကို ဖြေကြားပေးသွားပါ့မယ်။

    ကလေးမွေးမယ်ဆို မိန်းမကိုယ်ကနေ ရိုးရိုးမွေးဖွားခြင်း (Normal Labour) နဲ့ ဗိုက်ခွဲကလေးမွေးဖွားခြင်း (C-section) ဆိုပြီး ရွေးချယ်စရာနည်းလမ်း (၂) မျိုးပဲရှိပါတယ်။ တစ်ခုချင်းစီမှာ သူ့အားသာချက်၊ အားနည်းချက် ကိုယ်စီရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ တစ်ကြိမ်ဗိုက်ခွဲမွေးခဲ့ဖူးပြီး နောက်ကိုယ်ဝန်တွေမှာလည်း ဗိုက်ခွဲမွေးဖို့စဉ်းစားထားတဲ့ မိခင်လောင်းတွေ အမေးများတဲ့မေးခွန်းလေးတွေကို ပြောပြချင်ပါတယ်။

    ခဏခဏ ကလေးကိုဗိုက်ခွဲမွေး တာသင့်တော်ရဲ့လား

    အခုချိန်ထိ မိန်းကလေးတစ်ယောက်ဟာ အကြိမ်ရေ ဘယ်လောက်ပဲ ဗိုက်ခွဲမွေးသင့်တယ်ဆိုပြီး အကြံပြုထားတာမျိုးမရှိသေး ပါဘူး။ ဒါပေမဲ့ ဗိုက်ခွဲမွေးတဲ့အကြိမ်ရေများလာလေ မိခင်နဲ့ ကလေးအတွက် ပိုပြီး အန္တရာယ်များလာလေ ဆိုတာတော့ သေချာပါတယ်။

    ဥပမာ (၂) ကြိမ်ဗိုက်ခွဲမွေးဖူးတဲ့သူထက် (၄) ကြိမ်မြောက် ဗိုက်ခွဲမွေးဖွားတဲ့သူမှာ အချင်းပြဿနာပေါ်တာ၊ သားအိမ်ထိခိုက်မိတာ၊ အမာရွတ်ဖြစ်တာတွေ ပိုဖြစ်နိုင်တာကိုတွေ့ရပါတယ်။

    ကလေးကိုဗိုက်ခွဲမွေး တာအကြိမ်ရေများလာရင် ဘယ်လိုပြဿနာတွေကြုံရနိုင်လဲ

    ကလေးကိုဗိုက်ခွဲမွေး တယ်ဆိုတာ လွယ်ကူတဲ့ ခွဲစိတ်မှုတစ်ခု မဟုတ်ပါဘူး။ ခွဲစိတ်တုန်းတစ်ခုခုလွဲချော်ခဲ့ရင် မိခင်ရော ကလေးပါ အသက်ဆုံးရှုံးနိုင်ပါတယ်။ သတိကြီးကြီးထားရတဲ့ ဒီလိုခွဲစိတ်မှုမျိုးကို ထပ်ခါထပ်ခါပြုလုပ်ရရင် ဘယ်လောက်အန္တရာယ်များမလဲဆိုတာ တွေးကြည့်နိုင်ပါတယ်။

    ခွဲစိတ်မှုလုပ်ချိန်မှာ သွေးထွက်များခြင်း၊ ပိုးဝင်ခြင်း၊ ဆီးလမ်းကြောင်းစနစ် မတော်တဆထိခိုက်သွားခြင်းလို ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ဗိုက်ခွဲမွေးတဲ့ အကြိမ်ရေများလာလေ အချင်းကွာခြင်း၊ မွေးလမ်းကြောင်း အချင်းပိတ်ခြင်း၊ အချင်းကပ်ခြင်းတွေ ပိုကြုံရနိုင်ပြီး ဒီပြဿနာတွေက ကလေးစောမွေးခြင်း၊ သွေးအလွန်အကျွံထွက်ခြင်း၊ သားအိမ်ထုတ်ပစ်ရခြင်းလို အခြေအနေတွေအထိ ဆိုးရွားသွားနိုင်ပါတယ်။

    နောက်ပြီး ပထမခွဲစိတ်မှုက ကျန်ခဲ့တဲ့အမာရွတ်တွေကြောင့် နောက်ပိုင်း ခွဲစိတ်မှုကို ပိုခက်ခဲစေပါတယ်။

    နောက်ပိုင်းကိုယ်ဝန်တွေမှာလည်း ဗိုက်ခွဲမွေးဖို့ပဲ စိတ်ကူးထားရင် ဘယ်လိုလုပ်ရမလဲ

    အကောင်းဆုံးနည်းလမ်းကတော့ ကိုယ်ကခွဲမွေးဖို့ပဲ ရွေးချယ်ထားကြောင်း ဗိုက်အပ်ချိန်တည်းက ဆရာဝန်ကို ပွင့်ပွင့်လင်းလင်းပြောဆိုတိုင်ပင်ကြည့်ပါ။ ဒီတော့မှ ဆရာဝန်က လူနာအခြေအနေနဲ့ ကိုယ်ဝန်အနေအထားကို သေချာစမ်းသပ်ကြည့်ရှုပြီး ဗိုက်ခွဲမွေးဖို့ အဆင်ပြေနိုင်/ မပြေနိုင် အကြံပေးနိုင်မှာဖြစ်ပါတယ်။ သေချာကြိုတင် စီစဉ်ထားနိုင်လေ မိခင်နဲ့ ကလေးအတွက် ပိုဘေးကင်းလေပါပဲ။

    တစ်ကြိမ်ဗိုက်ခွဲမွေးပြီးရင် နောက်ကိုယ်ဝန်တွေကို ရိုးရိုးမွေးလို့ရသလား

    ယေဘူယျအားဖြင့်တော့ ရပါတယ်။ ရိုးရိုးမွေးဖွားမှုက ခွဲစိတ်မှုရဲ့ ဘေးထွက်အန္တရာယ်တွေ မခံစားရတဲ့အတွက် မိခင်လည်း မြန်မြန်ပြန်သက်သာလာနိုင်ပါတယ်။ ဒါပေမယ့် ရှေ့ကိုယ်ဝန်မှာ ကလေးကိုခွဲမွေး ခဲ့တုန်းက ချုပ်ရိုးအနေအထား၊ ခုကိုယ်ဝန်အနေအထား စတဲ့ အချက်တွေကိုလည်း ထည့်သွင်းရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရှေ့အခေါက်က ခွဲမွေးပြီး ခုရိုးရိုးမွေးမယ်ဆို ဆရာဝန်နဲ့ ကြိုတင်တိုင်ပင်ထားပါ။

    အဲ့ဒါဆို ဘယ်နည်းနဲ့ မွေးရင် အကောင်းဆုံးဖြစ်မလဲ

    ဒါကတော့ မိခင်ဖြစ်သူရဲ့ ကျန်းမာရေး၊ ရွေးချယ်မှုနဲ့ ယူမယ့် ကလေးအရေအတွက်တွေပေါ်လည်း မူတည်ပါတယ်။ ကလေး (၁) ယောက်၊ (၂) ယောက်ပဲမွေးမယ်စိတ်ကူးထားရင်တော့ ရိုးရိုးပဲမွေးမွေး၊ ခွဲစိတ်ပဲမွေးမွေး အဆင်ပြေပါတယ်။

    ကလေး (၃) နဲ့အထက် ယူဖို့စဉ်းစားထားတယ်ဆိုရင် ရိုးရိုးမွေးဖွားနည်းကို ရွေးချယ်တာ ပိုသင့်တော်ပါတယ်။ ဒါပေမဲ့ ကိုယ်က ရိုးရိုးမွေးဖို့ ကြောက်တယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကြည့်ပါ။ ဘယ်လိုနည်းနဲ့ပဲမွေးမွေး ကိုယ်ဝန်ကို သေချာဂရုစိုက်နိုင်လေ မိခင်နဲ့ ကလေးအတွက် အန္တရာယ်ကင်းလေဆိုတာ မမေ့ပါနဲ့။

    ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ခွဲစိတ်မွေးဖွားဖို့ အစကတည်းက ကြိုတင်စီစဉ်ထားနိုင်ရင် မိခင်ရော ကလေးရောအတွက် ပိုအန္တရာယ်ကင်းပါတယ်။ မိခင်မှာ နဂိုကတည်းက နှလုံးရောဂါလို နာတာရှည်ရောဂါတစ်ခုခု ရှိနေမယ်ဆို family planning ဘယ်လိုလုပ်မလဲ သေချာစဉ်းစားပါ။ ကလေးမွေးခြင်းက နှလုံးအတွက် ပိုဒဏ်ဖြစ်စေတဲ့အတွက် လက်ထပ်ချိန်တည်းက ကျန်းမာရေးစစ်ဆေးမှု သေချာလုပ်ပါ၊ ကလေးယူမယူနဲ့ ယူမယ်ဆိုလည်း ဘယ်လိုမွေးဖွားမလဲဆိုတာတွေကို ပါ အသေးစိတ်စီစဉ်ဖို့လိုအပ်ပါတယ်။

    ဗိုက်ခွဲမွေးပြီး ဘယ်လောက်ကြာရင် ကိုယ်ဝန်ပြန်ဆောင်နိုင်သလဲ

    အကောင်းဆုံးကတော့ ကလေးမွေးပြီး အနည်းဆုံး ၆ ပတ်ကြာမှ လိင်ပြန်ဆက်ဆံပါ။ မွေးလမ်းကြောင်းနဲ့ သားအိမ်ကြွက်သားတွေ နဂိုအတိုင်းပြန်ဖြစ်ပြီး ခွဲစိတ်မွေးဖွားတုန်းကရတဲ့ အမာရွတ်တွေလည်း လုံးဝသက်သာသွားမှ အမျိုးသားနဲ့ ပြန်နေတာ အသင့်တော်ဆုံးဖြစ်မှာပါ။

    ၆ပတ်ကြာရင် အတူပြန်နေလို့ရပြီဆိုပေမယ့် ကလေးယူဖို့ကိုလည်း သိပ်မလောစေချင်ပါဘူး။ ကလေးမွေးပြီး အနည်းဆုံး ၆ လကနေ တစ်နှစ်ခွဲလောက်ကြာမှ နောက်ထပ်ကလေးယူရင် ကျန်းမာရေးအတွက်လည်း စိတ်ချရသလို အချိန်လုံလုံလောက်လောက် သားဆက်ခြားပြီးလည်း ဖြစ်သွားနိုင်ပါတယ်။ ဒီထက် အချိန်ကြာကြာ စောင့်နိုင်ရင် ပိုတောင်ကောင်းပါသေးတယ်။

    Dr. Htoo Tint

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 31/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement