backup og meta

ကလေးရ ဖို့ခက်ခဲသူတွေအတွက် နည်းလမ်းကောင်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 26/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးရ ဖို့ခက်ခဲသူတွေအတွက် နည်းလမ်းကောင်းများ

    အခုအခါမှာ ကလေးရ ဖို့ခက်ခဲနေသူတွေအတွက် ခေတ်မီနည်းလမ်းတွေ အများကြီး ရှိနေပါပြီ။ ဒီစုံတွဲတွေကို ဘာတွေ စစ်ဆေးမှာလဲ။ ဘယ်လိုနည်းလမ်းတွေနဲ့ ကုသလို့ရလဲဆိုတာ ပြောပြပေးသွားပါမယ်။

    ကနဦးအဆင့်

    အရင်ဆုံး မျိုးမအောင်ဘူးလို့ ပြောဖို့အတွက်ဆိုရင် အနည်းဆုံး တစ်နှစ်လောက် အကာအကွယ်မပါဘဲ ပုံမှန်အတူနေသည့်တိုင်အောင် ကလေးမရမှ မျိုးမအောင်ဘူးလို့ ပြောလို့ရမှာပါ။

    ဆေးစစ်တာတွေ၊ ကုသတာတွေ မစခင်မှာ အရင်ဆုံး သင်နဲ့ သင့်အဖော်ကို တခြားလူနာတွေလိုပဲ ရောဂါရာဇဝင်တွေ မေးမြန်းတာ၊ စမ်းသပ်တာတွေ လုပ်မှာပါ။ ဒီထဲမှာ သင်တို့ရဲ့ နဂို ရောဂါအခံတွေ၊ စွဲသောက်နေတဲ့ ဆေးတွေ၊ အတူနေဖြစ်တဲ့ အကြိမ်အရေအတွက်တွေ စတာတွေကို မေးမြန်းမှာပါ။ ပြီးတော့ နှစ်ယောက်လုံးရဲ့ မျိုးပွားအင်္ဂါတွေမှာ ချို့ယွင်းချက်ရှိမရှိ စမ်းသပ်တာတွေလည်း လုပ်ရမှာပါ။

    ကလေးရ နိုင် မရနိုင် ဆေးစစ်ချက်များ

    အမျိုးသားအတွက် ဆေးစစ်ချက်

    အမျိုးသားတွေ မျိုးအောင်ဖို့အတွက်ဆိုရင် သူ့ရဲ့ ဝှေးစေ့ကနေ ကျန်းမာတဲ့ သုက်ပိုးတွေ ထုတ်ပြီး ဒီသုက်ပိုးတွေက အမျိုးသမီးရဲ့ မျိုးဥနဲ့ ပေါင်းရမှာပါ။  ဒီအဆင့်တွေမှာ ဘာတွေ ချို့ယွင်းနေလဲ ဆိုတာ စစ်ဆေးရမှာပါ။ ဒါကြောင့် မျိုးပွားအင်္ဂါတွေကို စမ်းသပ်တာအပြင် အောက်က စစ်ဆေးချက်တွေလည်း လိုအပ်ရင် လုပ်ရပါမယ်။

    • သုက်ရည်စစ်ဆေးခြင်း

    သုက်ရည် နမူနာ တစ်ခုထက်ပိုပြီး လိုနိုင်ပါတယ်။ တစ်ကိုယ်ရည် အာသာဖြေပြီးပဲ ဖြစ်ဖြစ်၊ အမျိုးသမီးနဲ့ အတူနေစဥ်ပဲ ဖြစ်ဖြစ် သုက်ရည်ကို သန့်ရှင်းတဲ့ ဘူးထဲ ထည့်လာရမှာပါ။ တစ်ခါတစ်လေ ဆီးထဲမှာ သုက်ကောင် ပါမပါ စစ်ဆေးရတာမျိုးလည်း ရှိပါတယ်။

    • ဟော်မုန်းစစ်ဆေးခြင်း

    သွေးထဲမှာ တက်စတိုစတီရုန်းလို့ ခေါ်တဲ့ အမျိုးသားဟော်မုန်း ပမာဏကို စစ်ဆေးတာ ဖြစ်ပါတယ်။

  • မျိုးဗီဇစစ်ဆေးခြင်း
  • တချို့သော မျိုးဗီဇရောဂါတွေကြောင့် ကလေးမရတာများလားဆိုပြီး စစ်ဆေးခြင်းဖြစ်ပါတယ်။

    • ဝှေးစေ့ အသားစ စစ်ဆေးခြင်း

    တချို့သောသူတွေမှာ ဝှေးစေ့ကနေ အသားစယူပြီး စစ်ဆေးရတာမျိုးလည်း ရှိပါတယ်။ IVF လို့ခေါ်တဲ့ ကုသနည်းအတွက် သုက်ကောင်ယူမယ်ဆိုရင်လည်း ဒီနည်းလမ်းကို သုံးရနိုင်ပါတယ်။

    • ဓာတ်မှန်ရိုက်တာ

    ဓာတ်မှန်လို့ပြောတဲ့နေရာမှာ ဦးနှောက်ကို သံလိုက်ဓာတ်မှန်ရိုက်တာ (ကင်ဆာကျိတ်များအတွက်)၊ ကပ္ပာယ်အိတ်ကို အယ်လ်ထွာဆောင်းရိုက်တာ၊ သုက်ပို့ပြွန် စစ်ဆေးတာတွေ  လုပ်ရမှာပါ။

    • တခြားအဆင့်မြင့်တဲ့ နည်းလမ်းတွေကတော့ သုက်ကောင်ရဲ့ စွမ်းဆောင်ရည်ကို စစ်ဆေးတာ၊ သုက်ကောင်ရဲ့ DNAကို စစ်ဆေးတာတွေ လုပ်လို့ ရပါတယ်။

    အမျိုးသမီးများအတွက် ဆေးစစ်ချက်များ

    အမျိုးသမီးတွေ မျိုးအောင်နိုင်စွမ်းက သားဥအိမ်ကနေ သားဥပုံမှန်ကြွေရဲ့လား၊ ဒီမျိုးဥလေးက သားဥပြွန်တစ်လျှောက် လျောလျောရှူရှူ ထွက်သွားပြီး သုတ်ကောင်နဲ့ ပေါင်း၊ ပြီးရင် သားအိမ်မှာ ကောင်းကောင်းတွယ်နိုင်ရဲ့လားဆိုတာပေါ် မူတည်ပါတယ်။ အမျိုးသားတွေလိုပဲ မိန်းမကိုယ်ကို စမ်းသပ်တာအပြင် တခြားလိုအပ်တဲ့ စစ်ဆေးမှုတွေလည်း လုပ်ရမှာပါ။

    • သားဥကြွေခြင်းကို စမ်းသပ်ခြင်း

    သွေးထဲမှာရှိတဲ့ ဟော်မုန်းပမာဏကို တိုင်းတာပြီး သားဥကြွေမကြွေ စစ်ဆေးတာပါ။

    • သားအိမ်နဲ့ သားဥပြွန်ကို ဓာတ်မှန်ရိုက်ခြင်း (Hysterosalpingography)

    အရည်တစ်မျိုးကို မိန်းမကိုယ်ကနေ ထည့်ပြီး ဓာတ်မှန်ရိုက်တာပါ။ သားအိမ်နဲ့ သားဥပြွန်မှာ ပိတ်ဆို့မှု ရှိမရှိကိုစစ်ဆေးတာပါ။

    • သားဥအိမ်ရဲ့ စွမ်းဆောင်ရည်ကိုစစ်ဆေးခြင်း

    သားဥအိမ်ကနေ သားဥဘယ်လောက် ထုတ်နိုင်လဲဆိုတာ စစ်ဆေးခြင်း ဖြစ်ပါတယ်။

    • တခြားဟော်မုန်းများကို စစ်ဆေးခြင်း

    သားဥအိမ်ကထုတ်တဲ့ ဟော်မုန်းတွေ၊ ဦးနှောက်မှာရှိတဲ့ ပီကျူထရီဂလင်းကနေ ထုတ်တဲ့ မျိုးအောင်ဖို့ လိုအပ်တဲ့ ဟော်မုန်းတွေကို စစ်ဆေးတာပဲ ဖြစ်ပါတယ်။

    • အယ်လ်ထွာဆောင်းရိုက်ခြင်း

    မိန်းမကိုယ်ကနေ ပြွန်ထည့်ပြီး သားအိမ်နဲ့ သားဥအိမ်မှာ ရောဂါရှိမရှိ အယ်လ်ထွာဆောင်းရိုက်ခြင်း ဖြစ်သည်။

    အခြေအနေပေါ်မူတည်ပြီး ရှားရှားပါးပါး စစ်ဆေးရတာတွေကတော့

  • သားအိမ်ထဲ မှန်ပြောင်းကြည့်တာ
  • ချက်အောက်ကနေ သေးသေးလေး ခွဲပြီး သားဥအိမ်၊ သားဥပြွန်နဲ့ သားအိမ်ကို စစ်ဆေးခြင်း ဖြစ်သည်။
  • ဒီနေရာမှာ ပြောချင်တာက ပြောထားတဲ့ စစ်ဆေးချက်အကုန်လုံး စစ်ဖို့ လိုချင်မှ လိုမှာပါ။ တစ်ယောက်နဲ့ တစ်ယောက် စစ်ရတဲ့ စစ်ဆေးချက်တွေကလည်း တူချင်မှ တူမှာပါ။

    ကလေးရ ဖို့ကုသနည်းများ

    ကုသနည်းတွေကတော့

    • ကလေးမရရတဲ့ အကြောင်းအရင်း
    • ကလေးမရတာ ဘယ်လောက်ကြာပြီလဲ
    • သင်နဲ့ သင့်အဖော်ရဲ့ အသက်
    • လူနာရဲ့ စိတ်ကြိုက် ရွေးချယ်မှု စတာတွေအပေါ် မူတည်ပါတယ်။

    အမျိုးသားတွေအတွက် ကုသနည်း

    • စားသောက်နေထိုင်မှုပုံစံ ပြောင်းလဲခြင်း

    စားသောက်နေထိုင်မှု ပုံစံကို ပြောင်းလဲလိုက်တာကလည်း ကလေးရ ဖို့ အထောက်အကူပြုပါတယ်။ ဥပမာပြောရရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ကလေးရဖို့ တားဆီးနေတဲ့ ဆေးတွေကို ရပ်လိုက်တာ၊ လိင်ဆက်ဆံမှု အကြိမ်ရေကို တိုးလိုက်တာ၊ ကလေးရနိုင်တဲ့ အချိန်မှာ ပိုနေဖြစ်တာ၊ လေ့ကျင့်ခန်း လုပ်တာ၊ ဆေးလိပ်ဖြတ်တာ စတာတွေ ပါပါတယ်။

    • ဆေးဝါးများ

    တချို့သော ဆေးတွေက သုက်ကောင်ရေကို များစေပါတယ်။ သုက်ကောင်ရဲ့ စွမ်းဆောင်ရည်ကိုလည်း ကောင်းစေပါတယ်။

    • ခွဲစိတ်ကုသခြင်း

    တချို့သော အခြေအနေတွေ (ဥပမာ သုက်ပို့ပြွန်ပိတ်နေလို့ သုက်ကောင် မထွက်နိုင်တာ) မှာ ဆိုရင် ခွဲစိတ်ကုသမှ ကလေးရမှာပါ။

    • သုက်ကောင်ထုတ်ယူခြင်း

    ဒီနည်းလမ်းက သုက်ရည် မလွှတ်နိုင်တဲ့သူတွေ၊ သုက်ရည်ထဲမှာ သုက်ကောင်မပါတဲ့ သူတွေအတွက် သုံးပါတယ်။ မျိုးအောင်ဖို့ ပြင်ပနည်းလမ်းတွေ ကူရတဲ့အခါမှာလည်း သုံးပါတယ်။

    အမျိုးသမီးတွေအတွက် ကုသနည်း

    • သားဥကြွေဆေးများ သုံးခြင်း

    သားဥကောင်းကောင်း မကြွေလို့ ကလေးမရတဲ့ အမျိုးသမီးတွေအတွက် သားဥကြွေဆေးက အဓိက ကုသနည်းပါပဲ။ ဒီဆေးတွေက သားဥကြွေတာကို မှန်စေ ဒါမှမဟုတ် ကြွေစေပါတယ်။

    • သားအိမ်ထဲ သုက်ရည်ထည့်ခြင်း

    ဒီကုသနည်းမှာ ကောင်းတဲ့ သုက်ကောင်တွေကို သားဥကြွေတဲ့ အချိန်မှာ သားအိမ်ထဲ ထည့်ပေးတာပါ။

    • ခွဲစိတ်ကုသနည်း

    ကလေးမရတာ သားအိမ်ထဲမှာ အသားလုံးရှိနေလို့၊ အရွတ်တွယ်နေလို့ စသဖြင့် ရောဂါတစ်ခုခုရှိနေလို့ဆိုရင် ဒါတွေကို ခွဲစိတ်ပြီးမှပဲ ကလေးရဖို့ ပြန်ကြိုးစားရမှာပါ။

    မျိုးအောင်ဖို့ ကူညီပေးသည့် နည်းလမ်းများ (Assisted reproductive technology)

    မျိုးဥနဲ့ သုက်ကောင်ကို ပေါင်းပေးတဲ့ နည်းတွေ အကုန်လုံး ဒီထဲမှာ အကျုံးဝင်ပါတယ်။ ဒီထဲမှာ အသုံးအများဆုံးကတော့ In vitro fertilization (IVF) ပါ။ ပြင်ပမှာ သန္ဓေအောင်အောင် လုပ်ပေးတဲ့ နည်းလမ်းလို့ ခေါ်ပါတယ်။ အမျိုးသမီးဆီက မျိုးဥတွေကို ယူ၊ ဓာတ်ခွဲခန်းမှာ အမျိုးသားရဲ့ သုက်ကောင်နဲ့ပေါင်း၊ ပြီးမှ သန္ဓေသားလေးကို သားအိမ်ထဲ ပြန်ထည့်ပေးတဲ့ နည်းလမ်း ဖြစ်ပါတယ်။

    IVFမှာ သုံးတဲ့ တခြား နည်းလမ်းတွေကတော့

    • မျိုးဥထဲ သုက်ကောင် တိုက်ရိုက်ထည့်သွင်းနည်း
    • မျိုးအောင်ပြီးသား သန္ဓေသားလေးရဲ့ အပေါ်ယံအလွှာကို ဖွင့်ပြီး သားအိမ်နံရံကို တွယ်စေခြင်း
    • အလှူရှင်ဆီကနေ မျိုးဥ ဒါမှမဟုတ် သုက်ကောင်ကို ယူ၍ သန္ဓေအောင်စေခြင်း
    • မျိုးအောင်ပြီးသား ကိုယ်ပိုင်သန္ဓေသားကို တခြားသူရဲ့ သားအိမ်နဲ့ ကိုယ်ဝန်ဆောင်စေခြင်း (အငှားကိုယ်ဝန်ဆောင်စေခြင်း) စတာတွေ ပါပါတယ်။

    Takeaways

    ဒီလောက်ဆိုရင် ကလေးမရတဲ့သူတွေ ဘယ်လိုနည်းလမ်းတွေနဲ့ ကလေးရ အောင် လုပ်လို့ရတယ်ဆိုတာ သိလောက်ပါပြီ။ ဒီနေရာမှာ ပြောချင်တာက စမ်းသပ်စစ်ဆေးတဲ့ နေရာမှာ ဖြစ်တဲ့အကြောင်းရင်းပေါ်မူတည်ပြီး စစ်ဆေးတဲ့ နည်းလမ်းတွေ မတူနိုင်ပါဘူး။ အကုန်လုံးစစ်ဖို့ လိုချင်မှလည်း လိုမှာပါ။ ကုသနည်းတွေကလည်း ဒီတိုင်းပါပဲ။ လုပ်လို့ရတာ ရှိသလို မရတာလည်း ရှိမှာပါ။ အသေးစိတ်ကို သက်ဆိုင်ရာ ဆရာဝန်နဲ့ မေးမြန်းဖို့ အကြံပြုလိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 26/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement