backup og meta

ဖေဖေ ဖြစ်ဖို့ ဘာတွေ ပြင်ဆင်ထားရမလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 25/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဖေဖေ ဖြစ်ဖို့ ဘာတွေ  ပြင်ဆင်ထားရမလဲ။

    ကလေးယူမယ်လို့ ပြောလိုက်ရင်  မိခင်လောင်းတွေကိုပဲ ဘယ်လိုနေ ဘယ်လိုစား ဆိုပြီး မှာလေ့ရှိပါတယ်။ ဖေဖေတွေကိုရော မမှာတော့ဘူးလား။ တကယ်ဆို သန္ဓေသားဆိုတာ မေမေ့ဆီက မျိုးဥနဲ့ ဖေဖေ့ဆီက သုက်ကောင်ပေါင်းပြီးမှ ဖြစ်လာတာပါ။ ဒါကြောင့် ဖေဖေ့ဆီက ကျန်းမာတဲ့ သုက်ကောင်ရဖို့လည်း အရေးကြီးတာပေါ့။ အားလုံးက ကလေးယူမယ်ဆို မေမေကိုပဲ ဂရုစိုက်ဖို့ မှာနေတာဆိုတော့ ဒီတစ်ခါတော့ ဖေဖေ တွေအတွက် ပြောပေးပါမယ်။

    ဖေဖေ ဖြစ်ဖို့ အကောင်းဆုံး ပြင်ကြမယ်ဆိုရင်

    • ကြိုတင်ပြီး ပြင်ထားပါ။

    ကလေးယူမယ်ဆို ဖေဖေနဲ့ မေမေ ကြိုတိုင်ပင်ပါ။ ဘယ်လိုစီစဉ်ကြမယ်။ ဘယ်လိုပြင်ဆင်ကြမယ်။ နှစ်ယောက်တူတူပြင်ဆင်တာက ပိုပြီး ရင်ခုန်စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။

    • လိင်က တစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ မဖြစ်အောင် ကာကွယ်ပါ။

    လိင်က တစ်ဆင့် ကူးတတ်တဲ့ ရောဂါတွေ ရှိမရှိ စစ်ဆေးပြီး ရှိရင် ကုထားပါ။ ဒီရောဂါတွေက မတော်တဆ ကိုယ်ဝန်ဆောင် အမျိုးသမီးကို ကူးစက်ခဲ့ရင် အမျိုးသမီးရော၊ ဗိုက်ထဲက ကလေးကိုပါ ထိခိုက်နိုင်ပါတယ်။ ပြီးတော့ လိင်ကတစ်ဆင့် ကူးတတ်တဲ့ ရောဂါတွေက အမျိုးသမီးတွေမှာ မြုံတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

    • ဆေးလိပ်၊ အရက်ရှောင်ပါ။

    ဆေးလိပ်သောက်တာက သုက်ကောင်ရဲ့ စွမ်းဆောင်ရည်ကို ကျစေပါတယ်။ ကိုယ်တိုင်လည်း မသောက်ပါနဲ့။ သူများသောက်တာလည်း မရှူမိပါစေနဲ့။ နောက်တစ်ခုက ယောက်ျား ဆေးလိပ်သောက်လို့ မိန်းမက ရှူမိရင် ဒါတစ်ဆင့်ခံ ဆေးလိပ်ငွေ့ကို ရှူမိတာပါ။ ဆေးလိပ်သောက်သလိုပဲ အန္တရာယ်များပါတယ်။ ကိုယ်ဝန်ဆောင်ထားတာ မသိဘဲ ဆေးလိပ်ငွေ့ရှူမိရင် ကလေးပျက်ကျတာ၊ မွေးရာပါ ချို့ယွင်းချက်တွေ ပါတာ ဖြစ်နိုင်ပါတယ်။ အရက်သောက်တာလည်း ဒီလိုပါပဲ။ ကလေးယူဖို့ စဉ်းစားထားရင် အရက်ရှောင်ထားလိုက်ပါ။ အရက်က သင့်ကို မြုံတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

    • စွဲသောက်နေတဲ့ ဆေးဝါးများ

    စွဲသောက်နေတဲ့ ဆေးတွေ ရှိရင်လည်း ကလေးယူမှာမို့လို့ ဖြတ်ဖို့ လိုမလို ဆရာဝန်နဲ့ ဆွေးနွေးပါ။

    • ဓာတုပစ္စည်းတွေကို ရှောင်ပါ။

    အလုပ်မှာ ဒါမှမဟုတ် အိမ်မှာ ရှိတဲ့ တချို့သော ဓာတုပစ္စည်းတွေက ဖေဖေ နဲ့ မေမေတို့ရဲ့ မျိုးပွားစနစ်ကို ထိခိုက်နိုင်လို့ ရှောင်ကြဉ်ရပါမယ်။ ဥပမာ ပြောရရင် ဓာတုမြေသြဇာတွေ၊ ပိုးဟပ်ဖျန်းဆေးတွေ၊ ခွေးချေး၊ ကြောင်ချေးတွေပေါ့။ ဒါတွေက ကိုယ်ဝန်မရသေးရင် ရဖို့ ခက်စေသလို ကိုယ်ဝန်ဆောင်နေရင်တောင်မှ ပျက်ကျတာ၊ ချို့ယွင်းချက်တွေပါတာ ဖြစ်တတ်ပါတယ်။

    နောက်တစ်ခုက ဖေဖေတွေ အနေနဲ့ မိမိရဲ့ လိင်အင်္ဂါကို အပူချိန်မလွန်ကဲအောင် သတိထားရပါမယ်။ အပူချိန်မြင့်တဲ့အခါ ဖေဖေတွေရဲ့ မျိုးပွားစွမ်းရည်တွေကို ထိခိုက်နိုင်ပါတယ်။

    • ကိုယ်အလေးချိန်ထိန်းပါ။

    အဝလွန်တဲ့ ဖေဖေ တွေက နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ ကင်ဆာ စတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျန်းမာတဲ့ ဖေဖေ မဖြစ်နိုင်တော့ဘူးပေါ့။ နောက်ပြီး အဝလွန်တာက မျိုးမအောင်တာကို တိုက်ရိုက်ဖြစ်စေပါတယ်။ ပိန်လွန်းတဲ့ ဖေဖေ တွေကလည်း တခြား ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်နဲ့ လိုက်ဖက်တဲ့ ကိုယ်အလေးချိန်ရှိဖို့ လိုပါတယ်။ လေ့ကျင့်ခန်းလုပ်၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ စားပြီး ကိုယ်အလေးချိန်ထိန်းပါ။ လိုအပ်ရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

    မိဘနှစ်ပါး၊ မွေးချင်းမောင်နှမနဲ့ ဝမ်းကွဲအမျိုးတွေဆီမှာ ဘာရောဂါတွေ ရှိနေလဲ။ မွေးရာပါ ချို့ယွင်းချက်တွေ ပါဖူးလားဆိုတာ စစ်ဆေးပါ။ သင်က အကောင်းအတိုင်းမွေးလာပေမယ့် သင့်ညီမမှာ မွေးရာပါ နှလုံးရောဂါရှိနေရင် သင့်ကလေးမှာ မပါလာနိုင်ဘူးလို့ ပြောလို့မရပါဘူး။ မိသားစုထဲမှာ ဒီလို ရောဂါတွေ ရှိနေရင် ဆရာဝန်နဲ့ တိုင်ပင်ထားပါ။ လိုအပ်ရင် မျိုးဗီဇစစ်ဆေးတာတွေ ညွှန်ကြားပါလိမ့်မယ်။

    တစ်ခါတစ်လေ အမျိုးထဲမှာ အားလုံးကောင်းပေမယ့် အမျိုးသမီးက ခဏခဏကိုယ်ဝန်ပျက်ကျတတ်ရင်၊ ကလေးမရရင်၊ ကလေးအသေမွေးတာများရင်၊ အရင်ကိုယ်ဝန်မှာ မွေးရာပါ ချို့ယွင်းချက်ဖြစ်ဖူးရင်လည်း ဆရာဝန်က မျိုးဗီဇစစ်ဆေးဖို့ တိုက်တွန်းပါလိမ့်မယ်။

    • အမျိုးသမီးကို အားပေးပါ။

    ကိုယ်ဝန်ဆောင်ဖို့ အမျိုးသားဘက်ကရော အမျိုးသမီးဘက်ကရော ပြင်ဆင်ပြီးပြီဆိုရင်တော့ အမျိုးသမီးကို အားပေးဖို့ပဲ ကျန်ပါတော့တယ်။ သူ့အနေနဲ့ ပထမဆုံးကိုယ်ဝန်ဆို ပိုပြီးတောင် စိတ်လှုပ်ရှားနေမှာပါ။ ၉လလောက် ဗိုက်ထဲမှ လွယ်ထားပြီး ပင်ပင်ပန်းပန်းမွေးရမယ့် သူ့အတွက် စိတ်ခွန်အားပေးပေးပါ။ ကိုယ်ဝန်ရလာရင်လည်း သေချာ ပြုစုစောင့်ရှောက်ပြီး သည်းခံပေးပါ။ ကိုယ်ဝန်ကို စောင့်ရှောက်ရမှာ သူ့တာဝန်သက်သက်ပဲလို့ မတွေးမိလောက်အောင်ပေါ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 25/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement