backup og meta

အမျိုးသမီးများ သားကြောဖြတ် ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသမီးများ သားကြောဖြတ် ခြင်း

    သားကြောဖြတ် တယ်ဆိုတာ သားဆက်ခြားနည်းတွေထဲက တစ်ခုပါ။ အကြောင်းအမျိုးမျိုးကြောင့် အမျိုးသမီးက ကိုယ်ဝန်ထပ်ဆောင်ဖို့ အဆင်မပြေတော့ရင် ဒါမှမဟုတ် ဇနီးမောင်နှံက ဆန္ဒလည်းရှိတယ်၊ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတယ်ဆိုရင် သားကြောဖြတ်လို့ရပါတယ်။ သားကြောဖြတ်တာက သားဆက်ခြားနည်းတွေထဲမှာ အလုပ်အရှုပ်ဆုံးလို့ ပြောလို့ရပါတယ်။ ကိုယ်က သားကြောဖြတ်ချင်ပေမယ့် သတ်မှတ်ချက်တွေနဲ့ ကိုက်ညီရပါတယ်။ ကိုက်ညီတာတောင်မှ သက်ဆိုင်ရာ ဘုတ်အဖွဲ့ရဲ့ ခွင့်ပြုချက်လိုပါတယ်။  သားကြောဖြတ်တာရဲ့ လုပ်ငန်းစဉ်က သာမန်လူတွေနဲ့ သိပ်မရင်းနှီးပါဘူး။ ဒါကြောင့် ဗဟုသုတအနေနဲ့ ကျန်းမာရေးနဲ့ ဝန်ကြီးဌာနက ၂၀၁၉က ထုတ်ပြန်ထားတဲ့ သားကြောဖြတ်လုပ်ငန်းစဉ်ကို ပြောပြပေးချင်ပါတယ်။

    အမျိုးသမီး သားကြောဖြတ် ခြင်း ဆိုသည်မှာ 

    သားကြောဖြတ်တာက အမျိုးသမီးရဲ့ သားဥပြွန်နှစ်ဖက်ကို ဖြတ်တောက်တဲ့ အသေးစား ခွဲစိတ်မှုပဲ ဖြစ်ပါတယ်။ ထိရောက်ပြီး စိတ်ချရပါတယ်။ သားကြောဖြတ်တဲ့ အမျိုးသမီး ၂၀၀မှာ ၁ယောက်လောက်ပဲ ကိုယ်ဝန်ပြန်ရနိုင်ချေ ရှိပါတယ်။ ရာသက်ပန် ကိုယ်ဝန်မရနိုင်တဲ့ နည်းလမ်း ဖြစ်လို့ သားကြောမဖြတ်ခင် ဇနီးမောင်နှံနှစ်ယောက် သေချာ တိုင်ပင်သင့်ပါတယ်။ ကလေးမယူဘူး သေချာမှသာ ဒီနည်းလမ်းကို အသုံးပြုသင့်ပါတယ်။

    အမျိုးသမီး သားကြောဖြတ် နိုင်တဲ့ အခြေအနေ

    အောက်က အချက်တွေထဲမှာ တစ်ချက် (ဒါမှမဟုတ်) တစ်ချက်ထက်ပိုပြီး ကိုက်ညီမှုရှိရင် သားကြောဖြတ်ဖို့ လျှောက်ထားနိုင်ပါတယ်။

  • LSCSလို့ ခေါ်တဲ့ သားအိမ်အောက်ပိုင်းကနေ ခွဲစိတ်တဲ့နည်းလမ်း (ဗိုက်ခွဲပြီး ကလေးမွေးခြင်း) နဲ့ အနည်းဆုံး နှစ်ကြိမ် မွေးဖွားဖူးတဲ့ ကိုယ်ဝန်ဆောင်မိခင် (အသက်ကန့်သတ်ချက်မရှိ)
  • အသက် ၃၀ပြည့်ပြီး LSCSနည်းနဲ့ တစ်ကြိမ် မွေးဖွားဖူးတဲ့ ကိုယ်ဝန်ဆောင်မိခင် (အသက်ရှင်လျက်ကလေး အနည်းဆုံးတစ်ဦး ရှိရမယ်)
  •  USCS လို့ ခေါ်တဲ့ သားအိမ်အပေါ်ပိုင်းကနေ ခွဲစိတ်တဲ့နည်းလမ်း (ဗိုက်ခွဲပြီး ကလေးမွေးခြင်း)နဲ့ အနည်းဆုံး တစ်ကြိမ် မွေးဖွားဖူးတဲ့အမျိုးသမီး
  • သက်ဆိုင်ရာ အထူးကုဆရာဝန် သို့မဟုတ် မြို့နယ်ဆရာဝန်မှ ကိုယ်ဝန်မဆောင်သင့်ကြောင်း ထောက်ခံချက် ပေးထားသော အမျိုးသမီး (ကိုယ်ကျန်းမာရေး အရဖြစ်စေ၊ စိတ်ကျန်းမာရေး အရဖြစ်စေ၊ အမျိုးသမီး ရောဂါ တစ်ခုခုရှိ၍ ဖြစ်စေ)
  • ယခင်မွေးဖွားမှုတွင် အသက်အန္တရာယ် ဖြစ်ပေါ်ခဲ့မှုကြောင့် နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်ရာတွင် အသက်အန္တရာယ်ဖြစ်ပေါ်နိုင်သော အမျိုးသမီး
  • အသက်ရှင်လျက်ရှိသော ကလေး ၃ဦး ရှိသည့် အမျိုးသမီး (အသက်ကန့်သတ်ချက်မရှိ)
  • အသက် ၃၀ပြည့်ပြီး အသက်ရှင်လျက် ကလေး ၂ဦး ရှိသည့် အမျိုးသမီး
  • အသက် ၃၅ပြည့်ပြီး အသက်ရှင်လျက် ကလေး ၁ဦး ရှိသည့် အမျိုးသမီး
  • အသက် ၄၀နှင့်အထက် အမျိုးသမီး (ကလေး ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ)
  • ယခင် ကိုယ်ဝန်တွင် မျိုးရိုးဗီဇဆိုင်ရာ ချို့ယွင်းမှု သို့မဟုတ် ရောဂါဖြစ်ခဲ့၍ နောက်ကိုယ်ဝန်တွင် ထပ်မံဖြစ်ပေါ်ရန် အလားအလာ ရှိသည့်အမျိုးသမီး
  • အထက်ပါ အချက်များနှင့် တိုက်ရိုက် မကိုက်ညီသော်လည်း နှီးနွှယ်သော အခြေအနေများရှိပါက တစ်ဦးချင်း အနေဖြင့် စိစစ်ဆောင်ရွက်ပေးရန်
  • သားကြောဖြတ် ဖို့ ဘုတ်အဖွဲ့ ထောက်ခံချက်လိုတယ်ဆိုတာ

    အပေါ်က အချက်တွေနဲ့ ကိုက်ညီရုံနဲ့ သားကြောဖြတ်လို့ မရသေးပါဘူး။ ကိုယ်သားကြောဖြတ်ချင်တဲ့ အကြောင်းကို ဘုတ်အဖွဲ့ကို စာတင်ရပါတယ်။ လုပ်ငန်းစဉ်ကတော့

  • အရင်ဆုံး မိမိနဲ့ အနီးစပ်ဆုံး အစိုးရဆေးရုံမှာ သားကြောဖြတ်လျှောက်လွှာ ထုတ်ယူပါ။
  • သားကြောဖြတ်လျှောက်လွှာကို သေချာဖြည့်ပါ။ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို စုဆောင်းထားပါ။
  • ပြီးရင် လျှောက်လွှာကို ပြန်သွားထပ်ပါ။
  • လျှောက်လွှာ အနည်းအများ ပေါ်မူတည်ပြီး နှစ်ပတ် တစ်ကြိမ် ဒါမှမဟုတ် တစ်လတစ်ကြိမ် အစည်းအဝေး လုပ်ကြပါတယ်။
  •  လုပ်ပြီး လျှောက်လွှာတွေကို စိစစ်ခွင့်ပြုပါတယ်။ ခွင့်ပြုချက်ရတဲ့ သူတွေကို အကြောင်းကြားပေးပါတယ်။
  • အကြောင်းကြားခံရရင် ခွင့်ပြုစာ ထုတ်ပြီး သားကြောဖြတ်နိုင်ပါပြီ။
  • သားကြောဖြတ်တာနဲ့ ပတ်သတ်ပြီး သိသင့်တာတွေ

    အမျိုးသမီး သားကြောဖြတ်ခြင်းကြောင့်

    • လိင်ဆက်ဆံရာတွင် အနှောင့်အယှက် မဖြစ်စေပါ။
    • ခန္ဓာကိုယ်ရဲ့ သဘာဝဟော်မုန်းထုတ်တဲ့ ဖြစ်စဉ်ကို ထိခိုက်မှု မရှိပါ။
    • ကျန်းမာရေးနဲ့ ပတ်သတ်ပြီး နာတာရှည်ဆိုးကျိုး မရှိပါ။

    နောက်ထပ်သတိထားရမှာတော့

    • အမျိုးသမီး သားကြောဖြတ်ပြီးရင် ကလေးမရနိုင်တော့ပါ။
    • ခွဲစိတ်မှုက အယောက် ၂၀၀မှာ ၁ယောက် မအောင်မြင်တာမျိုး ဖြစ်တတ်ပါတယ်။
    • ခွဲစိတ်ရတဲ့အတွက် တခြား ခွဲစိတ်မှုတွေလိုပဲ နောက်ဆက်တွဲ ဆိုးကျိုးများ ရှိနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement