backup og meta

ငယ်ရွယ်စဉ်ကိုယ်ဝန်ဆောင်ခြင်း၏ ကျန်းမာရေးဆိုးကျိုးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 08/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ငယ်ရွယ်စဉ်ကိုယ်ဝန်ဆောင်ခြင်း၏ ကျန်းမာရေးဆိုးကျိုးများ

    အမျိုးသမီးတစ်ယောက်ရဲ့ကိုယ်ဝန်ဆောင်ချိန်မှာ အန္တရာယ် ပိုတိုးလာနိုင်စေတဲ့ အချက်တွေထဲမှာ အသက်အရွယ်ကလည်း အရေးကြီးဆုံးအချက်တွေထဲက တစ်ခုပါ။ အသက်ငယ်ရွယ်စဉ်မှာ ကိုယ်ဝန်ဆောင်ခြင်းဟာ ဘဝမှာ စိန်ခေါ်မှုတွေမြောက်များစွာကို ကြုံတွေ့နိုင်ရပြီး ဒါဟာ မရည်ရွယ်ဘဲ ဖြစ်လာနိုင်တာမျိုးလည်း ရှိတတ်ပါတယ်။ ငယ်ရွယ်စဉ်ကိုယ်ဝန်ဆောင်ခြင်း၏ ကျန်းမာရေးဆိုးကျိုးများ က အများကြီး ရှိပါတယ်။

    ငယ်ရွယ်စဉ်ကိုယ်ဝန်ဆောင်ခြင်းကြောင့် သူတို့ရဲ့ ဘဝလမ်းကြောင်းကို အများကြီးပြောင်းလဲသွားစေနိုင်တာပေါ့။ ပညာရေး၊ စီးပွားရေးတွေမှာ အခက်အခဲတွေ ရှိလာနိုင်တာအပြင် ဆယ်ကျော်သက်အရွယ်မှာ ကိုယ်ဝန်ဆောင်ခြင်းဟာ မိခင်အတွက်ရော ကလေးအတွက်ပါ ပိုပြီးပြင်းထန် အန္တရာယ်များတဲ့ ကျန်းမာရေးအခြေအနေတွေကိုလည်း ကြုံတွေ့ရစေနိုင်ပါတယ်။

    ငယ်ရွယ်စဉ်ကိုယ်ဝန်ဆောင်ခြင်း၏ ကျန်းမာရေးဆိုးကျိုးများ

    ဆယ်ကျော်သက်မိခင်တွေက မွေးဖွားခဲ့တဲ့ကလေးတွေဟာ ဒါမျိုးတွေဖြစ်နိုင်ခြေပိုများပါတယ်။

  • ပေါင်မပြည့်ခြင်း
  • ဆယ်ကျော်သက်မိခင်တွေဟာ ပေါင်မပြည့်တဲ့ ကလေးငယ်တွေမွေးဖွားနိုင်ချေ မြင့်မားလှပါတယ်။ ပေါင်မပြည့်တဲ့ကလေးငယ်တွေဟာ သူတို့ရဲ့ နှလုံး၊ အဆုတ်နဲ့ ဦးနှောက်ကို ထိခိုက်နိုင်တဲ့ ပြဿနာတွေကို ရင်ဆိုင်ရပါလိမ့်မယ်။

    ဒါဟာ ပေါ့ပေါ့ထားလို့ရတာမျိုးမဟုတ်သလို ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်းအတွက် အရေးအကြီးဆုံး အန္တရာယ်တစ်ခုပါပဲ။ ဒါ့အပြင် ဉာဏ်ရည်ချို့တဲ့တာ (mental retardation)၊ cerebral palsy၊ အမြင်အာရုံဆုံးရှုံးခြင်းနဲ့ အကြားအာရုံဆုံးရှုံးခြင်း စတဲ့ ကာလကြာရှည်ခံစားရမယ့် ဝေဒနာဖြစ်နိုင်ချေ ပိုတိုးလာစေနိုင်ပါတယ်။

    • လမစေ့ခင်မွေးဖွားခြင်း

    ကိုယ်ဝန် ၃၇ပတ်မတိုင်မီ မွေးဖွားတာတွေကို လမစေ့ဘဲမွေးဖွားတယ်လို့ သတ်မှတ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလဟာ ကိုယ်ဝန်ဆောင်ထားတဲ့ ကလေးအရေအတွက်ပေါ်မူတည်ပြီး လျော့လေ့ရှိပါတယ်။

    ကလေးတစ်ယောက်တည်းကို လွယ်ထားရတာဆိုရင် ၃၉ပတ်ကြာမြင့်ပြီး အမြွာကိုယ်ဝန်ဆိုရင် ၃၆ပတ်ကြာမြင့်ပါတယ်။ သုံးမြွာဆိုရင် ၃၂ပတ်ဖြစ်ပြီး ၄မြွာဆိုရင် ရက်သတ္တပတ် ၃၀ပါ။ ငါးမြွှာဆိုရင် ၂၉ပတ်ပါ။

    တကယ်လို့ အမျိုးသမီးတွေဟာ သူတို့ရဲ့ ဆယ်ကျော်သက်အရွယ်မှာ မွေးဖွားမယ်ဆိုရင် သူတို့မှာ ကလေးစောစောမွေးဖွားနိုင်ချေ တွေ ဒါမှမဟုတ် လမစေ့ဘဲမွေးဖွားနိုင်ချေ မြင့်မားပါတယ်။ လမစေ့ဘဲမွေးဖွားတာဟာ မွေးကင်းစကလေးငယ်တွေနဲ့ ကလေးငယ်တွေ သေဆုံးမှုကိုတောင်ဖြစ်စေနိုင်ပါတယ်။

    ဆယ်ကျော်သက်မိခင်တွေမှာလည်း ဒီအန္တရာယ်တွေဖြစ်နိုင်ပါသေးတယ်။

  • Anemia (သွေးအားနည်းရောဂါ)
  • ငယ်ရွယ်တဲ့ မိခင်လေးတွေဟာ သွေးအားနည်းရောဂါဖြစ်နိုင်ခြေ များပြီး ဒီရောဂါဟာ သံဓါတ်ချို့တဲ့တာနဲ့ ဆက်စပ်နေပါတယ်။ ကိုယ်ဝန်ဆောင်ချိန် သွေးအားနည်းခြင်းဟာ မိခင်ရောကလေးအတွက်ပါ ပြဿနာပေါင်းများစွာ ဖြစ်စေနိုင်ပါတယ်။

    ဥပမာ လမစေ့ဘဲမွေးဖွားနိုင်တာမျိုးတွေ၊ မွေးဖွားရခက်ခဲတာမျိုးတွေ စသဖြင့် ဖြစ်နိုင်ခြေတွေကို တိုးမြင့်စေပါတယ်။ ပြင်းထန်တဲ့သွေးအားနည်းခြင်းကတော့ မမွေးဖွားမီတည်းက ကလေးရဲ့ကြီးထွားနှုန်းကိုပါ အကျိုးသက်ရောက်စေပါတယ်။

    • ကလေးမွေးဖွားပြီးနောက် စိတ်ဓာတ်ကျဆင်းခြင်း(Postpartum Depression)

    အသက်ငယ်ရွယ်စဉ်မှာ ကလေးမွေးဖွားခြင်းဟာ Postpartum depression ဖြစ်နိုင်တဲ့အခွင့်အရေးတွေ တိုးလာစေပါတယ်။ လက္ခဏာတွေကတော့ ဝမ်းနည်းခြင်း၊ အိပ်မပျော်ခြင်း၊ ဒေါသထွက်ခြင်းတွေပါ။

    အချို့သော ပြင်းထန်တဲ့အခြေအနေတွေမှာဆိုရင် မိခင်ဟာ သူမကိုယ်တိုင်ကို သို့မဟုတ် ကလေးငယ်ကိုပါ နာကျင်စေလိုတဲ့ ဒုက္ခပေးလိုတဲ့ အတွေးတွေတောင် ရှိနေနိုင်ပါတယ်။

    ဒါတွေအပြင် ငယ်ရွယ်တုန်း ကလေးယူခြင်းနဲ့ပတ်သက်နေတဲ့ အန္တရာယ်အချက်တွေထဲမှာ အောက်ပါအချက်တွေလည်း ပါဝင်နေပါတယ်။

    တင်ပါးဆုံ မဖွံ့ဖြိုးခြင်း : အမျိုးသမီးငယ်လေးတွေရဲ့ ခန္ဓာကိုယ်ဟာ ဖွံ့ဖြိုးပြောင်းလဲနေဆဲပါ။ မဖွံ့ဖြိုးသေးတဲ့ တင်ပါးဆုံဟာ ကလေးမွေးဖွားစဉ်မှာ အခက်အခဲဖြစ်စေနိုင်ပါတယ်။

    အာဟာရချို့တဲ့ခြင်း : ဆယ်ကျော်သက်တွေဟာ အများအားဖြင့်တော့ ကျန်းမာရေးနဲ့မညီတဲ့ စားသောက်ခြင်းအလေ့အထတွေကို ပိုင်ဆိုင်ထားတတ်ပါတယ်။ အာဟာရချို့တဲ့ခြင်းဟာ ခန္ဓာကိုယ်ကို ပိုပြီးအားနည်းစေပြီး မိခင်အတွက်ရော ကလေးအတွက်ပါ ပိုပြီးအန္တရာယ်များတဲ့အခြေအနေကို ဦးတည်စေပါတယ်။

    သွေးဖိအားမြင့်ခြင်း : သွေးဖိအားမြင့်ခြင်းဟာ လမစေ့ဘဲမွေးဖွားခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါဟာ အသက်ရှင်ဖို့အတွက် အထူးဂရုစိုက်ပြုစုကုသမှုလိုအပ်တဲ့ ပေါင်မပြည့်တဲ့ကလေးငယ်တွေမွေးဖွားနိုင်ဖို့ ဦးတည်နေတတ်ပါတယ်။

    မမွေးဖွားမီ ကိုယ်ဝန်ဆောင်ပြုစုစောင့်ရှောက်မှုခံယူခြင်းဟာ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်တွေနဲ့ ဆက်စပ်နေတဲ့ ကျန်းမာရေးပြဿနာတွေဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။

    ဒါကြောင့် ကိုယ်ဝန်ဆောင်ကာလမှာ စောနိုင်သမျှစောစော ဆရာဝန်ကို ပြဖို့နဲ့ မိခင်နဲ့ကလေး၂ဦးလုံး ကျန်းမာစေအောင် ဂရုစိုက်ပြုစုနေဖို့က အရေးကြီးလှပါတယ်။

    ရေးသားသူ- Ye Kyaw Hlaing

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Hello Sayarwon Panel မှ ရေးသားသည်။ · 08/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement