backup og meta

ကလေးလေးမှာ မွေးရာပါချို့ယွင်းချက် တွေ မပါစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးလေးမှာ မွေးရာပါချို့ယွင်းချက် တွေ မပါစေဖို့

    တချို့ကလေးတွေ မွေးလာရင် နှုတ်ခမ်းကွဲ အာခေါင်ကွဲတို့၊ ကျောရိုးမှာ အပေါက်ကြီးနဲ့လို့ တွေ့ဖူးကြမလားမသိ။ ဒါတွေဟာ မွေးရာပါချို့ယွင်းချက်တွေပေါ့။ ကလေးမွေးပြီးလို့ ထွက်လာရင် ပြောတတ်ကြတာက ယောကျာ်းလေးပါ ဒါမှမဟုတ် မိန်းကလေးပါ။ ကိုယ်လက်အင်္ဂါစုံပါတယ်လို့ ပြောမှ ဟင်း ချနိုင်ကြတာပါ။ မိဘတွေ အနေနဲ့လည်း ကလေးက ချို့ယွင်းချက်လေးတွေ ပါလာရင် စိတ်မကောင်းဖြစ်ကြသလို သက်တမ်းစေ့မှ နေရပါ့မလားလို့လည်း စိုးရိမ်တတ်ကြပါတယ်။ ဒါကြောင့် ကလေးတွေမှာ မွေးရာပါချို့ယွင်းချက် မပါအောင် ဘယ်လိုနေထိုင်ရမလဲဆိုတာ ပြောပြပေးပါမယ်။

    မွေးရာပါချို့ယွင်းချက် ဆိုတာ

    မွေးရာပါ ချို့ယွင်းချက်တွေမှာ တချို့က teratogenလို့ ခေါ်တဲ့ ပစ္စည်းတွေကြောင့် ဖြစ်တာပါ။ Teratogenထဲမှာ ဓာတုပစ္စည်းတွေ၊ ဆေးတွေ၊ ရောဂါပိုးမွှားတွေ စသဖြင့် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ မွေးရာပါ ချို့ယွင်းချက်တွေက အကုန်လုံးကို ကာကွယ်လို့ ရချင်မှ ရမှာပါ။ ဒီချို့ယွင်းချက်တွေထဲက ၄-၅ ရာခိုင်နှုန်းက teratogenတွေကြောင့် ဖြစ်တာပါ။ ဒါတွေကို ရှောင်နိုင်ရင် ကလေးကို ချို့ယွင်းချက်မပါအောင် ကာကွယ်လို့ ရပါတယ်။

    မွေးရာပါချို့ယွင်းချက် တွေကို ကာကွယ်ဖို့

    မေမေတို့ အနေနဲ့ ကလေးတွေကို ခြေစုံ လက်စုံမွေးလာချင်တယ်။ ကျန်းမာစေချင်တယ်ဆိုရင် သေချာ ဂရုစိုက်ပေးရမှာပါ။ ဘယ်အချိန်ကတည်းကလဲဆိုရင် ကိုယ်ဝန်ဆောင်မယ်လို့ ဆုံးဖြတ်လိုက်တဲ့ အချိန်တည်းကပေါ့။ ကိုယ်ဝန် ပထမ ၃လက အနုနယ်ဆုံးအချိန်ပါ။ ကလေးရဲ့ ကိုယ်တွင်းအင်္ဂါတွေ တစ်ခုပြီး တစ်ခု စဖြစ်နေတဲ့ အချိန်ပေါ့။ အဲ့ဒီအချိန်မှာ တစ်ခုခု ချွတ်ချော်သွားခဲ့ရင် ချို့ယွင်းချက်လေးတွေ ပါလာနိုင်ပါတယ်။

    မေမေတော်တော်များများက ကိုယ်ဝန်ရှိလို့ ကိုယ်ဝန်လာအပ်ရင် ၃လတို့ ၄လတို့ ဖြစ်နေပါပြီ။ အဲ့ဒီအချိန်မှာ ဆရာမတို့က ဆောင်ရန် ရှောင်ရန်တွေကို မှာလိုက်ပေမယ့် စိတ်ထဲမှာလည်း ဘာမှမဖြစ်ပါစေနဲ့လို့ ဆုတောင်းနေရပါပြီ။ နုနယ်တဲ့အချိန်ကို ကျော်လာပြီကိုး။ ဒီတော့ ကိုယ်ဝန်ဆောင်မယ့် မေမေတွေကို မှာချင်တာလေးတွေ ရှိပါတယ်။

    ကြိုစီစဉ်ပါ။

    ကလေးယူမယ်လို့ စီစဉ်ထားရင် အနည်းဆုံး ဖောလစ်အက်စစ် ၄၀၀ မိုက်ခရိုဂရမ်ကို နေ့တိုင်းသောက်ပေးပါ။ လေ့လာချက်တွေအရ ကိုယ်ဝန်မဆောင်ခင် အနည်းဆုံး တစ်လလောက် ကြိုသောက်ထားရင် ကလေးမှာ မွေးရာပါ ဦးနှောက်မဖွံ့ဖြိုးတာတို့၊ ကျောရိုးဟနေတာတို့ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်တဲ့။ နောက်ပြီး ကိုယ်ဝန်ယူမယ်ဆုံးဖြတ်ထားရင် သားဖွားဆရာဝန်နဲ့ ကြိုအပ်ထားပါ။ ကိုယ်ဝန်မရှိခင်ထဲက ကြိုအပ်ထားရင် သူက ဆောင်ရန် ရှောင်ရန်တွေ ပြောပြပြီး လိုအပ်တဲ့ ဆေးတွေ ပေးပါလိမ့်မယ်။ ဒါက ကိုယ့်အတွက် ပိုစိတ်ချရပါတယ်။ ကိုယ်ဝန်ရှိရင်လည်း စောစောသိနိုင်ပါတယ်။

    အန္တရာယ်များတာတွေကို ရှောင်ပါ။

    အန္တရာယ်ဆိုတာ ခုနကပြောတဲ့ Teratogenတွေပါပဲ။

    • အရက်

    အရက်က ကိုယ်ဝန်ချိန်မှာ ဘယ်လောက်ဖြစ်ဖြစ် အန္တရာယ်ပါပဲ။ ကိုယ်ဝန်ဆောင်တွေအတွက် စိတ်ချလက်ချ သောက်လို့ရတဲ့ အရက်ပမာဏဆိုတာ မရှိပါဘူး။ အရက်သောက်တတ်ရင် ကိုယ်ဝန်ယူမယ်လို့ စဉ်းစားထားကတည်းက ဖြတ်လိုက်ဖို့ အကြံပေးလိုပါတယ်။ အရက်က ချက်ကြိုးကတဆင့် ကလေးဆီရောက်ပြီး  fetal alcohol syndromeလို့ ခေါ်တဲ့ ရောဂါစု ဖြစ်တတ်လို့ပါ။

    • ဆေးလိပ်

    ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးလိပ်လည်း မသောက်ပါနဲ့။ ဆေးလိပ်ငွေ့လည်း မရှူမိပါစေနဲ့။ ဆေးလိပ်မှာပါတဲ့ ဓာတ်တွေက နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကို ဖြစ်စေပါတယ်။

    • မူးယစ်ဆေး

    ကိုယ်ဝန်ကြီးနဲ့ မူးယစ်ဆေးမသုံးဘူးလို့ ယူဆပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ရှိနေပြီလို့ သိလိုက်ရတဲ့အချိန်မှာ မူးယစ်ဆေးသုံးမိလျက်သားကြီး ဖြစ်နေတတ်ပါတယ်။ marijuana အပါအဝင် တခြား မူးယစ်ဆေးတွေက မွေးရာပါ ချို့ယွင်းချက်အပြင် လမစေ့ ပေါင်မပြည့်ဘဲ မွေးတာကိုပါ ဖြစ်စေပါတယ်။

    • ရောဂါပိုးမွှားများ

    ကိုယ်ဝန်ဆောင်တွေ၊ ကိုယ်ဝန်ယူဖို့ ပြင်နေတဲ့သူတွေက နေမကောင်းတဲ့ သူနားကို မကပ်ပါနဲ့။ အထူးသဖြင့် ဖျားပြီး အနီစက်ထွက်၊ နှာရည်ယိုနေတဲ့ ကလေးတွေနားပေါ့။ ကလေးတွေမှာ ရေကျောက်တို့၊ ဝက်သက်တို့၊ ဂျိုက်သိုးတို့ ဖြစ်နေရင် ကိုယ်ဝန်သည်ကို ကူးပြီး ဗိုက်ထဲက ကလေးဆီရောက်တတ်ပါတယ်။ အမေက ပြဿနာ မရှိပေမယ့် ကလေးက မွေးရာပါ နားမကြားတာ၊ မျက်လုံးမမြင်တာတွေ ဖြစ်တတ်ပါတယ်။

    နောက်ပြီး ကိုယ်ဝန်ဆောင်မေမေ ကြောင်အသစ်မမွေးပါနဲ့။ အိမ်မှာရှိပြီးသားကြောင်နဲ့ လက်ပွန်းတတီးနေတာ၊ ကြောက်ချေးကိုင်တာ စတာတွေလည်း ရှောင်ပေးပါ။ ကြောင်ချေးမှာပါတဲ့ Toxoplasmaလို့ ခေါ်တဲ့ ကပ်ပါးကောင်က ကလေးကို ဒုက္ခပေးပါလိမ့်မယ်။

    • အပူတက်ခြင်း၊ အဖျားကြီးခြင်း

    ကိုယ်ဝန်ဆောင်မေမေ ကိုယ်အပူချိန်မတက်ပါစေနဲ့။ ရေပူထဲမှာ အကြာကြီးစိမ်တာမျိုး မလုပ်ပါနဲ့။ ဖျားရင်လည်း မြန်မြန်သက်သာအောင် လုပ်ပါ။ အမေကိုယ်အပူချိန်တက်တာက ကလေးမှာ ကျောရိုးပွင့်ပြီး အာရုံကြောထွက်တဲ့ ပြဿနာ ဖြစ်တတ်ပါတယ်။

    ကျန်းမာရေးကို ဂရုစိုက်ပါ။

    • ဆီးချို

    ကိုယ့်မှာ နဂိုတည်းက ဆီးချိုရောဂါရှိတယ်ဆိုရင် ဆရာဝန်နဲ့ သေချာပြပြီး ဆီးချိုကောင်းအောင် ထိန်းပါ။ ဒါမှ ကလေးကို ထိခိုက်နိုင်ချေ နည်းမှာပါ။

    • ကိုယ်အလေးချိန်

    အဓိကကတော့ အဝလွန်နေတာပေါ့။ အဝလွန်နေတဲ့ အမျိုးသမီး ကိုယ်ဝန်ဆောင်ရင် မွေးရာပါချို့ယွင်းချက်ပါလာဖို့ အခွင့်အလမ်းပိုများပါတယ်။ ဒါကြောင့် ကိုယ်ဝန်ယူမယ်ဆို အရင်ဆုံး ကိုယ်အလေးချိန်လျှော့ပါ။ သင့်တော်တဲ့ ကိုယ်အလေးချိန်ရောက်မှ ကိုယ်ဝန်ယူတာက အမေအတွက်ရော ကလေးအတွက်ရော ကောင်းပါတယ်။

    ဆရာဝန်နဲ့ အမြဲမပြတ်တိုင်ပင်ပါ။

    ကိုယ်ဝန်ဆောင်တစ်ယောက်က အရင်လို ဆေးကို လွတ်လွတ်လပ်လပ် သောက်လို့ မရတော့ပါဘူး။ တချို့ဆေးတွေက သာမန်လူတွေ သောက်ရင် ပြဿနာ မရှိပေမယ့် ကိုယ်ဝန်ဆောင်တွေအတွက် teratogenဖြစ်တတ်ပါတယ်။ ဒါဆို ကလေးမှာ ချို့ယွင်းချက်ဖြစ်လာမှာပါ။ အကောင်းဆုံးက ကိုယ်ဝန်ယူမယ်လို့ စီစဉ်ထားရင် သောက်လက်စဆေးတွေ သားဖွားဆရာဝန်ကို ယူသွားပြပါ။ သူကကြည့်ပြီး မတည့်တာတွေ လဲပေးပါလိမ့်မယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ နေမကောင်းလို့ တစ်ခုခုသောက်မယ်ဆိုရင်လည်း ဆရာဝန်နဲ့ အရင်တိုင်ပင်တာ ပိုကောင်းပါတယ်။ ကိုယ့်သဘောနဲ့ ကိုယ်မသောက်ပါနဲ့။ နေမကောင်းလို့ ဆေးခန်းပြရင်လည်း ကိုယ်ဝန်ယူဖို့ စီစဉ်ထားတယ်။ ကိုယ်ဝန်ရှိတယ် စသဖြင့် ဆရာဝန်ကို အသိပေးပါ။ ဒါမှ ဆေးရှောင်ပေးလို့ရမှာပါ။

    နောက်တစ်ခုက ဓာတ်မှန်ပါ။ ကိုယ်ဝန်ဆောင်တွေကို တော်ရုံတန်ရုံ ဓာတ်မှန်ရိုက်ပေးလေ့မရှိပါဘူး။ ဒီဓာတ်မှန်ရောင်ခြည်က ကလေးကို ထိခိုက်တတ်လို့ပါ။ ဒါကြောင့် ဆေးစစ်ရင်း ဓာတ်မှန်ရိုက်ဖို့ လိုအပ်လာရင် ဆရာဝန်ကို ကိုယ်ဝန်ဆောင်ဖို့ လုပ်ထားတယ်။ ကိုယ်ဝန်ရှိနေတယ် စသဖြင့် ကြိုပြောပါ။ မဖြစ်မနေ ရိုက်ကို ရိုက်မှ ဖြစ်မယ့် အနေအထားဆိုရင်တော့ ဗိုက်ကို ကာပြီး ရိုက်ပေးပါလိမ့်မယ်။

    ကိုယ်ဝန်ဆောင်ချိန်ဟာ မိသားစု အသစ်ဝင်ကို ကြိုဆိုတဲ့ကာလဖြစ်လို့ စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ဒီမိသားစုဝင်လေး ကျန်းကျန်းမာမာမွေးလာမှာကိုလည်း အားလုံးက မျှော်လင့်နေမှာပါ။ ဒါကြောင့် နုနယ်တဲ့ ကိုယ်ဝန်လေးကို အစစအရာရာ သတိကပ်ပြီး ဂရုစိုက်ဖို့ မမေ့ပါနဲ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement