backup og meta

ကလေး ယူတော့မယ်ဆို ရှောင်ရှားသင့်တဲ့ အစားအသောက်တွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 06/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေး ယူတော့မယ်ဆို ရှောင်ရှားသင့်တဲ့ အစားအသောက်တွေ

    ကလေး ယူတော့မယ် လို့ စဉ်းစားတဲ့အချိန်မှာ ဘာကို အရေးကြီးဆုံးလို့ ထင်ပါသလဲ။ ကလေးရဖို့ သားဆက်ခြားနည်းကို ရပ်တန့်ထားဖို့လား၊ ဆရာဝန် သွားပြဖို့လား၊ အားဆေးတွေ သောက်ဖို့လား။ ဒါတွေ အကုန်လုံးဟာ အလေးထား လုပ်ဆောင်ရမယ့် အထဲတော့ ပါဝင်ပါတယ်။

    ဒါပေမယ့် အရေးကြီးဆုံး အချက်က မိခင်လောင်း ရဲ့ ကျန်းမာရေး နဲ့ အာဟာရ ပါပဲ။ ကိုယ်ဝန် ကို ဆောင်မယ့် မိခင်လောင်းရဲ့ ခန္ဓာကိုယ်က ရောဂါကင်းပြီး အားပြည့်နေရမှာပါနော်။ အားရှိအောင်၊ အာဟာရဓာတ်တွေ ပြည့်ဝအောင်၊ ကိုယ်ခံအား ကောင်းအောင် အစားကို အစုံစားရမယ် ဆိုပေမယ့် သတိထားရမယ့်၊ ကြိုရှောင်သင့်တဲ့ အစားအသောက် တွေ ရှိနေပါတယ်။ ဒီတစ်ခေါက်တော့ ကလေး ယူတော့မယ်ဆို ရှောင်ရှားသင့်တဲ့ အစားအသောက်တွေ က ဘာတွေ ဖြစ်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

    ကလေး ယူတော့မယ်ဆို ရှောင်ရှားသင့်တဲ့ အစားအသောက်တွေ

    ကလေး ယူတော့မယ်ဆို ရှောင်ရှားသင့်တဲ့ အစားအသောက်တွေ ကတော့

    (၁) အသွင်ပြောင်းဆီ ပါဝင်တဲ့ အစားအစာ

    ရှောင်ပါ လို့ဆိုပေမယ့်လည်း နေ့စဉ်အာဟာရ မှာ အပြီးအပြတ်ရှောင်ဖို့က ခက်ပါတယ်။ ကိုယ်ဝန် အတွက် မဟုတ်တဲ့ ပုံမှန်ကျန်းမာရေး အတွက်လည်း လုပ်သင့်တဲ့အချက်မို့ အတတ်နိုင်ဆုံး ကန့်သတ် စားသုံးတာကတော့ ကျန်းမာရေး အတွက် ဘေးအကင်းဆုံး ပါပဲ။

    ဆီများတဲ့ ကိတ်မုန့်တွေ၊ ဘီစကစ်တွေ၊ အာလူးကြော် တို့လို အသွင်ပြောင်းဆီ (Trans Fat) ပါဝင်တဲ့ အစားအသောက်တွေကို ကန့်သတ်စားသုံးသင့်ပါတယ်။ သုတေသနတွေအရ အသွင်ပြောင်းဆီ ပါဝင်တဲ့ အစားအသောက်တွေက အမျိုးသမီးတွေရဲ့ သန္ဓေအောင်နိုင်စွမ်းနဲ့ တိုက်ရိုက်ဆက်နွှယ်မှု ရှိတယ် လို့ သိရပါတယ်။ တစ်နေ့ကို အသွင်ပြောင်းဆီ ၂ ရာခိုင်နှုန်း ပိုစားရုံနဲ့ သန္ဓေအောင်နိုင်စွမ်းကို ၇၅ ရာခိုင်နှုန်း အထိ ထိခိုက်စေနိုင်ပါတယ်။

    (၂) အချိုများ၊ ကာဗိုဟိုက်ဒရိတ်များတဲ့ အစားအသောက်

    ကျန်းမာရေးနဲ့ ညီတဲ့ စားသောက်မှုပုံစံကို ရနိုင်ဖို့ အချိုများတဲ့ အစားအသောက်တွေနဲ့ ကာဗိုဟိုက်ဒရိတ်များတဲ့ အစားအသောက်တွေကို အကန့်အသတ်နဲ့ စားသောက်သင့်ပါတယ်။ ဒါပေမယ့် ကလေး ယူဖို့ ကြိုးစား နေတဲ့ အချိန်မှာတော့ ဒါတွေကို ရှောင်တာ ကောင်းပါတယ်နော်။

    သန့်စင်ထားတဲ့ သကြားနဲ့ ကာဗိုဟိုက်ဒရိတ်တွေ ပါဝင်တဲ့ အစားအစာတွေဟာ သူတို့ကို ထုတ်လုပ်တဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်အတွင်းမှာပဲ သန္ဓေအောင်နိုင်စွမ်းအတွက် အရေးပါတဲ့အာဟာရဓာတ်တွေကို ဆုံးရှုံးစေခဲ့တာမို့ပါ။ နောက်တစ်ချက်က သကြားနဲ့ ကာဗိုဟိုက်ဒရိတ် များနေတာက ခန္ဓာကိုယ်ထဲက အင်ဆူလင်ပမာဏကို မြင့်တက်စေမှာ ဖြစ်ပြီး မျိုးဥအိမ် ကို ထိခိုက်စေတဲ့အပြင် ကလေး ရနိုင်ခြေကို လျော့နည်းစေပါတယ်။

    (၃) ပဲပိစပ် နဲ့ ပတ်သက်တဲ့ အစားအသောက်

    ပဲပိစပ်က ကျန်းမာရေး အကျိုးကျေးဇူး များတာ လူတိုင်း သိကြပြီးသားပါ။ ဒါပေမယ့် ကလေး ရဖို့ ကြိုးစားနေတဲ့ မိခင်လောင်းတွေ အနေနဲ့ ပဲနို့ အပါအဝင် ပဲပိစပ်နဲ့ ပတ်သက်တာတွေကို သိပ်မစားသုံးသင့်ပါဘူး။ သူတို့မှာ ပါဝင်တဲ့ ဒြပ်ပေါင်းတချို့က အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်အတွင်း အက်စထရိုဂျင်ဟော်မုန်း နဲ့ အလားတူလုပ်ဆောင်ချက်တွေရှိနေတာ တွေ့ရပါတယ်။

    (၄) အယ်လ်ကိုဟော နဲ့ အချိုရည်တွေ

    ကလေး ယူဖို့ ကြိုးစားနေချိန်မှာ အရက်၊ ဘီယာ၊ ဝိုင် အစရှိတဲ့ အယ်လ်ကိုဟော တွေကို ရှောင်သင့်ပါတယ်။ ဒါ့အပြင် တာရှည်ခံပစ္စည်း၊ ဆိုးဆေး၊ အနံ့တု၊ သကြားအတု တို့လို ပါဝင်ပစ္စည်းများများနဲ့ ပြုပြင်စီမံထားတဲ့ အချိုရည်တွေကိုလည်း ရှောင်သင့်ပါတယ်။ ဒါတွေက ခန္ဓာကိုယ်ကို အဆိပ်အတောက်တွေ ဖြစ်စေပြီး တကယ်လိုအပ်နေတဲ့ အာဟာရဓာတ်တွေကို စုပ်ယူဖို့ ခက်ခဲသွားစေနိုင်ပါတယ်။

    (၅) အစိမ်း စားတဲ့ အစားအသောက်

    ဟင်းသီးဟင်းရွက် တွေကို အစိမ်းစားရင် သူတို့မှာ ပါတဲ့ အာဟာရဓာတ်တွေကို ပိုရနိုင်မယ်လို့ ယူဆကြပါတယ်။ ဒါပေမယ့် ကလေး ယူဖို့ ရည်ရွယ်ထားတဲ့ အမျိုးသမီးတွေ ပိုသတိထားသင့်တာက သေချာသန့်စင်ထားပြီး လတ်ဆတ်တဲ့ အစားအစာဖြစ်ဖို့ပါပဲ။ အသီးအရွက်တွေ၊ အသီးအနှံတွေကို သေချာသန့်စင်ရမှာဖြစ်ပြီး ပဲပင်ပေါက်၊ မုန်လာဥ တို့လို တချို့သော ဟင်းသီးဟင်းရွက်တွေမှာတော့ ဘက်တီးရီးယားတွေပါလာနိုင်ခြေ ပိုများတာကြောင့် အစိမ်းမစားတာကောင်းပါတယ်။

    (၆) မာကျူရီ ငါး

    မာကျူရီ နည်းတဲ့ ငါး ဒါမှမဟုတ် မာကျူရီ မပါတဲ့ ငါးတွေကို စားဖို့ ကိုယ်ဝန်ယူမယ့် မိခင်လောင်းတွေကို အကြံပြုကြပါတယ်။ မက်ခရယ်၊ တူနာ၊ ကမာ၊ ကျောက်ပုစွန် တို့လို ငါးနဲ့ ပင်လယ်စာတချို့ကို ရှောင်သင့်ပါတယ်။

    (၇) မကျက် တကျက် အစားအစာ

    ဥပမာ ကြက်ဥကာကျက် လိုမျိုး၊ အတွင်းပိုင်းသေချာမကျက်တဲ့ အသားကင် တို့လို သေချာမကျက်တဲ့ အစားအစာတွေကို ရှောင်သင့်ပါတယ်။

    ဒီလိုတွေ လုံလောက်တဲ့ အပူချိန်နဲ့ ကျက်အောင်မချက်ထားတဲ့ အစားအစာတွေကနေ အစာအဆိပ်သင့်စေတဲ့ Salmonella ဗိုင်းရပ်စ် ရရှိနိုင်ခြေများပါတယ်။ ဒီဗိုင်းရပ်စ်က ကိုယ်ဝန်ရရှိနိုင်ခြေကို တိုက်ရိုက် ထိခိုက်စေနိုင်ပါတယ်။

    ဒီလောက်ဆို ကလေး ယူတော့မယ့် မေမေလောင်းတွေ ဆင်ခြင်စားသုံးဖို့အတွက် အထောက်အကူ ဖြစ်မယ် ထင်ပါတယ်။ ဒါတွေ ဘာလို့ ဂရုစိုက်နေရလဲ ဆိုတော့ ကိုယ်ဝန် ဆောင်ဖို့ ကြိုးစားချိန်ဟာ ကိုယ်ဝန်ဆောင်ချိန် လိုပဲ ဂရုတစိုက်နဲ့ ကျန်းမာရေး စောင့်ရှောက်သင့်တဲ့ အရေးကြီးတဲ့အချိန်တစ်ခု ဖြစ်နေလို့ပါပဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 06/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement