backup og meta

အရေးပေါ်ဆီးစစ်တံ သုံးစွဲခြင်းနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 01/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရေးပေါ်ဆီးစစ်တံ သုံးစွဲခြင်းနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်များ 

    အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ရှိ၊ မရှိကို ဆီးစစ်ပြီးပဲဖြစ်ဖြစ်၊ သွေးစစ်ပြီးပဲဖြစ်ဖြစ် စမ်းသပ်အတည်ပြုနိုင်ပါတယ်။ အရေးပေါ်ဆီးစစ်တံ သုံးပြီး ကိုယ်ဝန်ရှိ၊ မရှိ စစ်ဆေးတာက စနစ်တကျစစ်ဆေးမယ်ဆို ရာနှုန်းပြည့်နီးပါးတိကျပြီး ကိုယ့်ဖာသာလည်း အိမ်မှာအလွယ်တကူ စမ်းသပ်သိရှိနိုင်ပါတယ်။ ဒါ့ကြောင့် အရေးပေါ်ဆီးစစ်တံ သုံးစွဲခြင်းနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်တချို့ကို ပြောပြပေးချင်ပါတယ်။

    ဘယ်လိုအချိန်မှာ အရေးပေါ်ဆီးစစ်တံ နဲ့ ကိုယ်ဝန်ရှိ၊ မရှိ စစ်လို့ရသလဲ

    အရေးပေါ်ဆီးစစ်တံက အမျိုးသမီးရဲ့ဆီးထဲမှာပါတဲ့ HCG ဟော်မုန်းကို စစ်ဆေးတာ ဖြစ်ပါတယ်။ ပုံမှန်ရာသီလာနေကျရက်မှာ ရာသီမလာတော့ရင် ဒါမှမဟုတ် ကိုယ်ဝန်ရှိတဲ့ လက္ခဏာတွေ ပေါ်လာပြီထင်ရင် ကိုယ်ဝန်ရှိ၊ မရှိ အရေးပေါ်ဆီးစစ်တံနဲ့ စစ်လို့ရပါပြီ။ အရေးပေါ်ဆီးစစ်တံ သုံးစွဲခြင်းနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်များကို လေ့လာကြည့်ရအောင်နော်။

    ကိုယ်ဝန်ရှိတာ စောစောသိရင်ဘာပိုကောင်းလဲ

    အမျိုးသမီးတစ်ယောက်အနေနဲ့ ကိုယ်ဝန်ရှိနေတာကို စောစောသိလေ ကောင်းလေပါပဲ။ အဲ့ဒါမှ မိခင်ရော ကလေးပါ ကျန်းမာရေးအတွက် ပိုဂရုစိုက်နိုင်မှာဖြစ်သလို တခြားဆောင်ရန် ရှောင်ရန်တွေလည်း လေ့လာနိုင်မှာ ဖြစ်ပါတယ်။

    အရေးပေါ်ဆီးစစ်တံ ဘယ်လိုသုံးရမလဲ 

    • စစ်ဆေးမယ့် အမျိုးသမီးအနေနဲ့ မနက်အိပ်ရာနိုးနိုးချင်း ဆီးအရင်သွားရပါမယ်။ ဆီးကို ရေအိမ်ထဲတိုက်ရိုက်မသွားဘဲ ပုလင်းအလွတ်၊ ခွက်အလွတ်တစ်လုံးထဲကို သွားထားပါ။
    • ပြီးရင် ဆီးစစ်တံကို အိတ်ထဲက ဖောက်ထုတ်ပါ။ ဆီးစစ်တံရဲ့ တစ်ဖက်စွန်းကို လက်နဲ့ကိုင်ပြီး နောက်တစ်ဖက်စွန်းက ဆီးထဲကို နှစ်ရမှာဖြစ်တာမို့ ဆီးထဲနှစ်ရမယ့်ဖက်ကို လက်နဲ့မကိုင်မိအောင် သတိထားပါ။ ဆီးစစ်တံအမျိုးအစားပေါ် မူတည်ပြီး လက်ကိုင်ရမယ့်နေရာ ပြောင်းလဲနိုင်ပါတယ်
    • ဆီးစစ်တံကို သွားထားတဲ့ဆီးထဲ နှစ်လိုက်ပါ။ နှစ်တဲ့အခါမှာလည်း သတ်မှတ်ထားတဲ့နေရာ (Stop Line) ထက်ကျော်ပြီး မနှစ်ပါနဲ့။ များသောအားဖြင့် ဆီးနှစ်ရမယ့်နေရာကို လိုင်းလေးဆွဲပြီး သတ်မှတ်ထားလေ့ရှိပါတယ်။
    • ဆီးထဲနှစ်ရမယ့် အချိန်အတိုင်းအတာကတော့ ထုတ်လုပ်တဲ့ ကုမ္ပဏီပေါ်လိုက်ပြီး အပြောင်းအလဲရှိတတ်ပါတယ်။ များသောအားဖြင့် မိနစ်ပိုင်းလောက် နှစ်ရပါတယ်။
    • နှစ်ပြီးရင် ဆီးခွက်ထဲကထုတ်ပြီး သန့်ရှင်းတဲ့စက္ကူ ဒါမှမဟုတ် တစ်ရှူးပေါ်မှာ အရေးပေါ်ဆီးစစ်တံကို တင်ထားလိုက်ပါ။
    • များသောအားဖြင့် တစ်မိနစ်ကနေ ဆယ်မိနစ်လောက်ဆို ဆီးစစ်တံမှာ အဖြေပေါ်လာပါတယ်။ ထုတ်လုပ်တဲ့ကုမ္ပဏီ ပေါ်လိုက်ပြီး အဖြေထွက်တဲ့ အချိန်အပြောင်းအလဲရှိနိုင်ပါမယ်။

    သတိထားရမှာက ဆီးစစ်တံ မသုံးခင်မှာ သက်တမ်းကုန်ဆုံးရက်ကို စစ်ဖို့ရန်၊ အသုံးပြုပုံအညွှန်းရယ်ကို သေချာဖတ်ဖို့ပါ။

    အရေးပေါ်ဆီးစစ်တံက အဖြေကို ဘယ်လိုဖတ်မလဲ

    တစ်လိုင်းပေါ်ရင် ကိုယ်ဝန်မရှိဘူး။ ၂ လိုင်းဆို ကိုယ်ဝန်ရှိတယ်ဆိုတာ အမြဲမမှန်ပါဘူး။

    • အရေးပေါ်ဆီးစစ်ချက် အဖြေပြမယ့်နေရာမှာ control line နဲ့ results line ဆိုပြီး အတန်း (၂) တန်းပါပါတယ်။ Control line မှာပဲ အတန်းတစ်တန်းပေါ်နေရင် ဒါကိုယ်ဝန်မရှိသေးဘူးဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။
    • Control line နဲ့ result line ၂ တန်းစလုံးမှာ ပေါ်နေရင် ကိုယ်ဝန်ရှိပါတယ်။ တစ်လိုင်းက ထင်းနေအောင်ပေါ်ပြီးနောက်တစ်လိုင်းက မှိန်မှိန်လေးပေါ်နေရင်လည်း ကိုယ်ဝန်ရှိတာပါပဲ။
    • ဘာလိုင်းမှမပေါ်လာဘူး ဒါမှမဟုတ် results line မှာပဲ တစ်လိုင်းပေါ်တယ်ဆိုရင်တော့ ဒီဆီးစစ်ချက်က အကျုံးမဝင်ပါဘူး။ များသောအားဖြင့် ဆီးထဲနှစ်တဲ့အချိန်အရမ်းမြန်ရင် ဒါမှမဟုတ် အသုံးပြုတဲ့အဆင့်မှာ တစ်ခုခုလွဲချော်သွားရင် ဒီလိုအဖြေထွက်တတ်ပါတယ်။ နောက်ဆီးစစ်တံတစ်ချောင်းနဲ့ ထပ်စစ်ကြည့်နိုင်ပါတယ်။

    အရေးပေါ်ဆီးစစ်တံကို ထပ်ခါထပ်ခါသုံးလို့ရလား

    လုံးဝမရပါဘူး။ အရေးပေါ်ဆီးစစ်တံတိုင်းက တစ်ခါသုံးပါ။

    အရေးပေါ်ဆီးစစ်တံနဲ့ စစ်ရင် အမှားရှိနိုင်လား

    တချို့သော ကျန်းမာရေးအခြေအနေတွေကြောင့်ရယ်၊ တချို့သောက်ဆေးတွေရယ်ကြောင့် အဖြေမှားယွင်းနိုင်ပါတယ်။

    ဘယ်လို ကျန်းမာရေးအခြေအနေတွေကြောင့် အဖြေမှားနိုင်သလဲ

    တစ်ခါတစ်လေ ရောဂါအခြေအနေတွေကြောင့် HCG ဟော်မုန်းတွေတက်ပြီး ကိုယ်ဝန်မရှိဘဲလည်း ကိုယ်ဝန်ရှိတယ်ဆိုတဲ့ အဖြေထွက်တတ်ပါတယ်။ ဒါ့အပြင်

    • Immunoglobulin (IgA) လို့ခေါ်တဲ့ antibody တစ်မျိုးချို့တဲ့နေရင်
    • Gestational trophoblastic disease၊ Gestational trophoblastic neoplasms လို့ခေါ်တဲ့ အကျိတ်တွေရှိနေရင်လည်း ဖြစ်တတ်ပါတယ်။

    ဘယ်လိုသောက်ဆေးတွေကြောင့် အရေးပေါ်ဆီးစစ်ချက်အဖြေ မှားတတ်သလဲ

    ဓာတ်မတည့်တဲ့အခါ ပေးတဲ့ဆေးတွေ၊ ပါကင်ဆန်ရောဂါမှာ ပေးတဲ့ဆေးတွေ၊ အိပ်ဆေးတွေ၊ စိတ်ရောဂါရှိသူတွေကို ပေးလေ့ရှိတဲ့ အချို့သောဆေးတွေ၊ အတက်ရောဂါအတွက် သောက်ဆေးတွေ၊ ဆီးဆေးတွေ စတဲ့ဆေးတွေကြောင့် အရေးပေါ်ဆီးစစ်ချက်အဖြေလွဲချော်နိုင်ပါတယ်။

    အရက်သောက်ထားမိရင်ကော အရေးပေါ်ဆီးစစ်တံသုံးလို့ရသလား

    အရေးပေါ်ဆီးစစ်တံက ဟော်မုန်းကိုပဲ တိုင်းတာတဲ့အတွက် သွေးထဲကအရက်က အရေးပေါ်ဆီးစစ်တံ အဖြေအပေါ် သက်ရောက်မှုမရှိပါဘူး။ သုံးလို့ရပါတယ်။

    ရေးသားသူ – Dr.Htoo Tint

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 01/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement