စုံတွဲတွေ ကလေးမရ တာ ဘာကြောင့်လဲ

စုံတွဲတွေ ကလေးမရ တာ ဘာကြောင့်လဲ

ရတာမလို၊ လိုတာမရတဲ့ အထဲမှာ သားသမီးရတနာလည်း ပါပါတယ်။ မလိုချင်တဲ့ သူတွေကျတော့ တစ်ကြိမ်တစ်ခါလောက်နဲ့ ထီပေါက်သွားသလို လိုချင်တဲ့ သူတွေကျတော့လည်း သားဆုပန်တာတောင် ခက်ခဲနေတုန်းပါပဲ။ နောက်ပြီး ကလေးရမရဆိုတာ မိန်းမနဲ့ပဲ ဆိုင်တာ မဟုတ်ပါဘူး။ နှစ်ယောက်ပေါင်းမှ တစ်ဘဝဖြစ်တဲ့အတွက် မိန်းမကြောင့်လည်း ဖြစ်နိုင်သလို ယောကျာ်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လက်ထပ်ပြီးတာကြာတဲ့ စုံတွဲတွေက ကလေးမရ တဲ့အခါ ကိုယ်ကိုယ်တိုင်ရော၊ ဆွေမျိုးမိဘတွေရဲ့ ဖိအားကြောင့်ရော စိတ်ညစ်ရတတ်ပါတယ်။ ဒါကြောင့် ဘယ်လောက်ကြာတဲ့အခါ ကလေးမရရင် ဆရာဝန်နဲ့ တိုင်ပင်ရမလဲ။ ဘာအကြောင်းတွေကြောင့် ဖြစ်နိုင်လဲဆိုတာ ဆက်ကြည့်ရအောင်။

ဘယ်လိုအခါမျိုးမှာ မျိုးမအောင်ဘူးလို့ ပြောမှာလဲ။

ယေဘုယျအားဖြင့်တော့ မျိုးမအောင်ဘူးလို့ ပြောဖို့အတွက် အကာအကွယ်မပါဘဲ လိင်ဆက်ဆံတာ ၁နှစ်ရှိတာတောင် ကလေးမရဘူးဆိုရင် မျိုးမအောင်ဘူးလို့ ပြောလို့ရပါတယ်။ နောက်ပြီးတော့ အမျိုးသမီးတွေက အသက်ကြီးလာလေလေ မျိုးအောင်နိုင်စွမ်းကျလာလေလေပါပဲ။ ဒါကြောင့် ခုနောက်ပိုင်းမှာ အသက်၃၅နှစ်အထက် အမျိုးသမီးတစ်ယောက် အကာအကွယ်မပါဘဲ အတူနေတာ ၆လကျော်တာတောင် ကလေးမရဘူးဆိုရင် ဆရာဝန်နဲ့ ပြဖို့ အကြံပြုပါတယ်။

ကိုယ်ဝန်ဆောင်နိုင်ဖို့ဆိုရင်

  • အမျိုးသမီးက သားဥကြွေရပါမယ်။
  • အမျိုးသားရဲ့ သုက်ပိုးနဲ့ ပေါင်းရပါမယ်။
  • မျိုးအောင်ထားတဲ့ ဥလေးက သားဥပြွန်ကနေတစ်ဆင့် သားအိမ်ထဲကို သွားနိုင်ရပါမယ်။
  • သားအိမ်ထဲမှာ သားဥပြွန်လေး တွယ်နိုင်ရပါမယ်။

ဒါမှ ကောင်းကောင်းကိုယ်ဝန်ဆောင်နိုင်မှာပါ။ ဒီအဆင့်တွေထဲမှာ ပြဿနာ တစ်ခုခုရှိနေရင် ကိုယ်ဝန်ရဖို့ ခဲယဥ်းမှာပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသင့်လဲ။

ဘယ်စုံတွဲပဲဖြစ်ဖြစ် အကာအကွယ်မပါဘဲ အတူနေတာ တစ်နှစ်ကြာတဲ့အထိ ကလေးမရ ဘူးဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။ ဒါ့ပြင်

အမျိုးသမီးတွေ အနေနဲ့

  • အသက်၃၅နှစ်အထက် အကာအကွယ်မပါဘဲ အတူနေတာ ၆လကြာတဲ့အထိ ကလေးမရတာ
  • အသက်၄၀အထက်
  • ရာသီမမှန်တာ၊ ထိမ်တာ
  • ရာသီလာစဉ် ပြင်းပြင်းထန်ထန် နာကျင်ကိုက်ခဲတာ
  • အရင်က ကိုယ်ဝန်ဆောင်ဖို့ ပြဿနာရှိတဲ့သူတွေ
  • မျိုးပွားအင်္ဂါ ပိုးဝင်ရောင်ရမ်းဖူးတဲ့သူတွေ၊ သားအိမ်တစ်ရှူး နေရာမှားတဲ့ သူတွေ
  • ခဏခဏ ကိုယ်ဝန်ပျက်ဖူးတဲ့ သူတွေ
  • ကင်ဆာအတွက် ကုသမှု ခံယူဖူးတဲ့သူတွေ

အမျိုးသားတွေ အနေနဲ့ကတော့

  • သုက်ကောင်ရေ နည်းနေတဲ့သူတွေ၊ သုက်ကောင်ပုံမမှန်တဲ့ သူတွေ
  • ဝှေးစေ့၊ ဆီးကျိတ် နဲ့ လိင်ပိုင်းဆိုင်ရာ ပြဿနာရှိတဲ့သူတွေ
  • ကင်ဆာရောဂါအတွက် ကုသမှု ခံယူထားတဲ့ သူတွေ
  • ဝှေးစေ့သေးလွန်းတာ ဒါမှမဟုတ် ကပ္ပာယ်အိတ်မှာ အကြိတ်ရှိတဲ့ သူတွေ
  • မိသားစုထဲမှာ မျိုးမအောင်တဲ့ ပြဿနာရှိတဲ့သူတွေကတော့ ကလေးယူမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

ဘာကြောင့် ကလေးမရ ရတာလဲ။

ကလေးမရတာကို တရားခံရှာမယ်ဆိုရင် အမျိုးသမီးကြောင့်က သုံးပုံ တစ်ပုံ၊ အမျိုးသားကြောင့်က သုံးပုံတစ်ပုံ၊ တခြားအကြောင်းရင်း ဒါမှမဟုတ် ဘာကြောင့်မှန်းမသိတာက သုံးပုံတစ်ပုံ ဆိုပြီး ရှိပါတယ်။

အမျိုးသမီး ပြဿနာများ

  • မျိုးဥကြွေခြင်း ပြဿနာ

PCOS လိုမျိုး သားဥအိမ်မှာ အရည်အိတ်တည်ပြီး ဟော်မုန်းထွက်မမှန်တာ၊ ပရိုလက်တင်လို့ခေါ်တဲ့ နို့ရည်ထုတ် ဟော်မုန်းတွေ များနေတာကြောင့် မျိုးဥမကြွေတာ၊ သိုင်းရွိုက်ဟော်မုန်း များလွန်း နည်းလွန်းတာကြောင့် ရာသီစက်ဝန်းမမှန်တာ၊ တခြားအကြောင်းတွေကတော့ လေ့ကျင့်ခန်းအလွန်အကျွံ လုပ်တာ၊ အစားအသောက် စားလွန်းတာ ဒါမှမဟုတ် ရှောင်လွန်းတာ၊ ကင်ဆာကျိတ်ရှိနေတာ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

  • သားအိမ်နဲ့ သားအိမ်ခေါင်း ပြဿနာများ

သားအိမ်နဲ့ သားအိမ်ခေါင်းမှာ အသားပိုရှိနေတာ၊ အသားလုံးရှိနေတာကြောင့် သားဥပြွန်ကို မျိုးအောင်ပြီးသား မျိုးဥလေး မဆင်းနိုင်တာ၊ သားအိမ်မှာ မတွယ်နိုင်တာတွေ ဖြစ်နိုင်ပါတယ်။

  • သားဥပြွန် ပျက်စီးတာ၊ ပိတ်တာ

မျိုးပွားအင်္ဂါတွေ ပိုးဝင်ပြီး ရောင်ရမ်းတာ၊ လိင်က တစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကြောင့် သားဥပြွန် ရောင်ရမ်းတာတွေကြောင့် မျိုးအောင်ပြီးသား ဥလေး သားဥပြွန်ထဲကို ဆင်းမလာနိုင်တော့ပါဘူး။

  • သားအိမ်တစ်ရှူးနေရာလွဲခြင်း

သားအိမ်တစ်ရှူးက သားအိမ်အပြင် တခြားနေရာတွေဖြစ်တဲ့ သားဥအိမ်၊ သားအိမ်မျက်နှာပြင်၊ သားဥပြွန်မှာ ရှိနေတဲ့အခါ ကလေးရဖို့ ခက်ခဲ ပါတယ်။

  • အရွယ်မတိုင်ခင် သွေးဆုံးခြင်း

အသက်၄၀မတိုင်ခင် သားဥအိမ်က အလုပ်မလုပ်တော့ဘဲ ရာသီလည်း မလာတော့တာကို အရွယ်မတိုင်ခင် သွေးဆုံးတယ်လို့ ခေါ်ပါတယ်။ အကြောင်းရင်းကို သေချာမသိပေမယ့် ခုခံအား ကမောက်ကမဖြစ်တာ၊ မျိုးရိုးဗီဇရောဂါ၊ ကင်ဆာအတွက် ဆေးသွင်းတာ၊ ရောင်ခြည်ပြတာတွေကြောင့်လို့ ယူဆကြပါတယ်။

  • မျိုးပွားအင်္ဂါ အရွတ်တွယ်ခြင်း

မျိုးပွားအင်္ဂါတွေ ပိုးဝင်တာ၊ အူအတက်ရောင်တာ၊ သားအိမ်တစ်ရှူး နေရာလွဲတာ၊ ဝမ်းဗိုက်ခွဲစိတ်မှုတွေ လုပ်တာ စတာတွေကြောင့် မျိုးပွားအင်္ဂါတွေ အရွတ်တွယ်တတ်ပါတယ်။

  • ကင်ဆာနဲ့ ကုသမှုများ

အထူးသဖြင့် အမျိုးသမီးမျိုးပွားအင်္ဂါနဲ့ ဆိုင်တဲ့ ကင်ဆာတွေ၊ သူတို့ကို ကုတဲ့ ဆေးသွင်းနည်းတွေ၊ ရောင်ခြည်ပြတာတွေကြောင့် ကလေးရဖို့ အခက်အခဲ ရှိနိုင်ပါတယ်။

အမျိုးသား ပြဿနာများ

  • သုက်ကောင်ထုတ်တာ လျော့နည်းတာ၊ သုက်ကောင်တွေ ကောင်းကောင်း အလုပ်မလုပ်တာ

ဝှေးစေ့ ကပ္ပာယ်အိတ်ထဲမှာ မရှိတာ၊ မျိုးရိုးဗီဇပြဿနာတွေ ရှိတာ၊ ဆီးချို၊ ဆီးပူညောင်းကျ၊ ပါးချိတ်ရောင်ဖြစ်ဖူးတာ၊ HIVပိုးရှိတာ စတာတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒါ့ပြင် ဝှေးစေ့မှာ သွေးကြောတွေ ကြီးနေတဲ့ varicocele ရောဂါမှာလည်း သုတ်ကောင်တွေရဲ့ စွမ်းဆောင်ရည် ကျနိုင်ပါသေးတယ်။

  • သုက်ကောင်ကို ကောင်းကောင်း မသယ်ပို့နိုင်တာ

သုက်လွှတ်မြန်တာ၊ ဝှေးစေ့ထဲမှာ သုက်ပို့ပြွန် ပိတ်နေတာ၊ မျိုးပွားအင်္ဂါတွေ ထိခိုက်ဖူးတာ ဆိုရင်လည်း သုက်ကောင်ကို ကောင်းကောင်း ထုတ်နိုင်မှာ မဟုတ်ပါဘူး။

  • ပတ်ဝန်းကျင်မှ ဓာတုပစ္စည်းများ

တချို့သော ပေါင်းသတ်ဆေးတွေ၊ ရောင်ခြည်သင့်တာတွေ၊ ဆေးလိပ်သောက်တာတွေ၊ အရက်သောက်တာတွေ၊ မူးယစ်ဆေး သုံးတာတွေ၊ ခန္ဓာကိုယ်ကြီးထွားဖို့ စတီးရွိုက်သုံးတာတွေ၊ တချို့သော ဆေးဝါးတွေ၊ သွေးတိုးတာ၊ စိတ်ကျတာ၊ အပူနဲ့ ထိတွေ့တာ များတာ စတာတွေမှာလည်း သုက်ကောင်ထုတ်တာကို ထိခိုက်နိုင်ပါတယ်။

  • ကင်ဆာနဲ့ ကုသမှုများ

ကင်ဆာကုသမှုမှာ သုံးတဲ့ ရောင်ခြည်ပြတာတွေ၊ ကင်ဆာဆေးသွင်းတာတွေက သုက်ကောင်ထုတ်လုပ်တာကို ထိခိုက်နိုင်ပါတယ်။

ဘယ်သူတွေမှာ ကလေးမရ တာ ပိုဖြစ်နိုင်လဲ။

  • အသက်အရွယ်

အမျိုးသမီးတွေက အသက်ကြီးလာလေလေ ကလေးရနိုင်ချေ နည်းလေပါပဲ။ အသက်၃၀လောက်ကစပြီး ကလေးရဖို့ ခက်လာပါတယ်။ ၃၇နောက်ပိုင်းဆိုရင်တော့ ပိုပြီးခက် လာပါပြီ။ ဖြစ်နိုင်တာက အသက်ကြီးလာတာနဲ့အမျှ မျိုးဥကြွေတဲ့ အရေအတွက်နဲ့ မျိုးဥရဲ့ အရည်အသွေးက ပိုပြီး ကျလာလို့ပါ။ အမျိုးသားတွေအတွက်ကတော့ အသက်၄၀ကျော် အမျိုးသားတွေက သူတို့ထက် ပိုငယ်သူတွေထက် ကလေးရဖို့ ခဲယဥ်းပါတယ်တဲ့။

  • ဆေးလိပ်သောက်တာ

ဆေးလိပ်သောက်တာဖြစ်ဖြစ်၊ ဆေးရွက်ကြီးသုံးတာဖြစ်ဖြစ် ကိုယ်ဝန်ရဖို့ကို ခက်တတ်ပါတယ်။ ဒါ့ပြင် ကိုယ်ဝန်ရဖို့ ဆေးကုနေတာကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ပြီးတော့ ဆေးလိပ်သောက်တဲ့၊ ဆေးလိပ်ငွေ့ရှူတဲ့ အမျိုးသမီးတွေက ကိုယ်ဝန်ပျက်ကျနိုင်ချေ များပါတယ်။ အမျိုးသားတွေမှာလည်း ဆေးလိပ်သောက်တဲ့သူတွေက လိင်တံ မထောင်မတ်နိုင်တာ၊ သုက်ကောင်နည်းတာတွေ ဖြစ်တတ်ပါတယ်။

  • အရက်သောက်တဲ့ သူတွေ

ကလေးယူဖို့ ကြိုးစားနေတဲ့ အမျိုးသမီးတွေအတွက်ပဲ ဖြစ်ဖြစ်၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက်ပဲ ဖြစ်ဖြစ် စိတ်ချ လက်ချ သောက်နိုင်တဲ့ အရက်ပမာဏဆိုတာ မရှိပါဘူး။ အမျိုးသားတွေမှာလည်း အရက်သောက်သူတွေက သုက်ကောင်လျော့နည်းတာ၊ သုက်ကောင် ကောင်းကောင်း မလှုပ်နိုင်တာတွေ ဖြစ်တတ်ပါတယ်။

  • အဝလွန်ခြင်း

အမျိုးသားပဲ ဖြစ်ဖြစ်၊ အမျိုးသမီးပဲ ဖြစ်ဖြစ် အဝလွန်မယ်ဆိုရင် ကလေးရဖို့ အခက်အခဲ ရှိပါတယ်။

  • ကိုယ်အလေးချိန်မပြည့်ခြင်း

တချို့သော အမျိုးသမီးတွေအနေနဲ့ အလွန်အကျွံ ဝိတ်ချတာ၊ အစားရှောင်တာ၊ သင့်တော်တဲ့ ကိုယ်အလေးချိန်မရှိတာ စတာတွေက ကလေးရဖို့ အခက်အခဲ ဖြစ်စေပါတယ်။

  • လေ့ကျင့်ခန်း ပြဿနာများ

လေ့ကျင့်ခန်း မလုပ်တဲ့သူတွေကျတော့ ကိုယ်အလေးချိန်များပြီး ကလေးမရတတ်ပါဘူး။ တစ်ခါ ပြင်းပြင်းထန်ထန် အားကစားလုပ်တဲ့ အမျိုးသမီးတွေကျတော့လည်း ရာသီထိမ်တတ်လို့ ကလေးမရပြန်ပါဘူး။

ဘယ်လို ကာကွယ်ကြမလဲ။

တချို့သော မျိုးမအောင်စေတဲ့ အကြောင်းရင်းတွေက ကာကွယ်လို့ မရပါဘူး။ ဒါပေမယ့် တချို့သော အချက်တွေကတော့ ကလေးရဖို့ အထောက်အကူပြုနိုင်ပါတယ်။

စုံတွဲများအတွက်

သားဥကြွေခါနီးအချိန်မှာ အတူနေတာက ကိုယ်ဝန်ရနိုင်ချေကို မြင့်စေပါတယ်။ မျိုးဥကြွေချိန်ရဲ့ ရှေ့၅ရက် နောက်၅ရက်မှာ အတူနေတာက ကလေးရနိုင်ချေကို မြင့်စေပါတယ်။

အမျိုးသားများအတွက်

  • ဆေးလိပ်နဲ့ အရက်ဖြတ်ပါ။
  • ဝှေးစေ့နားမှာ အပူချိန်များလွန်းတာကို ရှောင်ပါ။
  • ပတ်ဝန်းကျင်က ဓာတုပစ္စည်းတွေကို တတ်နိုင်သမျှ ရှောင်ပါ။
  • သင့်တင့်တဲ့ လေ့ကျင့်ခန်း လုပ်ပါ။

အမျိုးသမီးများအတွက်

  • ဆေးလိပ်ဖြတ်ပါ။
  • အရက်ဖြတ်ပါ။
  • ကော်ဖီလျှော့သောက်ပါ။
  • ကိုယ်အလေးချိန်ကို ထိန်းပါ။
  • သင့်တော်တဲ့ လေ့ကျင့်ခန်း တစ်ခုခုလုပ်ပါ။

Takeaways


ကလေးမရ ရတဲ့ အကြောင်းရင်းက အများကြီးရှိပါတယ်။ ကိုယ်ဝန်ဆောင်ဖို့ဆိုတာ သုက်ကောင်လေးနဲ့ မျိုးဥလေးနဲ့ ပေါင်းရတာဖြစ်တဲ့အတွက် နှစ်ယောက်လုံးမှာ တာဝန်ရှိပါတယ်။ ဒါကြောင့် ကိုယ်ဝန်ရဖို့ အခက်အခဲရှိတယ်ဆိုရင် နှစ်ယောက်လုံးကို ကျန်းမာရေး စစ်ဆေးသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 23/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement
advertisement
advertisement
advertisement