backup og meta

ကိုယ်ဝန်မဆောင်ခင် ထိုးထားသင့်တဲ့ ကာကွယ်ဆေးတွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 14/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်မဆောင်ခင် ထိုးထားသင့်တဲ့ ကာကွယ်ဆေးတွေ

    ကိုယ်ဝန်မဆောင်ခင် ထိုးထားသင့်တဲ့ ကာကွယ်ဆေးတွေ ရှိပါတယ်။ ကိုယ်ဝန်မဆောင်ခင် သင့်တော်တဲ့ ကာကွယ်ဆေးတွေ ထိုးထားခြင်းအားဖြင့် သင့်အတွက်ရော ရင်သွေးလေးရဲ့ ကျန်းမာရေးအတွက်ပါ စိတ်ချရစေပါတယ်။ သင့်ခုခံအားစနစ်ဟာ သင့်ကလေးရဲ့ အကြီးဆုံးနဲ့ ပထမဆုံး ခံတပ်ကြီးဖြစ်ပါတယ်။

    ဒါကြောင့် သင့်အနေနဲ့ ကလေးယူတော့မယ်၊ကိုယ်ဝန်ဆောင်တော့မယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင် ကာကွယ်ဆေးတွေကို လိုအပ်သမျှ ပြည့်စုံအောင် ထိုးထားရမှာပဲ ဖြစ်ပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ သင့်ကိုဒုက္ခပေးနိုင်တဲ့ အချို့သော ကူးစက်ရောဂါတွေဟာ ကြိုတင်ကာကွယ်လို့ရနိုင်ပါတယ်။ သင့်အနေနဲ့ အဆိုပါ ရောဂါတွေကို ခုခံတိုက်ထုတ်နိုင်တဲ့ ခုခံအား ရှိမရှိ သိနိုင်ဖို့အတွက် ကိုယ်ဝန်မဆောင်ခင်မှာ သွေးစစ်ဆေးမှုလေးတွေ ပြုလုပ်ဖို့ လိုအပ်ပါလိမ့်မယ်။

    တကယ်လို့ သင့်မှာ ခုခံအားမရှိသေးဖူးဆိုရင် ကာကွယ်ဆေးထိုးသင့်ပါတယ်။ ၎င်းကာကွယ်ဆေးတွေဟာ ဗိုင်းရပ်စ်အရှင်တွေနဲ့ ပြုလုပ်ထားတာဖြစ်ပြီး ကလေးကိုထိခိုက်နိုင်တဲ့အတွက် သင့်အနေနဲ့ ဆေးထိုးပြီး တစ်လအတွင်း ကိုယ်ဝန် မရအောင် ဆင်ခြင်ရပါမယ်။

    ကိုယ်ဝန်မဆောင်ခင် ထိုးထားသင့်တဲ့ ကာကွယ်ဆေးတွေ

    ကိုယ်ဝန်မဆောင်ခင် ထိုးထားသင့်တဲ့ ကာကွယ်ဆေးတွေ ကတော့

    ၁။ ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုးကာကွယ်ဆေး

    ဝက်သက်ဟာ ကူးစက်လွယ်တဲ့ ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ပြီး ဖျားနာခြင်း၊ချောင်းဆိုးခြင်း၊နှာစေးခြင်း စတဲ့ လက္ခဏာတွေ စတင်ပေါ်လာလေ့ရှိကာ ရက်အနည်းငယ်အကြာမှာတော့ အနီစက်လေးတွေ ဆက်လက်ထွက်လာမှာ ဖြစ်ပါတယ်။ ပါးချိတ်ရောင်ရောဂါဟာလည်း ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး တံတွေးထုတ်လုပ်တဲ့ ဂလင်းတွေကို ရောင်ရမ်းလာစေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အဆိုပါ ရောဂါတစ်မျိုးမျိုးဖြစ်လာရင် ကိုယ်ဝန်ပျက်ကျနိုင်ချေကို ပိုများလာစေပါတယ် (ဝက်သက်ဟာ လမစေ့ဘဲ ကလေးမွေးနိုင်ချေကိုလည်း များစေပါတယ်)။ ဂျိုက်သိုး (ဂျာမန် ဝက်သက်လို့လည်း ခေါ်ပါသေးတယ်)ဟာလည်း ကိုယ်ဝန်ဆောင်ကာလမှာ ဆိုးကျိုးတွေ ဖြစ်လာစေနိုင်ပါတယ်။ ကိုယ်ဝန်ပထမသုံးလပတ်မှာ ဂျိုက်သိုးဖြစ်တဲ့ ကိုယ်ဝန်ဆောင်တွေက မွေးဖွားလာတဲ့ ကလေးတွေမှာ (နားမကြားခြင်း၊ ဉာဏ်ရည်မမှီခြင်း အစရှိတဲ့) မွေးရာပါ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

    ၂။ ရေကျောက်ရောဂါ ကာကွယ်ဆေး

    အဖျားတက်ခြင်းနဲ့ ယားယံတဲ့ အစက်တွေထွက်ခြင်းတို့ဟာ ရေကျောက်ရဲ့ ဖြစ်လာနိုင်တဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ပထမငါးလပတ်မှာ ရေကျောက်ပေါက်တဲ့ ကိုယ်ဝန်ဆောင်တွေက မွေးဖွားလာတဲ့ ကလေးတွေမှာ (ခြေလက်များ ပုံမမှန်ခြင်း၊မလှုပ်ရှားနိုင်ခြင်း အစရှိတဲ့) မွေးရာပါ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ မီးဖွားခါနီးမှာ ရေကျောက်ပေါက်တဲ့ မိခင်တွေကနေတဆင့် မွေးဖွားလာတဲ့ ကလေးဆီကို ရောဂါလက်ဆင့်ကမ်းပေးနိုင်ပါတယ်။ သင့်အလုပ်အကိုင် ဒါမှမဟုတ် နေထိုင်မှုပုံစံအပေါ်မူတည်ပြီး အခြားသော ကာကွယ်ဆေးတွေကိုလည်း ကိုယ်ဝန်မဆောင်ခင်မှာ ထိုးဖို့ အကြံပြုပါလိမ့်မယ်။

    ၃။ အသည်းရောင်အသားဝါ ဘီပိုး ကာကွယ်ဆေး

    အသည်းရောင်အသားဝါဘီပိုးဟာ ဗိုင်းရပ်စ်မှတဆင့်ကူးစက်တဲ့ရောဂါဖြစ်ပြီး အသည်းကြီးခြင်း၊ ပျို့အန်မအီမသာဖြစ်ခြင်း၊ မောပန်းနွမ်းနယ်ခြင်းနဲ့ အသားဝါခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် နာတာရှည်အသည်းရောဂါနဲ့ အသည်းကင်ဆာတို့ကိုပါ ဖြစ်စေနိုင်တာမို့ အသက်အန္တရာယ်ပါ ရှိလာနိုင်ပါတယ်။

    အသည်းရောင်အသားဝါ ဘီပိုးကူးစက်ခံထားရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ မီးဖွားနေစဉ်ကာလမှာ ကလေးဆီကို ကူးစက်ရောဂါပိုး ဖြန့်ဝေပေးနိုင်တဲ့အတွက် အချိန်မီ ကုသမှုမပေးနိုင်ဖူးဆိုရင် ကလေးမှာ အလွန်ပြင်းထန်ဆိုးရွားတဲ့ အသည်းရောဂါဖြစ်နိုင်ခြေ အလွန်ပဲ မြင့်မားလှပါတယ်။

    ၄။ အသည်းရောင်အသားဝါ အေပိုး ကာကွယ်ဆေး

    မသန့်ရှင်းတဲ့ ရေ ဒါမှမဟုတ် အစားအစာတွေကို စားသောက်မိတာကြောင့် အသည်းထိခိုက်ခြင်းကို ဒီကာကွယ်ဆေးက ကာကွယ်ပေးပါတယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင် ဖျားနာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနဲ့ ပျို့အန်မအီမသာဖြစ်ခြင်း အစရှိတဲ့ လက္ခဏာတွေ ပြလာနိုင်ပါတယ်။

    အေပိုးဟာ ဘီပိုးလောက် မပြင်းထန်တဲ့အပြင် မွေးကင်းစကလေးကိုလည်း အန္တရာယ်မဖြစ်စေပါဘူး။ ရှားရှားပါးပါး အခြေအနေတွေမှာတော့ အသည်းရောင်အသားဝါ အေပိုးဟာ လမစေ့ဘဲ ကလေးမွေးခြင်းကို ဖြစ်စေနိုင်သလို မွေးကင်းစကလေးကိုလည်း ရောဂါကူးစက်နိုင်ပါတယ်။

    ၅။ Pneumococcal ရောဂါပိုး ကာကွယ်ဆေး

    တကယ်လို့ သင့်မှာ နာတာရှည်ရောဂါတစ်မျိုးမျိုး (ဆီးချို၊ကျောက်ကပ်ရောဂါ စသည်)ရှိနေရင် နမိုးနီးယားအဆုတ်ရောင်ရောဂါကို ကာကွယ်ဖို့အတွက် pneumococcal ရောဂါပိုးကာကွယ်ဆေးကို ထိုးထားဖို့ သင့်ဆရာဝန်က အကြံပြုပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 14/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement